အပယ်ခံ ရင်ကွဲရွာ

0
937

” တောရှည်ရွာမှ လှိုက်လှဲစွာ ကြိုဆို ပါ၏”
သားနားလှတဲ့ ရွှေရောင်ကွန့် ကျောက်တိုင် ဆိုင်းဘုတ်လေးက ရွာကလေးထက် ခိုင်ခံ့ ထည်ဝါနေ၏။ ဤဆိုင်းဘုတ်လေး ရေရှည်ရပ်တည်မှု အတွက်ကိုတော့ စိန်ခေါ်ချက်ပေါင်းများ စွာ ရင်ဆိုင်နေရဆဲ..။
တောရှည်..၊

ထားဝယ်မှ နာမည်ကျော် မောင်းမ ကန်ကမ်းခြေ သွားရာ ကျယ်ဝန်း ရှင်း သန့်လှသော လမ်းမပေါ်က ” သမ္မတ မသိတဲ့ ရွာ။”
ရွာခေါင်းပေါ်မှ ဖြတ်သွား သော မဟာဓာတ်အားလိုင်းကြီးကို ဖယောင်းတိုင်လေးကိုင်ပြီး ငေး မောနေရသည့် ရွာလေးက ပြည်ထဲရေး အမည်မပေါက်သေး။

” တောရှည်ရွာ ဆိုတာ မရှိဘူး၊ ဒါ ရော်ဘာ ခြံအလုပ်သမား စခန်းပဲ ”
” နားလည်မှုနဲ့ ယာယီ ပေးနေထား တာပဲ ရှိတယ်”
” တစ်နေ့ကျရင် မင်းတို့အားလုံး ဖယ်ပေးရမယ်”
ထိုအသံများ ဤရွာလေးတွင် လွင့်ဝဲ နေတတ်သည်မှာ ရွာသားများ အတွက် မဆန်းတော့။ ကားလမ်းမ တစ်ဖက် တစ်ချက်တွင် အိမ်ကလေးများ စီတန်းနေသော ရွာကလေးအား ထား ဝယ်မြို့ခံ ခြံပိုင်ရှင်နှစ်ဦး၏ ပိုင်ဆိုင် မှုတို့ဖြင့် ယခင်ကတည်းက ရောယှက် ဆက်နွယ် နေခဲ့၏။
တိုင်းအတွင်းရှိ ပြည်ထဲရေး အမည် မပေါက်သေးသော သမ္မတ မသိတဲ့ရွာ များစွာကို အစိုးရ၏ဖွံ့ဖြိုး ရေး စီမံကိန်းများ မျက် ကွယ်ပြု သွားတတ် သည်မှာ မဆန်း။
သို့သော်..၊ ဤရွာလေး၏ ထူးခြား ချက်မှာ အိမ်ခြံ မြေပိုင်ဆိုင်မှုနှင့်တကွ ရွာတစ်ရွာအဖြစ် အသိအမှတ်ပြု ရပ်တည်နိုင်မှုကိုပင် ခြိမ်းခြောက်ခံ နေရသော နာတာရှည် အိပ်မက်ဆိုး တစ်ခု စွဲကပ်ခံထားရခြင်း ဖြစ်လေ၏။

ဂ ဂ ဂ ဂ ဂ
ရွာဦး ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ ဥာဏ်တော်မမြင့်လှသော စေတီလေးဆီမှ ဆည်းလည်းလေးများ တိုးတိတ်တိတ်သာ အသံထွက်၏။
” ဥူးဇင်းတို့ ဒီရွာစရောက်တုန်း ကဆို လမ်းဘေး တစ်ဖက်တစ်ချက်မှာ တောရိုင်းတွေပါ။ ခုတ်ထွင် ရှင်းလင်းပြီး အိမ်ဆောက် ကြရတာ၊ တောင်ပေါ်မှာ ယာတွေခုတ်ပြီး ဥယျာဉ်ခြံတွေလည်း တစ်နိုင်တစ်ပိုင် လုပ်ခဲ့တာပေါ့”
taw-shae-village
ဆွေးမြေ့စ သစ်သားကျောင်းဆောင် လေးပေါ်တွင် သီတင်းသုံးနေသော သက်တော် ၇၀ ကျော် ဦးပဉ္စင်းကြီး ကတော့ တည်ကြည် ရှင်းလင်းစွာ မိန့် ပါသည်။
” လူဘ၀ တုန်းကလည်း သူတို့ ဆီမှာ အလုပ် မလုပ်ဖူးဘူး၊ သူတို့က သူ့အလုပ်သမားနဲ့သူ လာကြတာ။ ရွာနဲ့ တစ်မိုင်လောက် အကွာမှာ သူတို့ပိုင် ရော်ဘာရုံတွေ ရှိတယ်၊ သူတို့ အလုပ်သမားတွေကို အဲဒီမှာပဲထားတယ်”
သူ အပါအဝင် ရွာသားတချို့သည် ခေတ်ဆိုးစဉ်က တိုင်းပြည် လိုအပ်ချက် အရ (၂၅)၊ (၁၀၄)တပ်ရင်းများ လက် အောက်၌ ပြည်သူ့စစ် တာဝန်ကို ကြည် ဖြူစွာ ထမ်းဆောင်ဖူးကြောင်း ဦးပဉ္စင်းကြီးက ထောက်ပြ၏။

