မွန်ရှိ နှစ် ၁၀၀ ကျော် အဆောက်အအုံများ ထိန်းရန် အာရှဖွံ့ ဖြိုးရေးဘဏ်ကူမည်

0
791

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိနှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံများကို အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank (ADB)) ၏ အကူအညီဖြင့် ပြန်လည် ပြုပြင်ထိန်းသိမ်းသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။


မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်း အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်း နိုင်ရန်ကြိုးပမ်းနေသော်လည်း အချိန်၊ လူအင်အားနှင့် နည်းပညာပိုင်းဆိုင်ရာ အစရှိသည့် လိုအပ်ချက်များစွာရှိခဲ့သည် ဟု မွန်ပြည်နယ် ယဉ်ကျေးမှု တာဝန်ခံ ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြော သည်။
လက်ရှိတွင် မော်လမြိုင်မြို့ရှိ ရှေး ဟောင်း အစိုးရအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်း များနှင့် ဘုရားကျောင်းများ အစရှိသည့် သက်တမ်း နှစ် ၁၀၀ ကျော် အဆောက်အအုံ များကိုစာရင်း ပြုစုလျက်ရှိသည်ဟု မွန်ပြည်နယ် ရှေးဟောင်းသုတေသန၊  အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာနမှ သိရသည်။

” ကျွန်တော်တို့မှာ စပြီး ကောက်တဲ့ စာရင်းနဲ့ သူတို့ဆီမှာပါလာပြီးသား  စာရင်းနဲ့ညှိနေတယ်” ဟု ဝန်ကြီးက ပြောသည်။
မော်လမြိုင်မြို့ပေါ်တွင် သက်တမ်း နှစ် ၁၀၀ ကျော်ရှိကိုလိုနီခေတ်အဆောက် အအုံပေါင်း များစွာရှိသော်လည်း ပြုပြင် ထိန်းသိမ်းမှု အားနည်းသည့်တွက်တချို့ အဆောက်အအုံများ ပျက်စီးနေပြီဟု မော်လမြိုင်မြို့ခံ တချို့ကပြောသည်။
မွန်ပြည်နယ်နည်းတူ ကရင်ပြည်နယ် ဘားအံမြို့ရှိနှစ်ပေါင်း ၁၀၀ ကျော်ရှိသည့် ရှေးဟောင်းအဆောက်အအုံများကို ပြုပြင် ထိန်းသိမ်းရန်အတွက်လည်း ADB က ကူညီသွားမည်ဟု သိရသည်။