ကိုယ်သမိုင်း ကိုယ်ရေးတဲ့ နေ့

0
725

အားလုံး သိကြတဲ့အတိုင်း ၂၀၁၅၊ ဇွန်လ (၂၅)ရက်နေ့၊ ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ် မြောက် အစည်းအဝေး (၆၄) ရက် မြောက်နေ့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ့် ဥပဒေမူကြမ်းကို လျှို့ဝှက် မဲပေးစနစ်နဲ့ မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလို မဲခွဲဆုံးဖြတ်ကြတဲ့အခါ ပြည်သူ တစ်ရပ်လုံးက အဓိက ပြုပြင်စေချင်တဲ့ ပုဒ်မ ၄၃၆နဲ့ ပုဒ်မ ၅၉(စ) ကို လုံလောက် တဲ့ ထောက်ခံမဲ မရလို့ ပြင်ဆင် ခွင့်မရဘဲ ပုဒ်မ ၅၉(ဃ) တစ်ခုတည်းသာ ထောက်ခံမဲ အလုံအလောက်ရရှိလို့ ပြင်ဆင်ဖို့ အတည်ပြု နိုင်ခဲ့ပါတယ်။

ကျွန်တော် အမှတ်မမှားဘူးဆိုရင် ပြီးခဲ့တဲ့နှစ်က NLD ပါတီနဲ့ ၈၈မျိုး ဆက်တွေ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ကို ပြင်ဆင်ပေးဖို့ တစ်နိုင်ငံလုံးအနှံ့ စည်းရုံး လှုံ့ဆော်ခဲ့ကြပါတယ်။ ဒေသ အာဏာပိုင် တွေ နည်းအမျိုးမျိုးနဲ့ တားဆီးနေတဲ့ ကြားက ဟောပြောပွဲတွေ ပြုလုပ်ခဲ့ကြ သလို မော်တော်ကားတွေ၊ ဆိုင်ကယ်တွေ မှာလည်း စတစ်ကာ လေးတွေကပ်ပြီး ပုဒ်မ ၄၃၆ကို ပြင်ဆင် ပေးဖို့ လှုံ့ဆော်ခဲ့ ကြပါတယ်။
history-soe-nge-2
အခုလိုစည်းရုံး လှုံ့ဆော်ခဲ့ကြလို့ တစ်နိုင်ငံလုံးက တစ်ခဲနက် လက်မှတ် ဝိုင်းထိုးလိုက်ကြတာ လက်မှတ်ဦးရေ ငါးသန်းလောက်တောင် ရသတဲ့။ မြန်မာ ပြည်လူဦးရေရဲ့ ဆယ်ပုံတစ်ပုံ နီးနီး လောက် ဆိုကြပါစို့။ ဒီလို ပြည်သူတွေ ဝိုင်းဝန်း ဆန္ဒပြုရေးထိုးခဲ့ကြတဲ့ လက် မှတ်တွေကို လွှတ်တော်မှာ တင်သွင်းမလို့ လုပ်တော့ ဒီလက်မှတ်တွေကို အတည် ယူလို့မရဘူး၊ တရားမဝင်ဘူး ဆိုတာတွေ ဖြစ်လာပါလေရော။ ဪ….ဖြစ်မှ ဖြစ်ရလေ။ ကွယ်လွန်ပြီးသူတွေရဲ့ ဆန္ဒမဲနဲ့လွှတ်တော်အမတ် ဖြစ်ခွင့်ရှိတဲ့ တိုင်းပြည်မှာ သက်ရှိထင်ရှား လူတွေ ဆန္ဒပြုရေးထိုးခဲ့ကြတဲ့ လက်မှတ် ငါးသန်းက တရားမဝင်ဘူးဆိုတော့ ဘယ်လို ဒီမိုကရေစီနိုင်ငံလဲလို့ မေးမြန်းရမလို ဖြစ်နေပြီ။

