အညာဖျားချောင်းရေ ညစ်ညမ်းလာသည့်ကိစ္စ သမ္မတထံတိုင်

0
496

ထားဝယ်မြို့နယ်ရှိ အညာဖျား ချောင်းရေ ညစ်ညမ်းလာခြင်း ကြောင့် နိုင်ငံတော်သမ္မတထံသို့ ဇွန်လ ၂၂ ရက်နေ့က စာပို့ တိုင်ကြား ထားကြောင်း အညာဖျား ချောင်း တစ်လျှောက်နေထိုင်သည့် ဒေသခံ များထံမှ သိရသည်။


အညာဖျား ချောင်းရေသည် ယခုနှစ် ဧပြီလ ကစပြီး နောက်ကျိ စပြုလာသဖြင့် ဒေသခံများ ချောင်း ဖျားသို့ သွားကြည့်ခဲ့ရာ ချောင်းဖျား ပိုင်းတွင် ချောင်းလက်တက် တစ်ခု ဖြစ်သည့် ချောင်းဦးတို ချောင်းမှ ညစ်ညမ်းသည့်ရေများ ဆင်းလာနေ ပြီး ယင်းချောင်းဦးတို ချောင်း အထက်ရှိ ချောင်းဦးတို လုပ်ကွက် တွင်  Eastern Mining Company မှ ခဲမဖြူ၊ အဖြိုက်နက် တူးဖော် မည့်လုပ်ငန်းစရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ခဲ့ရကြောင်း နိုင်ငံတော် သမ္မတထံ စာပို့တိုင် ကြားရန် စီစဉ်သူတစ်ဦးဖြစ်သည့် ဓားသွေးကျောက်ကျေးရွာမှ စောလားဒိုအေး က ပြောသည်။
” အရင်ကဆို မိုးရွာပြီးစဲရင် ရေက ပြန်ကြည်သွားတယ်။ အခုက မိုးစဲပြီး သုံးလေးရက်ကြာမှ ရေက ပြန်ကြည်လာတော့တယ်။ ဒါပေမယ့် သုံးလို့ အဆင်မပြေ တော့ဘူး” ဟု စောလားဒိုအေးက ပြောသည်။ Eastern Mining Company မှ ဒေသခံများအား လာရောက် ဆွေးနွေး ညှိနှိုင်းခြင်း၊ အသိပေး အကြောင်း ကြားခြင်း မရှိသဖြင့် ချောင်းဦးတို သတ္တုလုပ်ကွက်မှ ထုတ်လုပ်မှုနှင့် ပက်သက်ပြီး ဒေသခံများ ရှင်းလင်းစွာ မသိရှိရသေးကြောင်း နိုင်ငံတော် သမ္မတထံ တိုင်ကြားစာတွင် ပါရှိ သည်။
” ပကာရီချောင်းလိုမျိုး ပျက်စီး သွားမှာ ကြောက်တယ်။ ကောင်းတဲ့ ရေချောင်းဆိုလို့ ဒီချောင်းတစ်ခုပဲ ကျန်ပြီ။ ချောင်းကို မပျက်စီးအောင် တစ်ခုခုဖြေရှင်းပေးဖို့ မျှော်လင့် ထားပါတယ်” ဟု ၎င်းက ဆိုသည်။
ထားဝယ်မြို့နယ်တွင် သတ္တုတူး ဖော်ရေး လုပ်ငန်းများကြောင့် ၀ကုန်းချောင်း၊ မြောင်းပြိုချောင်း၊ ကလုံးထာချောင်း စသဖြင့် ချောင်း များ ညစ်ညမ်းနေပြီး အညာဖျား ချောင်းမှာမူ သဘာဝအတိုင်း ကျန်ရှိနေသေးသည့်အတွက် ဝိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်သည်ဟု ထားဝယ် လူထုအခြေပြု အဖွဲ့အစည်းအချို့က မှတ်ချက် ပြုသည်။ သဘာဝအတိုင်း ကျန်နေသေး သည့် အညာဖျားချောင်းကို ပြီးခဲ့သည့်နှစ်က ထားဝယ်မြို့ ရေပေး ဝေရေးအတွက် သွယ်ယူရန် ထားဝယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စီစဉ်ခဲ့ဖူးပြီး ဒေသခံများက ကန့်ကွက်ခဲ့ ကြသည်။
အညာဖျား ချောင်းတစ်လျှောက် တွင် ညောင်ချောင်း၊ ဆိပ်ချောင်း၊ အညာဖျား၊ ဓားသွေးကျောက်နှင့် ဥယျာဉ်ကြီး စသည့် ကျေးရွာ ငါးရွာတည်ရှိပြီး အိမ်ခြေ ၄၀၀ ခန့် နှင့် လူဦးရေ ၂၀၀၀ခန့် နေထိုင် ကြောင်း သိရသည်။