မိုင်းရေ စီးရာ ဒေသတစ်လျှောက် သီးနှံ ထွက်နှုန်းကျ

0
566

ထားဝယ်မြို့ အရှေ့ဘက်ရှိ သတ္တုမိုင်းများမှ စွန့်ပစ်သည့် မြေစာ နှင့် ညစ်ညမ်း ရေများကြောင့် ချောင်း တစ်လျှောက်ရှိ ဥယျာဉ်ခြံများမှ သီးနှံများ အထွက်နှုန်း ကျဆင်း လျက်ရှိကြောင်း ယင်းချောင်း တစ် လျှောက် နေထိုင်သူများနှင့် ဥယျာဉ်ခြံ ပိုင်ရှင်များထံမှ သိရသည်။

ဝကုန်း၊ ဘ၀ပင်၊ မြောင်းပြို စသည့် ကျေးရွာများအပြင် ချောင်း တစ်လျှောက် ကျေးရွာများရှိ ဥယျာဉ် ခြံများတွင် အထွက်နှုန်း ကျဆင်း လာခြင်းဖြစ်ပြီး တချို့ခြံများတွင် အပင် များ သေဆုံးသည်အထိ ကြုံရကာ တချို့မှာ ပုံမှန်ထက် အထွက်နှုန်းထက် ဝက်ခန့်အထိ ကျလာသည်ဟု ၎င်းတို့က ရှင်းပြသည်။
ရေစီးကြောင်းများ ပြောင်းလဲလာ သည့်အတွက် ညစ်ညမ်းစွန့်ပစ် မိုင်းရေများနှင့် နှုန်းမြေများ ဥယျာဉ်ခြံ များအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဒေသခံအများစု စိုက်ပျိုးလေ့ရှိသော ကွမ်းသီး အထွက်နှုန်း ထက်ဝက်ခန့် ကျဆင်းလာကြောင်း ၀ကုန်းရွာမှ ဥယျာဉ်ခြံပိုင်ရှင်တစ်ဦးဖြစ်သူ ဦးအောင်အောင်က ပြောသည်။
ကွမ်းပင်တစ်ပင်သည် ပုံမှန် အားဖြင့် ကွမ်းသီးခြောက် ၄ ပိဿာ ခန့်ထွက်တော်လည်း လက်ရှိတွင် ၂ ပိဿာ ဝန်းကျင်သာ ထွက်တော့ သည်ဟု ဦးအောင်အောင်က ရှင်းပြ သည်။

mine-water

” သဘ၀ပင် သတ္တုမိုင်းကနေ စီးဆင်းလာတဲ့ နုန်းပါတဲ့ မြေနဲ့ရေတွေ စီးဆင်းလာလို့ ချောင်းနဘေး မှာရှိတဲ့ ကွမ်းသီးထွက်နှုန်း သိသိသာသာကျဆင်းသွားတယ်” ဟု ၎င်းက ဆိုသည်။
လွန်ခဲ့သည့် နှစ်နှစ်ခန့် ၂၀၁၂ ခုနှစ်မှ စပြီး ယင်းသို့ အထွက်နှုန်း ကျဆင်းလာသည်ဟု ချောင်းတစ် လျှောက် နေထိုင်သူများနှင့် ဥယျာဉ်ခြံရှင်များက ပြောသည်။
မိုင်းရေများနှင့် နုန်းမြေများကြောင့် အပင်များ ထွက်နှုန်းကျခြင်း သေဆုံးခြင်းမှာ နုန်းမြေလွှာ ဖုံးသွား သည့်အတွက် အပင်၏ အမြစ်များအတွက် လေဝင်လေထွက် အလုံအလောက် မရခြင်း၊ အစာစုပ်ယူမှုကို နှောင့်နှေးစေခြင်းတို့ကြောင့် ယင်းသို့ ထွက်နှုန်းကျခြင်းနှင့် သေဆုံး ခြင်း ဖြစ်သည်ဟု စိုက်ပျိုးရေး ဘာသာ ရပ်ကို လေ့လာဖူးပြီး ကိုယ်တိုင်လည်း စိုက်ပျိုးရေးလုပ်နေသည့် အသက် ၃၀ ကျော်အရွယ် ထားဝယ်မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
” မိုင်းရေရဲ့ အရည် အသွေးနဲ့ လည်း ဆိုင်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ သတ္တုမိုင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော နေရာများတွင် ဒေသခံများမှာ ချောင်းရေများကို အမှီပြု ၍ ဥယျာဉ်ခြံစိုက် သက်မွေး ဝမ်း ကျောင်း ပြုကြသည်။ သတ္တုမိုင်းမှ စွန့်ပစ်သည့် နုန်းမြေနှင့် မိုင်းရေ လွှမ်းမိုးခံရသော ဥယျာဉ်ခြံ များရှိ အပင်များ သေဆုံးလာသည့်အတွက် ခြံပိုင်ရှင်များက အတွင်းဖက် အနည်းငယ်ရွေ့ကာ စိုက်ပျိုးထားရပြီး ချောင်းရေများ မှာ အသုံးပြု၍ လုံးဝ မရတော့ကြောင်း ပေါက်တိုင်း ချောင်း ဖျားဒေသ ဖွံ့ဖြိုးရေးကော်မတီမှ အတွင်းရေးမှူး ဦးဖိုးနီက ဖွင့်ဟသည်။