ဒီကြားထဲ စိန်ကောင်း ကျောက် ကောင်းရောင်းနေတုန်း ဆေးရိုးသည်က ကန့်လန့်ဆိုသလို NDF ပါတီက လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က ဏျွ စနစ်ကို လွှတ်တော်ထဲ ခါတော်မှီ တင်သွင်းလာတော့ ပြည်သူလူထုမှာ နားမျက်စိတွေလည်ပြီး ၄၃၆ ကို မျက်ခြေ ပြတ်ကုန်ပါလေရော။ ဒီလိုနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ ဓမ္မစေတီ ခေါင်းလောင်း ကြီး ပြန်ဆယ်သလိုများ ဖြစ်သွား မလားလို့ စိုးရိမ်မကင်း ဖြစ်နေတုန်းမှာ ဗြုန်းခနဲ လွှတ်တော်ထဲမှာ ပြန်လည် ဆွေးနွေးလာကြတော့ မျှော် လင့်ချက်ရောင်ခြည်လေး မဆိုစလောက် သန်းလာသလို ပုဒ်မ ၄၃၆ဆိုတာ ဘာလဲလို့ ]]ဂဃနဏ}} သိချင်လို့ အိမ်နားက စာအုပ်အရောင်းဆိုင်မှာ လက်ဖဝါး သာသာလောက်ရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတဲ့ ဘုတ်အုပ် စိမ်းလေးကို အပြေးအလွှား သွားရောက် ဝယ်ယူခဲ့ပါတယ်။ အိမ် ရောက်တော့ သိချင်စိတ်ကြောင့် ပုဒ်မ ၄၃၆ ပါဝင်တဲ့ စာမျက်နှာ (၁၇၃)၊ အခန်း(၁၂)က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ဆိုတဲ့ အခန်းကို ဦးစားပေး လှန်လှော ဖတ်ရှုလိုက်တော့ ဘုရားရေ…. ဒီဘဒ္ဒ ကမ္ဘာကြီးမှာ ကာလ အကြာရှည် ဆုံး အချိန်ယူ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကမ္ဘာ့ပြင်ရ အခက်အခဲ ဆုံး ဥပဒေ တစ်ခုပါလားလို့ နားလည် သဘောပေါက် သွားပါတယ်။

သမ္ဗုဒ္ဓေဂါထာနဲ့ ဒုတိယ နိုင်ငံ တော် သီချင်းလို့တောင် တင်စား နိုင်လောက်တဲ့ ဆရာမြို့မငြိမ်းရဲ့ မန်းတောင်ရိပ်ခိုကို ပြင်ဆင်လို့ ရကောင်း ရနိုင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုတော့ ပြင်ဆင်နိုင်ဖို့ လမ်းစ မမြင်ဘူး။ ဘာကြောင့် ပြင်ဆင် ဖို့ ခက်ခဲသလဲဆိုတာ ကျွန်တော် အကြမ်း ဖျဉ်းလောက် ရှင်းပြပါရစေ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ စုစုပေါင်း အခန်း (၁၅)ခန်း ရှိတဲ့ အနက် အခန်း(၁၂)ထိ ပါရှိတဲ့ ဥပဒေ အတော်များများကို ပြင်ဆင်ချင်ရင် ကျွန်တော်တို့ ဆန္ဒမဲတွေနဲ့ ရွေးချယ် တင်မြှောက် ခဲ့ကြတဲ့ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းက ထောက်ခံတောင်မှ ဘယ်မဲဆန္ဒနယ်ကမှ ရွေးကောက် တင်မြှောက်ခဲ့ခြင်းမရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁ရာခိုင်နှုန်းလောက် မထောက်ခံရင် ပြင်ဆင်ခွင့် မရှိပါဘူး။ အကယ်၍ တပ်မတော်သား ၁ ရာခိုင်နှုန်းလောက်က ထောက်ခံခဲ့လို့ ၇၅ ရာခိုင်နှုန်း ကျော်သွားခဲ့ရင်တောင် ဆန္ဒခံယူပွဲ လုပ်ပြီး တစ်နိုင်ငံလုံးက ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ဦးရေရဲ့ ထက်ဝက်ကျော် ထောက်ခံမှ ဒီဥပဒေကို ပြင်ဆင်ခွင့်ရမတဲ့။ ရှင်းရှင်းပြောရရင် ၄၃၆ ကို စိတ်နဲ့တောင် မပြစ်မှားကြနဲ့၊ တပ်မတော်ကသာ သဘောမတူရင် ဘာမှလုပ်ခွင့်မရှိဘူးလို့ ဗြောင်ဖွင့် မပြောရုံ တမည်ပါပဲ။ ဒီတပ်မတော်သား လွှတ်တော်အမတ် ဆိုတာကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဘောကျ ရွေးချယ်ခန့်ထားသူတွေမို့ တစ်မတ်သားကို အသက်နဲ့လဲပြီး ကာ ကွယ်ကြတာ သိပ်တော့ မထူးဆန်း ပါဘူး။ ဘောလုံးပွဲ အသုံးအနှုန်းနဲ့ ပြောရရင် အရပ်သား လက်ရွေးစင် အသင်းနဲ့ ကန်တဲ့ ပွဲတိုင်း တပ်မတော် သား လက်ရွေးစင်အသင်းက ဘောလုံး ပိုင်ဆိုင်မှု ၂၅ရာခိုင်နှုန်းသာ ရှိပေမယ့် မိမိလိုချင်တဲ့ အနိုင်ရလဒ် ရရှိအောင် ကစားနိုင်စွမ်း ရှိပါတယ်။

