ခေါင်းလောင်းကြီး ဖူးမယ်တဲ့လား

0
449

ထားဝယ်မြို့ထဲက ဆိုင် တစ်ဆိုင် မှာ ဈေးဝယ်တုန်း ကျွန်တော့်ဘေးက လူတစ်ယောက်ဆီကို ဖုန်းဝင် လာပါ တယ်။ အဲဒီ လူက အသက်(၅၀)ဝန်းကျင် ဆိုပါတော့။ ဖုန်းထဲကနေ တစ်ဖက်လူကို ပြန်ပြော လိုက်တဲ့ စကားကြောင့် အံ့ဩ သွား မိတယ်။

သူပြောတာက ရီရမလို ငိုရ မလိုကြီး။

” အေးကွာ ငါထားဝယ် ရောက်နေ တယ်။ ဘုရားကြီးထဲမှာ ခေါင်းလောင်း ကြီး ရောက်နေတယ်တဲ့။ ရောက်တုန်း ဘုရားကြီးထဲက ခေါင်းလောင်း ဝင်ဖူးပြီး ပြန်ခဲ့မလို” တဲ့။ တဆက်တည်း ” ငါ့ အမေလည်း ဖူးချင်နေတာ။ ငါအရင် ဖူးပြီးမှ အမေ့ကို ခေါ်လာပြီး ဖူးစေတော့ မယ်” တဲ့။
ကဲ လုပ်ကြပါအုန်း။

ကျွန်တော်ပြောတာ လုပ်ကြံဇာတ် လမ်း မဟုတ်ဘူးနော်။ အမှန်အကန်ဗျ။ ဘာတဲ့ ခေါင်းလောင်းကြီးကို ဖူးရဦး မယ်တဲ့။ ရယ်ချင်လိုက်တာဗျာ။ ဒါပေ မယ့် ကျွန်တော် မရယ်ဖြစ်လိုက်ဘူး။ ငိုပဲ ငိုလိုက်ချင်တယ်။ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဒီလိုပဲ နုံရသလားလို့ စိတ်မကောင်း ဖြစ်မိတယ်။ ဒါဖြင့် ကျွန်တော့်ကို ခင် ဗျားက ဘယ်လောက်များ ဗဟုသုတ ရှိလို့လဲလို့ မေးရင်တော့ ကျွန်တော် လည်း ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ရုတ် တရက်ဆိုရင် ဘာမှ တိတိကျကျ မပြောနိုင်တဲ့ လူနုံစာရင်းထဲမှာ ပါတယ် လို့ ဝန်ခံပါရစေ။
big-bell
ဒါပေမယ့် ခေါင်းလောင်းကြီး ဖူး တဲ့အဆင့်တော့ မဟုတ်သေးဘူး ခင် ဗျား။
တကယ်တော့ဗျာ ခေါင်းလောင်း ဆိုတာ ခေါင်းလောင်း ထုလုပ်စဉ်က ပါဝင်တဲ့ ပစ္စည်း၊ ခေါင်းလောင်းရဲ့ ပိဿာ ချိန်၊ ခေါင်းလောင်းရဲ့ အရွယ် အစား၊ ပုံပန်း သဏ္ဍာန်၊ ကုန်ကျငွေ တန်ဖိုး စတာတွေကို တိုင်းတာ သတ် မှတ်ပြီး အချင်းချင်း ဂုဏ်ပြိုင်ရတဲ့ ပစ္စည်း မဟုတ်ဘူးလို့ ကျွန်တော် မြင်မိ တယ်။ အဓိကက အလှူအတန်းလုပ်ပြီးတိုင်း အမျှဝေရင် သာဓုခေါ်ကြဖို့အတွက် အချက်ပေးတဲ့ သာသနိက ပစ္စည်းမျှသာ လို့ ဆိုရမှာပေါ့ဗျာ။
အဓိကက ခေါင်းလောင်းကြီးကို တီးရမှာ။ စေတီရဲ့ (ကိုယ်ထည်)နဲ့ တူ လွန်းလို့ဆိုပြီး ရှိခိုးလို့လည်း မရပါဘူး။ ဆွမ်းတော်ကပ်လို့လဲ မရပါဘူး။ တီးရာ မှာလည်း အဓိပ္ပာယ်ရှိရှိ တီးဦးမှ။ တို့ထားဝယ်က ဂုဏ်ယူစရာ မြန်မာနိုင်ငံ ရဲ့ တတိယအကြီးဆုံး ခေါင်းလောင်း ကြီးမို့ဆိုပြီး သူများတီးသလို ကိုယ် လည်း တီးကြည့်ချင်တဲ့စိတ်နဲ့ အမျှမဝေ ဘဲ တီးရင်လည်း အလကားပါပဲ။