သတ္တု တူးဖော်မှုလုပ်ငန်းများ ကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိ စေရေးအတွက် စွန့်ထုတ်အရည်၊ ထုတ်လွှတ် အခိုးအငွေ့ ၊ လေထု အရည်အသွေး၊ အသံတုန်ခါမှုနှင့် ဖုန်မှုန့် ပျံ့လွင့်မှု စံချိန်စံညွှန်းများကို သတ္တုတွင်းဝန်ကြီးဌာက သတ်မှတ်ထားပြီး ဖြစ်သော်လည်း သတ္တုမိုင်းလုပ်ငန်းလုပ်ကိုင်သူများက လိုက်နာမှု အားနည်းသည်။

ဟိန္ဒားသတ္တုမိုင်းမှ စွန့်ပစ်မြေစာ နှင့် ရေများ မြောင်းပြိုကျေး ရွာအတွင်း ရှိ လူနေအိမ်နှင့် ဥယျာဉ် ခြံအတွင်းသို့ စီးဝင်သောကြောင့် ထိခိုက်နစ်နာရမှုများကို တာဝန်ယူ မဖြေရှင်းပေးသည့်အတွက် မြောင်းပြိုဒေသခံများက မြန်မာပွန်ပီပက် ကုမ္ပဏီနှင့် အမှတ်(၂) သတ္တုတွင်း လုပ်ငန်းတို့ကို တရားစွဲဆို ထားသည်။
ဘ၀ပင်သတ္တုမိုင်းကို လုပ်ကိုင်လျက်ရှိသော Eastern Mining ကုမ္ပဏီ၏ B4 လုပ်ကွက်မှ စွန့်ပစ် မြေစာနှင့် ညစ်ညမ်းရေများသည် ဘ၀ပင်ချောင်းမှ ဟိန္ဒားချောင်းသို့ လည်းကောင်း၊ ဟိန္ဒားသတ္တုမိုင်းမှ လုပ်ကွက် ဃ မှ ထွက်ရှိလာသော နုန်းမြေနှင့် ရေများနှင့် ဘ၀ပင်မှ စီဆင်းလာသော နုန်းမြေနှင့် ရေများ ပေါင်းကာ မြောင်းပြိုချောင်း၊ ခမောင်း သွယ်ချောင်းမှတဆင့် တနင်္သာရီမြစ် အတွင်းသို့ စီးဆင်းသည်။

ဘ၀ပင် သတ္တုမိုင်း၏ လုပ်ကွက် B4 နှင့် စွန့်ပစ်မြေစာစုပုံသည့် သံတောင်တို့ စီးဆင်းလာသော နုန်းမြေနှင့် ရေများသည် ရေဖြူချောင်း၊ ၀ကုန်း ချောင်းနှင့် ချောင်းတစ်လျှောက်ရှိ သတ္တုမိုင်းများမှ ထွက်ရှိလာသော နုန်း မြေနှင့် ရေများပေါင်းကာ ပေါက်တိုင်း ချောင်းမှတဆင့် ထားဝယ်မြစ်အတွင်းသို့ စီးဆင်းသည်။