” ပြည်သူ့စစ်တာဝန် နှစ် ၂၀ တိုင်တိုင် ကျေပွန်အောင် ထမ်းဆောင် ခဲ့တဲ့ ရွာသားတွေက တစ်ပါးသူရဲ့ ခစား လုပ်သားများ ဖြစ်နိုင်စရာ မရှိ ဘူးလေ..”
ထိုတာဝန်ထမ်းခဲ့စဉ် အမှတ်တရ ရိုက်ကူးထားသော ဓာတ်ပုံလေးများက အရောင်လွင့်ပြယ်စပြုနေပေမဲ့ ရွာသား များက တယုတယ သိမ်းထားဆဲ။

ရွာလယ်ရှိ လူ ၈ ဦး ဖက်ခန့် ရှိသော သစ်တိုပင်ကြီးအား အစွဲပြု၍ ယခင်က ဤရွာအား ” သစ်တိုပင်စခန်း” ဟု ခေါ်ခဲ့ကြကြောင်း ဘိုးဘွားများမှ တဆင့် သိခွင့်ရခဲ့သည်ဟု သက်တော် ၅၀ ရှိ ထိုရွာဇာတိ ဥူးပညာဇောတမှ မိန့်ဆို၏။

” သစ်တိုပင်ကြီးရဲ့ သက်တမ်းကို တော့ မမှန်းရဲဘူး၊ အခုတော့ ခုတ်လှဲပြီး အဲဒီနေရာမှာ မီးသတ်ရုံး ဆောက်လိုက်ပြီ လေ..” ဟု ဥူးပညာဇောတက မိန့် ဆိုပါသည်။
ရွာဦးကျောင်းဝင်းအတွင်းမှ တစ်ညီ တစ်ညွတ်တည်းသော အသံတစ်ခု ဆည်းလည်းသံနှင့် ရောယှက်ထွက်ပေါ် လာသည်။
” ရော်ဘာခြံကြီးတွေရှိလို့ တောရှည် ရွာ ဖြစ်လာတာ မဟုတ်ဘူး၊ မယုံရင် တစ်ရွာလုံး ခေါ်မေးကြည့်..”

ဂ ဂ ဂ ဂ ဂ
သီးပင်စားပင်ကြီးများဖြင့် စိမ်းစို နေသော ဤရွာတန်းရှည်လေးတွင် အိမ်ထောင် ၁၂၀ကျော်နှင့် အိမ်ခြေ ၁၀၀ နီးပါး ရှိနေပြီး ထားဝယ်-မောင်း မကန် အရှေ့အနောက် ကားလမ်းမကြီးက ရွာ၏ရင်ကို ထက်ခြမ်း ခွဲထားပါသည်။ ထို့အတူ ကံကြမ္မာကလည်း ရွာကို ထက်ခြမ်း ခွဲထားပါသည်။

” သိန်း ၃၅၀ လာပေးထားတယ်၊ ဒီထက်ပိုရမှ ရောင်းမယ်”
ကားလမ်းမ တောင်ဘက်ခြမ်းတွင် မုန့်ဆိုင်ရောင်းနေသော အမျိုးသမီးကြီးက ဆိုင်နဘေးရှိ လမ်းအဖွင့် ပေ ၆ဝ x ၁၇၀ ရှိသည်ဆိုသော မြေကွက်ကို လက်ညှိုး ထိုးပြကာ ပြောသည်။