တကယ်တော့လည်း ခေါင်းလောင်း ဆိုတာ ကျွန်တော်တို့ အိမ်တွေက ဘုရားခန်းထဲမှာ ချိတ်ထားတဲ့ ကြေး စည်လေးနဲ့ အတူတူပါပဲဗျာ။ ကျွန်တော် သတိထားမိသလောက် ထားဝယ်ကို ခေါင်းလောင်းကြီး မရောက်ခင် တစ်ရက် ရေဖြူမြို့အရောက်မှာ ပေါ့ဗျာ ဌာန ဆိုင်ရာတွေ ရပ်မိရပ်ဖတွေ၊ လူမှုရေး အဖွဲ့တွေနဲ့ မြို့အဝင်ကတည်းက သောင်းသောင်းဖြဖြ ကြိုဆိုလိုက်ကြတာ အုတ်အော် သောင်းနင်းပါပဲဗျာ။ နိုင်ငံ တော်က ပေးအပ် တဲ့ဘွဲ့တွေ တစ်သီကြီး ရထားပြီး ပိဋကတ် သုံးပုံကို အာဂုံဆောင် ထားတဲ့ ရဟန်းသံဃာတော်တစ်ပါး ကြွလာသလားလို့တောင် အောက်မေ့ရပါ တယ်။
ခေါင်းလောင်းကြီးကို ကျွန်တော် ပြဿနာရှာနေတာ မဟုတ်ပါဘူး။ ခေါင်းလောင်းကြီး ရောက်မလာခင်က ဆိုရင် လူမှုကွန်ရက် စာမျက်နှာတွေမှာ ခေါင်းလောင်းကြီးကို ဂုဏ်ယူကြဖို့ ဝိုင်း ဝန်း နှိုးဆော်ပြီး တင်လိုက်ကြတဲ့ Post တွေကို Like ပေးရတာလဲ အကြိမ် ကြိမ်ပါပဲဗျာ။ ဒီလောက်ကြီးတဲ့ ခေါင်း လောင်းကြီးကို ကျွန်တော်လည်း ဂုဏ်ယူ တာပေါ့။ ဒါပေမယ့် အပြည့်အဝတော့ ဂုဏ်ယူမရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်္ဂလတိုက် ဆရာတော် ဥူးသုမင်္ဂလ ပြောတဲ့ စကားတစ်ခွန်းကို ကြားယောင်မိ လို့ပါ။ ဆရာတော်က ပြောတယ်ဗျ မြန်မာနိုင်ငံမှာ ဘုရားဆင်းထုတော်တွေ နောက်ထပ် ထုလုပ်ဖို့ မလိုတော့ဘူး တဲ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဆွမ်းမ ကပ်နိုင်လို့ ဆွမ်းငတ်နေတဲ့ ဘုရားတွေကို အားနာ လှပြီတဲ့။ သူဆိုလိုချင်တာက ဘုရား ထုလုပ်ဖို့ ကုန်ကျငွေတွေကို သာသနာတော်အတွက် အမှန်တကယ် လိုအပ်နေတဲ့၊ အားနည်းနေတဲ့ ကွက်လပ် လေးတွေကို ရှာကြံဖြည့်တင်းပြီး သာ သနာပြုဖို့ တိုက်တွန်းတဲ့ အဓိပ္ပာယ် ပေါ့ဗျာ။

အဲဒီ ဟောကြားချက်ကို ပြန်တွေး မိတော့ ဒီခေါင်းလောင်းကြီးအစား ဗုဒ္ဓ ဘာသာဝင်တွေကို ဘာသာရေးအသိ ဖြန့်ဝေပေးနိုင်မယ့် ကျောင်းလေးတစ် ကျောင်းသာ ဆောက်လိုက်မယ်ဆိုရင် ဆိုပြီး တွေးမိတာလဲ အကြိမ်ကြိမ်ပါပဲ။
အခုတော့ ခေါင်းလောင်းကြီးလည်း ရောက်နေပြီ။ ဖူးမယ်လို့ ပြောတဲ့သူတွေ ကလည်း ပြောနေပြီ။ ဖူးတဲ့သူတွေ ကလည်း ဖူးနေပြီ။ ကျွန်တော်တို့ ဘယ် လိုလုပ်ရပ။

