မလေးရှားနိုင်ငံသားများ မောင်းလာသည့် ရဟတ်ယာဉ်ငယ် ကံပေါက်တွင် အရေးပေါ် ဆင်းသက်

0
413
ဓါတ်ပုံ - တင့်လွင်

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် မလေးရှားနိုင်ငံသား များ မောင်းနှင်လာသည့် ရဟတ်ယာဉ်တစ်စင်း ရာသီဥတု အခြေအနေကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း ကံပေါက် ဒေသခံ တချို့ထံမှ သိရသည်။

တိုတယ် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းနှင့် ဇောတိက သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ ၅၈.၅ ကီလိုမီတာ နေရာ၌ ဇွန်လ ၂၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲခန့်က ယင်းသို့ အရေးပေါ် ဆင်းသက်ခဲ့ ရခြင်းဖြစ် ကြောင်း သိရသည်။
ယင်း ရဟတ်ယာဉ်ငယ်တွင် မလေးရှားနိုင်ငံသား ယာဉ်မောင်း ၂ ဦး နှင့် အင်ဂျင်နီယာ ၁ ဦး လိုက် ပါလာ ကြောင်း အထက်ပါ ဒေသခံများက ပြောသည်။
” ပါလာတဲ့သူတွေ တစ်စုံတရာ ထိခိုက်ဒဏ်ရာ မရဘူး၊ မြေပြင် အမှတ်အသား ကြည့်ပျံ သန်းခြင်း (Ground test flight) လုပ်တာ ဖြစ်နိုင်တယ်” ဟု ကံပေါက် ဒေသခံ တစ်ဦးက ခန့်မှန်းသည်။malay-air
မြေပြင် အမှတ်အသားကြည့် ပျံသန်းခြင်းသည် ရာသီဥတု ကောင်းသည့် အချိန်တွင်သာ ပျံသန်းလေ့ရှိပြီး လေကြောင်း လမ်းပြလည်းပါရသည်ဟု ကြား ဖူးသော်လည်း ယခုကဲ့သို့ တစ်စီး တည်း ပျံသန်းလာသည့်အပေါ် မေးခွန်း ထုတ်စရာဖြစ်နေသည်ဟု အထက်ပါ ကံပေါက်ဒေသခံက ဝေဖန်သည်။
ယင်းဒေသတွင် သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီများမှ အသုံးပြု သည့် ရဟတ်ယာဉ်များပျံသန်း ဆင်းသက်လေ့ ရှိသော်လည်း ယခု ဆင်းသက်ရသည့် ရဟတ်ယာဉ် ငယ်သည် အဆိုပါ ကုမ္ပဏီ များမှ မဟုတ်ဟု တိုတယ်ကုမ္ပဏီမှ ဝန်ထမ်း တစ်ဦးက အတည်ပြုသည်။
ယင်း ရဟတ်ယာဉ်ငယ်သည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ မြိတ်မြို့၊ ထားဝယ်မြို့များသို့ ပျံသန်းလာပြီး ထားဝယ်လေဆိပ်တွင် ဆီဖြည့်ကာ ရန်ကုန်သို့ ဆက်လက် ပျံသန်းစဉ် ရာသီဥတု အခြေအနေကြောင့် ကံပေါက် ဒေသတွင် ဆင်းသက် ခဲ့ရခြင်းဖြစ်ကြောင်း ထားဝယ် လေဆိပ်မှ တာဝန်ရှိသူက ပြောသည်။
သို့သော် မည်သည့် ကုမ္ပဏီမှ လေယာဉ်ဖြစ်ပြီး မည်သည့် ကိစ္စဖြင့် လာရောက်သည်ကို မသိရကြောင်း ၎င်းက ပြောဆိုသည်။
ယင်းရဟတ်ယာဉ်ငယ်မှာ ဇွန်လ ၂၉ရက်နေ့ နံနက် ၇နာရီ ခန့်တွင် ပြန်လည်ပျံသန်း ထွက်ခွာ သွားသည်ဟု ဒေသခံများထံမှ သိရသည်။