ဤတောင်ဖက်ခြမ်းမှ အိမ်နှင့် မြေတို့မှာ ခေတ်အလိုက် ဈေးကစား နေတတ်သည်။ အိမ်ခြံမြေ တချို့တွင်
” ကွင်းအမည် ကြေးတိုင်ပြင်၊ ဦးပိုင်အမှတ်- ( N )” ဟူသော မြေခွန် ပြေစာများ ပိုင်ဆိုင်ထားကြသည်။
ယခင်က ဤတောင်ဘက်ခြမ်းအား ပိုင်ဆိုင်ခဲ့ဖူးသည် ဆိုသော သူဌေး တစ်ဦးနှင့် ဤဘက်ခြမ်း ရွာသား များအကြား ပြေပြစ်သော ဆက်ဆံရေးကို တည်ဆောက် နိုင်ခဲ့ကြဟန်တူ၏။

ကားလမ်းမ မြောက်ခြမ်းရှိ ဖွင့်လှစ်စ မူလတန်းကျောင်းလေးတွင်ကား အဖြူအစိမ်းလေးများ ပူပင်သောက ကင်းစွာ ပြေးလွှား ဆော့ကစားနေကြ၏။
ထိုဘက်ရှိ အိမ်ထောင်စုများတွင်မူ အိမ်ခြံမြေ ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အထောက်အထားဆို၍ စာရွက်တို တစ်ချပ်ပင် မရှိ။
တရားဝင် မဖြစ်သေးသော သူတို့၏ လက်ရှိနေထိုင်မှုအား အမြဲပင် ခြိမ်းခြောက် ခံနေရသော အခြေအနေ အောက်တွင် သူတို့၏ အိမ်ယာ ပိုင်ဆိုင် နေထိုင်ခွင့်အား နောင်မျိုး ဆက်များ အမွေအဖြစ် ဆက်ခံနိုင်ရန်ပင် မရေရာသေး။

” တောရှည် ရွာ၏ ရွာမြေ (၈.၆၁)ဧက၊ လယ်မြေ (၂.၄၀)ဧက၊ သာသနာ၊ အများပိုင်မြေ (၇.၄၄)ဧက၊ စုစုပေါင်း (၁၈.၄၅)ဧက ” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၏ ၂၀၁၄ ခုနစ်တွင် ထုတ်ပြန်သော အမိန့်ကြေညာစာတွင် ပါရှိသော်လည်း ဘယ်အိမ်၊ ဘယ်နေ ရာတွေကို ရည်ညွှန်းသည်ကို ရွာသား များ မပြောတတ်။

လမ်းမြောက်ဘက်မှ အသက် ၈၇ နှစ် ရှိပြီဖြစ်သော တောရှည်ရွာဖွား ဦးလှိုင်ရွှေက တိုးသက် တုန်ချိစွာ စကားဆိုသည်။
” ငါ လူမှန်း သိတတ်စမှာ အိမ် ၂၀ လောက် ရှိတယ်၊ ခြံထဲက မင်းဂွတ် ပင်ကြီးကို ပြပြီး သူ ကလေးဘ၀က ဒီအပင်မှာ ပုခက်စီး ခဲ့တဲ့ကြောင်း အဖေက ပြောခဲ့တယ်၊ ဒါဆို ဒီရွာရဲ့ သက်တမ်း မင်းတို့ တွက်ကြည့်”

အနီးအနား ရွာကြီးများမှ ပြောင်း ရွှေ့လာကြပြီး ဥယျာဉ်တည်၊ ယာခုတ်၊ လယ်လုပ်ရင်း အသက်မွေးခဲ့ကြသော ရွာ၏သက်တမ်းမှာ ၁၅၀ ကျော်လေပြီ။
ဦးလှိုင်ရွှေနှင့် ရွာသားများမှ တက်ညီ လက်ညီ စုပေါင်းလက်မှတ်ထိုး တောင်းဆိုချက်အရ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၏ ကြိုးပြင်ကာကွယ်တောမြေ အဖြစ်မှ ပယ်ဖျက်ခြင်း အမိန့် (မူကြမ်း)တစ်စောင် ရောက်ရှိလာသည်မှအပ ပိုင်ဆိုင်မှုကိစ္စများ မရှင်းလင်းသေး။

