ဗြတ်စာအတွေး ဗြတ်စာအရေး

0
497

ခုတစ်လော ဗြတ်စာတွေးနေမိတာ တစ်ခုရှိတယ်ဗျ။ ပညာပေး ဟောပြောပွဲတွေ အကြောင်းပါ။ ပညာပေးဟောပြောပွဲတွေကို ဗြတ်စာတော့ ငယ်ငယ်လေးကတည်းက ကြုံခဲ့ရတာ ခုလူလတ်ပိုင်းဖြစ်တဲ့အထိပဲခင်ဗျ။


ပညာပေး ဟောပြောပွဲအတော်များများက အရေးကိစ္စတစ်ခုကြုံလာတိုင်း လက်ပူတိုက် ဟောပြောကြတာများတယ်လို့ သတိထားမိပါတယ်။ ဒါကြောင့် ပညာပေးဟောပြောပွဲတွေနဲ့ ပတ်သက်လာရတော့ တွေးမိတာလေး ပြောပြချင်တာပါ။ဗြတ်စာတို့ မြို့က အခြေခံပညာကျောင်းတွေရော၊ အဆင့်မြင့်ပညာလို့ ခေါ်ရမယ့် တက္ကသိုလ်၊ ကောလိပ်တွေမှာ ခုရက်ပိုင်းတွေအတွင်း ပညာပေး ဟောပြောပွဲတွေဆက်တိုက်ပြုလုပ်လာပါတယ်။ ဒါကလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက သူတို့ စီမံချက်ပါ သတ်မှတ်ရက်တွေအတိုင်း ပြုလုပ်ရတာဖြစ်လို့တိုက်ဆိုင်တာလည်း ဖြစ်နိုင်ပါတယ်။

ဒီပညာပေး ဟောပြောပွဲတွေကလည်း ဗြတ်စာတို့ လူမှုပတ်ဝန်းကျင်မှာ အမှန် တကယ်လိုအပ်တာမို့ အကျိုးတစ်စုံတစ်ရာရှိတယ်လို့ပဲ ဗြတ်စာခံယူပါသဗျ။ ပညာပေးသူတွေ၊ ဟောပြောသူတွေကလည်း သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေရဲ့ တာဝန်အရ ဆိုပေမယ့် စေတနာလေးတွေနဲ့ ဖြည့်စွက်ပြောပြလို့ ကျေးဇူးတင်ရပါ တယ်။ ဗြတ်စာတွေ့ရတဲ့ တက္ကသိုလ်ကြီးတစ်ခုမှာတော့ ပညာပေး ဟောပြောပွဲတွေကို သုံးရက်ဆက်တိုက်တောင် ကျင်းပသွားတာမို့ ဗြတ်စာတွေးမိသွားတာပါ။ ကျောင်းသား တွေခမျာ ပညာတွေပဲ အပေးခံနေရတာပါလားလို့လေ . . .။ အခြားတက္ကသိုလ်တွေမှာ လည်း ထိုနည်းလည်းကောင်း ဖြစ်မှာ မြေကြီးလက်ခတ်မလွဲပေါ့။

ပညာပေး ဟောပြောပွဲအတော်များများက နားထောင်သူအဆင့်နဲ့ပဲ ပြီးနေကြ တာကများပြီး ပြန်လည်ဆွေးနွေးမှုအဆင့်တွေ အားနည်းနေသေးတာသတိပြုမိပါတယ်။ ဒါကလည်း နားထောင်သူတွေရဲ့ ဝမ်းစာနဲ့ဆိုင်သလို မေးမြန်းဆွေးနွေးတဲ့အလေ့အကျင့် တွေရှိနေဖို့လည်း လိုအပ်တာပါ။ နောက်တစ်ခုက ကျောင်းတွေရဲ့ဝန်းကျင်မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဟောပြောပွဲ၊ မူးယစ်ဆေး အန္တရာယ်၊ လူကုန်ကူးကိစ္စ..စတဲ့အကြောင်းအချက်တွေက အရေးကြီးသလို  ကျောင်းသားတွေဘက်က အရေးကြီးတဲ့ ကျောင်းသားရေးရာ၊ သင်ကြားသင်ယူမှုရေးရာ ကိစ္စရပ်တွေအတွက် ဆွေးနွေးမှု တွေကိုလည်း တာဝန်ရှိသူတွေဘက်က ပြန်လည်နားထောင်တဲ့ ဆွေးနွေးဟောပြောပွဲတွေ လည်း ပြုလုပ်သင့်တယ်လို့ ဗြတ်စာတွေးမိပါတယ်ခင်ဗျ။

အချို့သောတက္ကသိုလ်တွေမှာကျောင်းသားရေးရာ ကိစ္စရပ်တွေဆွေးနွေးဖို့ ဌာန ဖွင့်လှစ်ထားတယ်လို့ ဆိုပေမယ့် ကာယကံရှင်ကျောင်းသားတွေဘက်က သိရှိသူနည်း တဲ့အပြင် တာဝန်ရှိသူတွေဘက်ကလည်း အလေးအနက်ထား ဆောင်ရွက်တာမျိုး သိပ်မတွေ့ရဘူးခင်ဗျ။
တကယ်တော့ ဒီလိုဌာနမျိုးလေးတွေကနေ ဦးဆောင်ဦးရွက်ပြုပြီး ကျောင်းသား တွေနဲ့ ပူးပေါင်းကာ ကျောင်းသားတွေရဲ့အသံကို နားထောင်နိုင်ဖို့ ဟောပြောပွဲတွေလည်း လုပ်စေချင်ပါတယ်။

ဒီလိုဆွေးနွေး ဟောပြောပွဲတွေမှာတော့ဒေသဆိုင်ရာအာဏာပိုင်တွေ၊ တက္ကသိုလ် အသီးသီးက တာဝန်ရှိသူတွေ၊ ဆရာ၊ ဆရာမတွေက နားထောင်သူတွေအဖြစ်ရှိ ပြီး ကျောင်းသားတွေကတော့ဆွေးနွေးမေးမြန်းသူတွေ၊ ရင်ဖွင့်သူတွေအဖြစ်ရှိနေ စေချင်တာပါ။ ဒါဆို ကျောင်းတွေမှာ (အထူးသဖြင့်) ကျောင်းသားတွေရဲ့ လိုအပ် ချက်လေးတွေ ပြင်ဆင်ဖြည့်ဆည်း    ပေးနိုင်ကြလိမ့်မယ်လို့ ဗြတ်စာယူဆပါတယ်။
ဒါ့အပြင် နောင်အနာဂတ်မှာ ကျောင်းသားတွေ မျှော်မှန်းနေကြတဲ့အခင်း အကျင်းမျိုးကိုလည်း လေ့ကျင့်ပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ နုနယ်တဲ့အတွေ့ အကြုံတွေကနေ ရင့်ကျက်တဲ့ အနေအထားတစ်ခုရဖို့ ခင်းကျင်းပေးရမယ့် တာဝန်က တာဝန်ရှိသူတွေရဲ့ အပိုင်းပါ။
ဒါကြောင့်လည်း ပညာတွေပဲ အပေးခံနေရတဲ့ သူတွေဆီကနေ ပြန်လည် နားထောင်ပြီး ပညာတွေ ပြန်ခံယူတတ်စေဖို့ ဗြတ်စာတိုက်တွန်းလိုက်ပါရစေဗျာ။