ဒီလိုနဲ့ လုပ်ထုံးလုပ်နည်းအရ မဲခွဲ ဆုံးဖြတ်ကြတော့ အားလုံးကြိုတင် မျှော်လင့်ထားကြသလို ပုဒ်မ ၄၃၆ကို ပြင်ဆင်ခွင့် မရခဲ့ပါဘူး။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် ဘယ်သူတွေက ပြည်သူ့ အကျိုးအတွက် ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လိုလားပြီး ဘယ်သူတွေက လက်တစ်ဆုပ်စာ အခွင့်ထူးခံ လူနည်းစု အကျိုးစီးပွားကို ကာကွယ်ဖို့ ပြုပြင် ပြောင်းလဲရေးကို စိုးစဉ်းမျှ မလိုလား ဘူးဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား ခဲ့ရပါတယ်။ ကိုယ့်သမိုင်း ကိုယ်ရေးကြတဲ့သမိုင်းဝင် နေ့တစ်နေ့ ဆိုပါစို့။
အခုလို ကပေါက်တိ ကပေါက်ချာ လွှတ်တော်အော်ပရာကြောင့် စိတ်ပျက် ရတဲ့အထဲ ချင်းတိုးတက်ရေးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခဲန်းက ဘဘဦးသန်းရွှေ ရေးဆွဲ ခဲ့တဲ့အခြေခံဥပဒေဟာ လက်တွေ့ကျင့်သုံး တဲ့အခါ နည်းနည်း အစပ်အဟပ် မတည့် ဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ ဘဘဆီ ကနေ မေတ္တာစေတနာ နှုတ်ထွက် စကားကို ခံယူပြီး ပြုပြင်ရင် အားလုံးကို ပြင်နိုင်မယ်လို့ ယုံကြည်ပါတယ်လို့ လွှတ်တော်ထဲမှာ သူ့ထင်မြင်ချက်ကို ထပြောသတဲ့။

ဒီတော့ မေးစရာရှိတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးသန်းရွှေ တဖြစ်လဲ ဗိုလ်ချုပ်မှူးကြီး(ဟောင်း) သန်းရွှေတစ်ဦးတည်း သဘောနဲ့ ရေးဆွဲ ခဲ့တာလား။ အကယ်၍ ဟိုက ပြင်ဆင် ခွင့် မပြုရင် မပြင်ဆင်ရတော့ ဘူးလား။ အကယ်၍ ဒီအမတ်မင်းဟာ သူ့ဖခင် လက်ထက်ကတည်းက ဆောက်လုပ်ခဲ့တဲ့ အိမ်မှာနေထိုင်ပြီး ဒီအိမ်ကြီးဟာ အချိန် ခမရွေး ပြိုကျသွားနိုင်တဲ့ အန္တရာယ် ရှိနေရင် ဖခင်ထံမှာ ခွင့်ပြုချက် တောင်းခံပြီး ဖခင်ဖြစ်သူက ပြင်ဆင်စေ လို့ ပြောမှ ပြင်ဆင်မှာလား။ အကယ်၍ ခွင့်ပြုချက် မရရင် မိမိ အပါအဝင် အိမ်သူ အိမ်သားတွေရော၊ ဘေးပတ်ဝန်းကျင်က လူတွေပါ ဘယ်လောက် အန္တရာယ်ရှိရှိ မပြင်ဆင်ဘဲ ဒီအတိုင်း အပြိုခံလိုက်မှာ လား။ ရပ်ကွက်ထဲက နေအိမ်တစ်အိမ် မီးလောင်နေရင် မီးသတ်ဦးစီးမှူး ခွင့်ပြု မိန့်ရမှ မီးငြိမ်းသတ်ရမလား။

