ဘုရားကိုင်ချောင်းကို နှစ်ကုန်အပြီး ကျောက်စီမည်

0
510

မြိတ်မြို့နယ်ရှိ နယ်မြေသုံးခုကြားရှိ ဘုရားကိုင်ချောင်းရိုး တစ်လျှောက် ဝဲယာဘက်များကို ယခုနှစ်ကုန် အပြီးသတ် ကျောက်စီမည် ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဇွန်လ နောက်ဆုံးအပတ်ကစပြီး လုပ်ငန်းစတင်နေပြီး တနင်္သာရီတိုင်း ဒေသကြီး ရေအရင်းမြစ်နှင့် မြစ် ကြောင်း ထိန်းသိမ်းရေး ဦးစီးဌာန၏ ရန်ပုံငွေ ကျပ်သိန်း ၈၀၀၀ ဖြင့် ပြုလုပ်ခြင်းဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။
အဆိုပါ ဘုရားကိုင်ချောင်း အတွင်းသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် မှုနေပြီး ချောင်းနံဘေးများတွင် နေအိမ် တစ်ချို့နှင့် ငါးလှန်းစင်များ ဝင်ရောက် ဆောက်လုပ် ထားခြင်းတို့ကြောင့် တဖြည်းဖြည်း ချောင်းတိမ်ကော ပပျောက် လျက် ရှိသည်။
” ချောင်းနံဘေး ကပ်ဆောက် ထားတဲ့ ငါးလှန်းစင်နဲ့ အိမ်တွေက ကျူးကျော်တွေပါ ပိုင်ဆိုင်အထောက် အထားမရှိကြဘူး” ဟု အထက်ပါ တာဝန်ရှိ သူက ဆိုသည်။
ဘုရားကိုင် တံတားအောက် ဘက်ပိုင်းမှ စတင်ပြီးလုပ်ငန်း စတင် မည်ဖြစ်ကာ အထက်ဘက်ပိုင်းဖြစ် သည့် ပါရမီနှင့် ကန်စွန်းအင်းရပ်ကွက်များကို ဆက်လက်လုပ်ကိုင်သွားမည်ဟု သိရသည်။

” စည်ပင်က လုပ်ငန်းစတင်နေပေမယ့် အိမ်ဘက်ကို မရောက်လာသေးပါဘူး၊ ဖြိုပေးရမယ့် အိမ်ထဲမှာပါ၊ မပါမသိရသေး ဘူး၊ သူများတွေလည်း ဖြိုပေးနေတာ ကိုယ်လည်း ဖြိုပေးမှာပေါ့” ဟု ဘုရားကိုင် ချောင်းအောက်ဘက်ပိုင်းရှိ ကြောင်ငယ် ရပ်ကွက်မှ ချောင်းနံဘေးနေထိုင်နေသူ တစ်ဦးက ပြောသည်။
ချောင်းအရှည် တဘက်ကို ပေ ၄၅၀၀နှင့် နှစ်ဘက်ကို ပေ ၉၀၀၀ ကျော်၊ အကျယ် ပေ ၂၀ မှ ၃၀ ကြား၊ အမြင့် အောက်ခြေမှ ၁၀ ပေ အထိ ကျောက်တန်း စီဆောင်ရွက် သွားမည်ဟု သိရသည်။

ဘုရားကိုင်ချောင်းသည် ကန်ဖျား နယ်မြေ၊ မြိတ်တောင်နယ်မြေ၊ အလယ် ကျွန်းနယ်မြေတို့ကြားရှိ ချောင်းတစ်ခု ဖြစ်ပြီး ချောင်းမတိမ် ကာစေရန်နှင့် ရပ်ကွက်များ ဒီရေ လွှမ်းမှု မကြုံရစေရန် ကျောက်တန်း စီခြင်းဖြစ်သည်ဟု မြို့နယ် စည်ပင်မှ ပြောသည်။