နောက်ဆိုရင် နောက်တက်လာမယ့် ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာ ကလေး တွေက ဒီခေါင်းလောင်းကြီးကို ဖေဖေ မေမေ အဲဒါကြီးက ဘာလဲ၊ ဘာလုပ်ဖို့လဲ ဟင်လို့ . . မေးကြတော့မယ်ဗျ။ အဲဒီအခါကျရင် ကျွန်တော်တို့ ဘယ်လို ဖြေကြမလဲ။ ဘယ်လို ဖြေသင့်သလဲ။ အဲဒါသားတို့ အိမ်မှာ ချိတ်ထားတဲ့ ကြေးစည်နဲ့ အဓိပ္ပာယ် အတူတူပဲကွဲ့။ သူ့ကိုလည်း တီးရတာကွဲ့။ ပြီးတော့ ခေါင်းလောင်းဆိုတာ အလှူအတန်း လုပ်ပြီး အမျှပေးဝေရင် ထုဖို့၊ တီးဖို့။ ငါ့သားလည်း ကုသိုလ် ကောင်းမှုတွေ လုပ်ပြီး အမျှဝေရင် အမျှလိုတဲ့ လူတွေ ကြားအောင်၊ သတိထားမိအောင် ဒါကြီး ကို တီးရတာကွဲ့။ အလကား နေရင်း တော့ လျှောက်မတီး ကြနဲ့ကွဲ့။ အဓိပ္ပာယ်ရှိရှိ တီးကြကွဲ့။ အမြဲတမ်း တီးပြီး အမျှဝေနိုင်အောင်လည်း အလှူ အတန်းတွေ ကုသိုလ်တွေ များများ လုပ်ကြကွဲ့လို့ သင်ပြကြမှာလား။

အဲလိုမဟုတ်ရင် အဲဒီ ခေါင်း လောင်းကြီးက ဟိုးအရင် ဖေဖေတို့ ငယ်ငယ်ကပေါ့ .. လို့ အစချီပြီး ခေါင်း လောင်းကြီးရဲ့ အလေးချိန်၊ မြန်မာ နိုင်ငံမှာ တတိယ အကြီးဆုံး၊ တန်ဖိုးက ဘယ်လောက်၊ အဘယ်ကဲ့သို့ ဘယ်ဇာ လို့ရှင်းပြပြီး အဲဒါ အဖေတို့ ထားဝယ် ဂုဏ်ဆောင်ခေါင်း လောင်းကြီးပေါ့ ကွယ်လို့ ကလေးတွေကို ဂုဏ်ယူတတ် အောင် ရှင်းပြကြမှာလား။

ဒါမှမဟုတ် ခေါင်းလောင်းကြီး ဆိုတာ ဖူးလို့ရတယ်လို့ ပြောပြမှာလား။

ဘယ်အဖြေကို ” ဖြေတဲ့” မိဘတွေ များမလဲ။ ဒုတိယနဲ့ တတိယ အဖြေကို ဖြေတဲ့သူတွေ များရင်တော့ တကယ့် စိုးရိမ်စရာ။
နောက်တစ်ခုက အဲလောက်ကြီးတဲ့ ခေါင်းလောင်းကြီးကို ပိုင်ဆိုင်ရလို့ အလွန်အကျွံဂုဏ်ယူပြီး ရှေ့ဆက် ဘာမှ မလုပ်တော့ဘဲ တာဝန်ကြီး ပြီးဆုံးကြ ပြီလို့ သတ်မှတ်ပြီး အားလုံး ငုတ်တုတ် မေ့နေကြမှာကိုပဲ။
အဲလောက်ကြီးတဲ့ ခေါင်းလောင်း ကြီးရှိလို့ ဂုဏ်ယူစရာဆိုရင် ဒီထက် မကကြီးတဲ့ ခေါင်းလောင်းကြီးတွေ ဒီခေတ်ကြီးမှာ ၁၀ လုံးလောက် လုပ် ပစ် လိုက်မှာပေါ့။ ကြေးနီတောင်မှာ ကြေးတွေ ပေါမှပေါ။ မင်းကွန်းခေါင်း လောင်းကြီးလည်း ပျင်းသေးတယ်။ လောလောဆယ်တော့ ခေါင်းလောင်း ကြီးက ဒုတိယအကြီးဆုံးပေါ့။ နောက် ထပ် သူများမြို့ရွာက အားကျမခံ ဒီထက်ကြီးတဲ့ ခေါင်းလောင်းကြီး တွေထပ် မသွန်းလုပ်နိုင်ဘူးလို့ ဘယ်သူ အာမခံနိုင်လဲဗျာ။ အဲခါကျရင်ရော ဂုဏ်ယူနိုင်ကြပါ ဦးမလား။
နောက်ပြီး ခေါင်းလောင်းတွေ တိုးလာတိုင်း “ခေါင်းလောင်းဖူးရအောင် လို့ ပြောတဲ့သူတွေ၊ ခေါင်းလောင်းဖူး တဲ့သူတွေ များလာရင်ရော ဘယ်လို လုပ်ကြမလဲ။”
ကျွန်တော့်အမြင်ကတော့ ခေါင်း လောင်းကြီးတွေ နောက်ထပ်တိုးလာမယ့် အစား အခုခေတ် ပေါ်လာတဲ့ ဓမ္မစကူးလ် ထက်မကတဲ့ ဗုဒ္ဓဘာသာ ဆိုင်ရာ ကျောင်းကြီးတွေ၊ တက္ကသိုလ် ကြီး တွေလိုချင်တယ်လို့ ပြောပါရစေ။
ရိုးရိုးတက္ကသိုလ် မဟုတ်ဘူးနော်၊ ဘယ်ဘာသာဝင်တွေမဆို စိတ်ဝင်စားရင် လွတ်လွတ်လပ်လပ် လာရောက် လေ့ လာနိုင်တဲ့၊ ဝေဖန်ထောက်ပြ ခွင့်ပြု တဲ့၊ သင်ယူနိုင်တဲ့ တက္ကသိုလ်မျိုး ကျွန် တော် မျှော်လင့်မိပါတယ်။ အဲဒီအတွက် သံဃာတော်တွေလည်း စိတ်ရောကိုယ်ပါ ကူညီနိုင်ကြလိမ့်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်တယ်ဗျာ။