အခွင့်ထူးခံ လူနည်းစုမှအပ တစ်နိုင်ငံလုံးက မလိုလားတဲ့ ဥပဒေတစ်ခုကို ပယ်ဖျက်ပေးဖို့ လူတစ်ဦး တစ်ယောက်ထံ မှာ သွားရောက် ခွင့်တောင်းခံ ရဦးမယ်ဆို ကတည်းက ဒါလူအများ ဆန္ဒကို ဦးစားပေးတဲ့ ဒီမိုကရေစီစနစ် မဖြစ်နိုင် တော့ဘူး။ ဖြစ်ချင်းဖြစ် ဒီမိုကရေစီ အရေခြုံထားတဲ့ စစ်အာဏာရှင်စနစ်ပဲ ဖြစ်ရမယ်။
ဒီကြားထဲရှင်နည်းရာ အဂ္ဂလူထွက် ဆိုသလို တိုင်းပြည် အနာဂတ်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေချိန်မှာ တိုက်တိုက် ဆိုင်ဆိုင် လွှတ်တော်အမတ် ၅၀ က မဲခွဲဆုံးဖြတ်မယ့်နေ့မှာမှ ခွင့်ယူ ခဲ့ကြသတဲ့။ ဒါမတော်တဆ တိုက်ဆိုင် မှုလား၊ ဒါမှမဟုတ် တစ်စုံတစ်ရာကို အကြောင်းပြပြီး တမင်တကာ ခေါင်း ရှောင်ထွက်သွား ကြတာလားဆိုတာ ကာယကံရှင်တွေပဲ သိနိုင်ပါလိမ့်မယ်။ ဒီလွှတ်တော်အမတ်တွေကို မိမိအကျိုး ဆောင်ရွက်ပေးဖို့ ရွေးကောက် တင်မြှောက် လိုက်ကြတဲ့ မဲဆန္ဒနယ်က ပြည်သူ တွေအတွက် ရင်ထုမနာ ဖြစ်ရသလို စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေ စီစနစ်ကို ကူးပြောင်းဖို့ လမ်းမတွေပေါ်မှာ၊ အကျဉ်း ထောင် သံတိုင်တွေနောက်မှာ လူမသိ သူမသိ အသက်တွေ၊ ဘ၀တွေ ချကျွေးပြီး စတေးခံခဲ့သူတွေကို အားနာမိပါတယ်။ တစ်နည်းပြောရရင် ပြည်သူ့အကျိုးကို မည်မည်ရရ မသယ်ပိုး၊ မထမ်းရွက်နိုင်ဘဲ ပြည်သူတွေ ထောက်ပံ့ ပေးကမ်းတဲ့ လစာရိက္ခာကို အခန့်သား ရယူနေခြင်းဟာ တိုင်းပြည်နဲ့ လူမျိုး အပေါ် ကျေးဇူး ကန်းခြင်း တစ်မျိုးပါပဲ။

ချင်းတိုးတက်ရေးပါတီ အမတ်မင်း လိုပဲ တချို့ပုဂ္ဂိုလ်ကြီးတွေက မြန်မာပြည် နိုင်ငံရေးမှာ တပ်မတော်က လိုအပ်ချက် အရ မဖြစ်မနေ ဝင်ပါနေရတာပါ။ ကာလ အပိုင်းအခြား တစ်ခုကို ရောက်တဲ့အခါ တပ်မတော်သား ကိုယ်စားလှယ်တွေကို တဖြည်းဖြည်း လျှော့ချ သွားမှာပါလို့ ပျားရည်နဲ့ ဝမ်းချကြပါတယ်။ တစ်လော က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လည်း “ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်ရင် ပြင်ဆင် နိုင်ပါတယ်၊ လုပ်ထုံး လုပ်နည်းနဲ့ အညီ ပြင်ဆင်ကြပါ” လို့ သဘောထား ကြီးကြီးနဲ့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တစ်ခု လုံးရဲ့ အသက်လို့ဆိုနိုင်တဲ့ ပုဒ်မ ၄၃၆ကို ပြင်ဆင်ဖို့ တပ်မတော်သား ကိုယ်စား လှယ်တွေ မထောက်ခံရင် ကျန်ပုဒ်မတွေ ပြင်ဆင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်မို့ ဗိုလ်ချုပ်မှူးကြီးရဲ့ ခွင့်ပြုချက်ဟာ ” ဆေးလိပ် သောက်နိုင်ပါတယ်၊ ဒါပေမဲ့ မီးခိုးတော့ မထွက်ပါစေနဲ့” လို့များ ဖြစ် နေသလားပဲ။ ဒီလို မြန်မာပြည် နိုင်ငံ ရေးမှာ တပ်မတော်က နှစ်ပေါင်း(၅၀)ကျော် မရှိမဖြစ်နေရာက လွှမ်းမိုးချုပ်ကိုင် ထားတာတွေ့ရတော့ ဆရာဇော်ဂျီကို ဆရာဦးအောင်သင်းပြောပြဖူးတဲ့ ပုံပြင် လေးတစ်ပုဒ်ကို အလိုလို သတိရမိ ပါတယ်။

