မြိတ်လေတပ် စခန်းမှ တန်ဖိုးသင့် ထမင်းဟင်း ရောင်းချ

0
471

မြိတ်မြို့နယ် လေတပ်စခန်း ဌာနချုပ်ရှိ မေတ္တာရောင်ပြန် ပရဟိတအဖွဲ့ မှ တန်ဖိုးသင့် ထမင်းဟင်းများကို ပြီးခဲ့သည့် ရက်ပိုင်းက စတင်ရောင်းချခဲ့ ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ဇွန်လ ၂၁ ရက်နေ့မှ စပြီး ငါးခြောက် ၁ ပွဲ ၅၀ ကျပ်၊ ထမင်း ၁ ပွဲ ၅၀ ကျပ်၊ ကြက်သားဟင်း ၂၀၀ ကျပ်၊ သီးစုံ ပဲကုလားဟင်း ၁၀၀ကျပ်နှင့် ထမင်းနှင့် ဟင်းတစ်မျိုးကို ၃၀၀ ကျပ် ဖြင့် စတင် ရောင်းချပေးနေကြောင်း သိရသည်။
“လိုအပ်ချက်ရှိနေတဲ့ မိသားစုတွေ အတွက် တန်ဖိုးလည်းသင့် အာဟာရ လည်း ဖြစ်စေဖို့ရည်ရွယ်ပြီး လိုက်ရောင်း ချတာပါ”ဟု မေတ္တာရောင်ပြန် ပရဟိတ အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ဝယ်ယူစားသုံးသူများ ကျန်းမာရေး နှင့်အညီ စားသောက်နိုင်ရန် ပဲဆီကိုသာ သုံးပြီး အချိုမှုန့်မသုံးဟု အထက်ပါ အဖွဲ့ဝင်က ရှင်းပြသည်။
တန်ဖိုးသင့် ထမင်းဟင်းများကို တစ်ပတ်လျှင် ၃ ရက် ၊ ၃ ရပ် ကွက်နှင့် အထက်လိုက်လံ ရောင်းချမည်ဖြစ်ပြီး မည်သည့် အချိန်အထိ ရောင်းချမည်ကိုမူ မသိရသေးပေ။

“သူတို့က တစ်ခါတလေမှ လာ ရောင်းတာပါ၊ ပြည်သူတွေအတွက် အဆင်ပြေအောင် လုပ်ပေးမယ်ဆိုရင် အမြဲတမ်း လာရောင်းပေး စေချင်ပါ တယ်” ဟု ကမ်းလေးကမ်း ရပ်ကွက် ဆံသဆရာတစ်ဦးဖြစ်သူ ဦးလွန်းကြည် က မှတ်ချက်ပြုသည်။ယင်းကဲ့သို့ ရပ်ကွက်များ အတွင်း သို့ စစ်တပ်မှ တန်ဖိုးသင့် ထမင်းဟင်း များကို လိုက်လံရောင်း ချပေးခြင်းသည် မြိတ်တွင် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ဇွန်လ ၂၄ ရက် နံနက်ပိုင်းက မြိတ်တောင် ကျေးရွာအုပ်စု အင်းလေးကမ်းရပ်ကွက် သို့ လာရောက် ရောင်းချပေးခဲ့ကြောင်း ယင်းရပ်ကွက်သားများထံမှ သိရသည်။