နောက်ဆုံးဗျာ မဖြစ်နိုင်တော့ဘူး ဆိုရင်တောင် ဓမ္မစကူးလ်လိုမျိုး ကျောင်း တွေ တဖြည်းဖြည်း ပပျောက်မသွား အောင် လုပ်တာမျိုးပါ။
အဲလို ကျောင်းတွေ ပျောက်ကွယ် သွားရင်တော့ ကလေးတွေအတွက် ရင် လေးစရာ ကောင်းပါတယ်။ သူတို့ခေတ် ရောက်ရင် ကျွန်တော့်လိုမျိုးတော့ အသိ ဥာဏ် မနုံစေချင်ဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ သင်ယူစရာ စာပေကျမ်း ဂန်၊ ပိဋကတ်တော်တွေလည်း အဆင် သင့်၊ သင်ကြားပေးမယ့် စာသင် စာချ သံဃာတော်တွေလည်း အဆင်သင့် ရှိတော့ နောက်ထပ် မြေနေရာ၊ အဆောက်အအုံနဲ့ စီမံခန့်ခွဲမယ့်လူပဲ လိုတော့တာ။ ပြည်ပ နိုင်ငံ အချို့တွေမှာ တောင် သီတဂူ ဆရာတော်ကြီး ဦးစီးပြီး ဗုဒ္ဓတက္ကသိုလ်တွေ တည်ထောင် ထား တာ ကြားဖူးမှာပါ။ အဲဒီမှာ ကျွန်တော် တို့ဆီကလို သံဃာတော်တွေ လောက်ပဲ တက်ရောက် သင်ကြားတာ မဟုတ်ပါဘူး ။ သူတို့ ဆီမှာ ဘယ်ကလာ သံဃာ တော်ရှိမှာလဲ။ ရှိရင်လည်း အနည်း အကျဉ်းလောက်ပေါ့ဗျာ။ အဲဒီမှာ လူ ပုဂ္ဂိုလ်တွေ၊ စိတ်ဝင်စားသူတွေ၊ လေ့ လာသူတွေ၊ သုတေသနပြု သူတွေ၊ သိပ္ပံပညာရှင်တွေလည်း တက်ရောက် သတဲ့။

ကျွန်တော်တို့ ထားဝယ်ဒေသမှာ လူပုဂ္ဂိုလ်တွေလည်း တက်ရောက်နိုင် ကြမယ့် ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ် ကျောင်းကြီးတွေသာ ပေါ်ထွက်လာ လို့ကတော့ဗျာ အဲဒါမှ ကျွန်တော်တို့ ထားဝယ်ဒေသအတွက် အပြည့်အဝ ဂုဏ်ယူ ပစ်လိုက်မှာ။
နောက်ထပ် သာသနာပြုကြမယ်လို့ စဉ်းစားကြရင် တခြားနည်းလမ်းဖြစ်တဲ့ ဘာသာရေး အသိ၊ အမြင်တွေကို ဖွင့် ပေးတဲ့ကျောင်းတွေ တက္ကသိုလ်တွေ ပေါ်လာဖို့ ကြိုးစားတဲ့ နည်းလမ်းနဲ့ သာသနာပြုကြဖို့ တိုက်တွန်းပါရစေ ခင်ဗျား။
ဒါမှလည်း ခေါင်းလောင်းကြီး ဖူး မယ်လို့ ပြောတဲ့သူတွေ လျော့သွားမှာပါ။
ကောလိပ်ဂျင်နေဝင်းရဲ့ စကားငှား ပြောရမယ်ဆိုရင်တော့ . . . .
“တကယ်ဖြစ်ချင် တကယ် လုပ် အဟုတ် ဖြစ်ပါတယ်ဗျာ”။