တစ်ခါက ရွာတစ်ရွာမှာ တရုတ် ပညာရှိကြီးတစ်ဦးရှိပါတယ်။ ဒီရွာလေး မှာ နေထိုင်ကြတဲ့ ရွာသူရွာသားတွေဟာ တရုတ် ပညာရှိကြီးကို အလွန်တရာ အထင်ကြီး အားကိုးကြပြီး အရေးကိစ္စ ကြီးငယ် တစ်ခုခုပေါ်လာတိုင်း တရုတ် ပညာရှိကြီးထံ သွားရောက် အကြံဥာဏ် တောင်းခံကြသတဲ့။ တစ်နေ့တော့ ရွာသား တစ်ဦးရဲ့ နွားတစ်ကောင်ဟာ စဥ့်အိုးထဲ ခေါင်းထိုးဝင် ရေသောက်ပြီး သူ့ခေါင်းကို အဝကျဉ်းတဲ့ စဥ့်အိုးထဲက ပြန်ဆွဲထုတ်လို့ မရတော့ဘူး။ ဒါကြောင့် နွားပိုင်ရှင်ရွာသားဟာ တရုတ် ပညာရှိကြီးထံ အပြေးတစ်ပိုင်းသွားရောက် အကြံဥာဏ် တောင်းခံပါတယ်။

တရုတ်ပညာရှိကြီးက နွားပိုင်ရှင်ရွာသား ပြောသမျှကို သေသေ ချာချာကြားနာ စစ်ဆေးပြီး သကာလ နွားဦးခေါင်းကို ဖြတ်ပြီး စဥ့်အိုးထဲက ဆွဲထုတ်လိုက်လို့ အကြံဥာဏ် ပေးပါတယ်။ ဒါနဲ့ နွားပိုင်ရှင် ရွာသားလည်း တရုတ်ပညာရှိကြီး မိန့်ကြားတဲ့အတိုင်း သူနွားကို ခေါင်းဖြတ်ပြီး စဥ့်အိုးထဲက ဆွဲထုတ်တော့ ချွေးတဒီးဒီးသာ ကျလာတယ်၊ နွားခေါင်းကို စဥ့်အိုးထဲက ဆွဲထုတ်လို့ မရဘူး။ ဒါကြောင့် တရုတ်ပညာရှိကြီးထံ ထပ်မံသွားရောက် အကြံဥာဏ် တောင်းခံပါတယ်။ ဒီအခါ တရုတ်ပညာရှိကြီးက ” ဦးခေါင်းကို ဒီအတိုင်း ဆွဲထုတ်လို့ မရရင် စဥ့်အိုးကို ရိုက်ခွဲပစ်လိုက်ပေါ့လို့ အကြံပေး ပြန်ပါတယ်။ နောက်ဆုံးတော့ နွားလည်း သေ၊ စဥ့်အိုးလည်း ကွဲပြီမို့ နွားပိုင်ရှင် ရွာသားဟာ အမဲသားဟင်းချက်ပြီး တစ် အိမ်ဟင်းတစ်ခွက် ရွာလုံးစေ့ လိုက်လံဝေငှပါတယ်။ တရုတ်ပညာရှိကြီးကို ဦးချတဲ့အနေနဲ့ ဟင်းတစ်ခွက် ဦးဦး ဖျားဖျား သွားရောက်ပို့ပေးတဲ့အခါ တရုတ်ပညာရှိ ကြီးက အမဲသားဟင်းလာပို့ပေးတဲ့ နွားပိုင်ရှင် ရွာသားကို စေ့စေ့ကြည့်ပြီး အခုလို မချိတင်ကဲ ပြောလိုက်ပါ တယ်။

” အင်း….မင်းတို့ရွာလည်း ငါမရှိရင် ခက်မယ်” ဟူလို။

အခုလည်း ချင်းတိုးတက်ရေး ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခဲန်း ပြောသလို ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေရဲ့ မေတ္တာစေတနာ နှုတ်ထွက်စကားကို ခံယူပြီးမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရရင်တော့ နွားလည်းသေ စဥ့်အိုးလည်း ကွဲသလိုဖွဲ့စည်းပုံ အခြေခံ ဥပဒေလည်း ပြင်ဆင်ခွင့်မရ၊ တပ်မတော် နဲ့ ပြည်သူတွေကြား သဘောထား ကွဲလွဲမှုလည်း တစ်နေ့တခြား ပိုမိုများ ပြားလာပြီး နောက်ကြောင်း ပြန်လှည့်သွားမှာ မြင်ယောင်မိကြောင်းပါ ခင်ဗျား။