ဆီးဂိမ်း ငွေဆုရ မြန်မာကစားသမား တစ်ဦး၏ ဘဝ

359
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

စင်ကာပူဆီးဂိမ်းတွင် ဒုတိယရရှိကာ မြန်မာပရိသတ်များ၏ အားပေးမှုရရှိခဲ့သော မြန်မာ ယူ ၂၃ အသင်းမှ ကျောနံပါတ် ၁၂ ကစားသမား ကျော်ဇင်လွင်က သူ၏ ဘ၀ကောက်ကြောင်းကို Facebook စာမျက်နှာတွင် အောက်ပါအတိုင်းရေးသားထားသည်။

(ယင်းရေးသားချက်များကိုစာလုံးပေါင်း သတ်ပုံအချို့မှလွဲ၍မူရင်းအတိုင်း ပြန်လည်ဖော်ပြထားပါသည်)
ကျွန်တော် အရင်ဆုံးပရိသတ် ညီအစ်ကိုမောင်နှမတွေ အားလုံးကို တောင်းပန်ချင်ပါတယ်။ ကျွန်တော် စကားပြန်မပြောနိုင်တဲ့အခါ ဖုန်းဆက်လို့မရတဲ့အခါ မာနကြီးတယ်လို့ထင်ကြတယ်။ အမှန် ကျွန်တော့်မှာ အဲလိုစိတ်မျိုး တကယ်မရှိပါဘူး။ ကျွန်တော့်ငယ်ဘ၀မှာ စာပေအတန်းပညာဘက်မှာ အားနည်းခဲ့တယ်ဗျ။ ၇ တန်းအောင်ပြီး ၈ တန်းနဲ့ကျောင်းထွက်ခဲ့ရတယ်။
kyaw-zin-lwin-U23
ကျွန်တော့်အမေ ခေါင်းရွက်ဈေးရောင်းပြီး ရှာကျွေးနေတာ မကြည့်ရက်လို့ ကျွန်တော်ပန်းရံအကူ လိုက်လုပ်ရပါတယ်။ လုပ်ခနှစ်ထောင်ရတာကို အမေ့ကို ပေးလို့ ထမင်းကြမ်းခဲနဲ့ ငါးပိရည်ကျဲနဲ့စားခဲ့ရ တဲ့ ရက်တွေ မနည်းခဲ့ပါဘူး။ ခုဒီလိုစာတွေ ရေးနေတာကိုလဲ သူငယ်ချင်း အကူအညီနဲ့ကျွန်တော်ပြောချင်တာ ကို ရေးခိုင်းနေရတာပါ။
ကျွန်တော် ခေတ်ပေါ်နည်းပညာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိပါဘူး။ ဖေ့ဘွတ်ဆိုတာကြီးကိုလဲ မနေ့တနေ့ကမှ လက်တွေ့သုံးကြည့်ရတာပါ။ အကောင့်တောင် သူငယ်ချင်းဖွင့်ပေးထားတာပါ။ ကျွန်တော် ဖေ့ဘွတ် မသုံးတတ်ပါဘူး။ ပရိသတ်ကြီးကို ကျေးဇူးတင်စကားတွေနဲ့ ရင်းရင်းနှီးနှီးနေချင်ပါတယ်။ ကျွန်တော့်မှာ စာရေးဖို့တွက် နည်းပညာအားနည်းပါတယ်။

ကျွန်တော်ဘောလုံး မကန်ခဲ့ရခင်မှာ အစ်ကိုတွေကန်တဲ့ ဘောလုံးကောက်ခဲ့ရတာပါ။ ရေသန့်ဘူး၊ အဝတ်အကုန် တောက်တိုမယ်ရ လုပ်ခဲ့ရတာပါ။
ကျွန်တော် ဘောလုံးကန်ဖို့တွက် လေ့ကျင့်ဖော်တောင် မရှိပါဘူးဗျာ။ ကျွန်တော့်အတွက် ကလပ်မှာ ဆရာအရင်တင်ရတာ ထမင်းချက်ဦးလေးကြီးရဲ့ သားကို ဘောလုံးဖမ်းစေပြီး လေ့ကျင့်ခဲ့ရတာပါ။ သူဟာ ကျွန်တော့် ဆရာတစ်ဦးပါပဲ။
ကလပ်လူငယ်အသင်းမှာတောင် နေရာမရခဲ့တော့ ကျွန်တော့်ကို မောရ၀တီမှာ အငှားချပါတယ်။ သူများတွေ လစာသိန်းကျော်ချိန် ကျွန်တော်ငါးသောင်းပဲရပါတယ် ခင်ဗျာ၊ အမေ့ကို လေးသောင်းပေးလို့ ကျန်တစ်သောင်းပဲ သုံးခဲ့ပါတယ်။
ကျွန်တော် ဘတ်စ်ကားပဲစီးပြီး လေ့ကျင့်ရေးကွင်းသွားပါတယ်။ ဘယ်သူမှ ကျွန်တော့်ကိုမသိသလို ဘောလုံးသမားမှန်းလဲ မသိခဲ့ကြပါဘူး။ ကျွန်တော်ကသူများတွေ လေ့ကျင့်ပြီးချိန်မှစတင် လေ့ကျင့်ရပါတယ်။

ဝေယျာဝစ္စ အလုပ်တွေနဲ့၊ ကျွန်တော်အလုပ်ပြီးချိန်မှာ လေ့ကျင့်တော့ အချိန်နောက်ကျလို့ညစာ ငတ်ခဲ့ရတဲ့ရက်တွေများခဲ့ပါတယ်။ ဒီအကြောင်းတွေအမေ့ကို ပြန်မပြောခဲ့ပါဘူး။ ကျွန်တော်စားသောက် ရတာ အဆင့်မြင့်ကြောင်း ပုစွန်၊ ကြက်သားများနဲ့ ကျွေးမွေးကြောင်း အမေစိတ်မပူရအောင်ပြောခဲ့ပါတယ်။
ကျွန်တော်ကြိုးစားခဲ့တယ်။ ဒီကြားထဲ အခက်အခဲတွေအများကြီးကျော်ဖြတ်ခဲ့ရတယ်။ ကျွန်တော့် မှာ ရှိတာ ကျွန်တော်တတ်နိုင်တာ ကြိုးစားမှုပဲရှိလို့ ကျွန်တော်ကျိတ်ငိုခဲ့ရတာတွေ အမေ့ကိုပေးမသိခဲ့ပါဘူး။