ရွာသားများထံတွင်တော့ သေချာ သော ယုံကြည်ချက်တစ်ခုတော့ ပိုင်ဆိုင် ထားပါသည်။
” ငါတို့က လမ်းဘေးမှာ နေတာ၊ ရော်ဘာခြံရှင် ဦးသန်းဆွေ ပိုင်းခြား ထားတာက အိမ်နောက်ဖေးမှာ ကျောက် တိုင်တွေ စိုက်ထားတယ်”
မောင်းမကန်သွား ကားလမ်းမကြီး ကျယ်ကျယ် လာသည်နှင့်အမျှ ရွာ လေးက ကျဉ်းကျဉ်းသွား၏။ ထားဝယ်မှ ခြံပိုင်ရှင်က လွန်ခဲ့သောနှစ်တွင် ကား လမ်းမစပ်မှ တောင်ဘက် ပေ ၇၀ နီး ပါး အကွာ၌ မှတ်တိုင်တန်းကြီး စိုက် ထူခဲ့သည်။ အိမ်ကလေးများကတော့ ထိုတိုင်တန်းနှင့် ကားလမ်းနဘေး ရေမြောင်းကြီးများ ကြားတွင် မလှုပ်သာ မယှက်သာ။

ဦးလှိုင်ရွှေကတော့ သူ၏ နောက် ဆုံး အချိန်များကို တရားဝင် ရှင်သန် နေထိုင်လိုကြောင်း ရင်ဖွင့်ပါသည်။
” အခြားရွာက လူတွေလို အစိုးရကို မြေခ ပေးပြီး နေချင်တယ်၊ ကိုယ့်ပိုင်ခြံ ရှိချင်တယ်၊ ခြံတွေ ဥယျာဉ်တွေလည်း တရားဝင် အငှားလက်မှတ်နဲ့ လုပ်စား ချင်တယ်”
တို့အတူ ရွာသူရွာသား အားလုံး၏ ဆန္ဒကို ဒေါ်လှမြင့်က ရဲရင့်ပြတ်သားစွာ ဖွင့်ဟလာသည်။
” ကိုယ့်ရွာ ကိုယ့်ဒေသ ကိုယ့်ပိုင် ဆိုင်မှုကို တိတိကျကျ လိုချင်နေကြတယ်”
ဦးဘသိန်း၊ ကိုရဲလွင်နှင့် ရပ်မိ ရပ်ဖများက တတ်စွမ်းသမျှ ကြိုးစားနေ ကြ၏။

” ရွာရဲ့ အထောက်အထားတွေအရ၊ လက်ရှိ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေအရ ရွာ သား အားလုံးဟာ သူနေတဲ့မြေ သူ့ အိမ်ယာ သူပိုင်ဆိုင်သင့်တယ်၊ တာဝန် ရှိသူတွေ မကြာခင် လာရောက် ဖြေရှင်း ပေးလိမ့်မယ် လို့လည်း မျှော်လင့်တယ်” ဟု ကိုရဲလွင်က ခိုင်မာသော ယုံကြည် ချက်ဖြင့် ပြော၏။

သို့သော်..၊ စိန်ခေါ်မှုပေါင်း များစွာ ကို အားနှင့်မမျှ ခါးစည်းခံနေရသော ဤရွာလေးတွင် မှီတင်းနေထိုင်ကြသည့် မျိုးဆက်သစ် လေးများ၏ အနာဂတ်နေ့ ရက်များက လင်းလက်တောက်ပမှုနှင့် ဝေးကွာနေဆဲ။
ဆယ်ကျော်သက်လေး မောင် ရာဇာဦးကတော့ ရွာကို ဖြတ်သွားသည့် ဓာတ်အားလိုင်း ကြီးကို မော့ကြည့်ကာ မျှော်လင့်ချက်များ မှေးမှိန်လျသော မျက်လုံးများဖြစ် စကားဆိုသည်။
” လျှပ်စစ်မီးရှိမှ ဖုန်းတို့ အင်တာ နက်တို့ ကောင်းကောင်းသုံးလို့ ရမှာ လေ၊ ကျုပ်တို့ရွာကို ဓာတ်တိုင်ကြီးတွေ ဖြတ်သွားပြီးမှ တစ်ခြား ရွာတွေလို မီး မရဘူးဆိုတော့ အရမ်း ဝမ်းနည်းမိတယ်၊ ကျုပ်တို့ တောရှည်ရွာလေးက တကယ့် ကို အပယ်ခံပါဗျာ..”