သဲ / ကျောက်တင်ကားနှင့် ဆိုင်ကယ်တိုက်၊ တက္ကသိုလ် ကျောင်းသားတစ်ဦး သေဆုံး

0
464

မြိတ်မြို့နယ် စန္ဒဝတ် ကျေးရွာ အုပ်စု ကျွဲကူးလမ်းမကြီးပေါ်တွင် ဇွန်လ ၂၄ ရက်နေ့ ညနေ ၃ နာရီ ခွဲခန့်က သဲ ^ ကျောက်တင် ကားနှင့် မော်တော် ဆိုင်ကယ်တိုက်မိရာမှ တက္ကသိုလ် ကျောင်းသား တစ်ဦးသေဆုံးခဲ့ကြောင်း စန္ဒဝတ် ကျေးရွာသူရွာသား တချို့ထံမှ သိရသည်။


ဖြစ်စဉ်မှာ မြိတ်မှ ကျွဲကူး ဘက်သို့ မောင်းနှင်လာသည့် သဲကျောက် တင်ကားနှင့် မြိတ်သို့ မောင်းနှင်လာ သည့် မော်တော် ဆိုင်ကယ် မျက်နှာချင်း ဆိုင်တိုက်မိပြီး မော်တော်ဆိုင်ကယ် မောင်းနှင်လာသည့် မြိတ်တက္ကသိုလ်မှ သမိုင်း၊ ဒုတိယနှစ် ကျောင်းသားသည် ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း မျက်မြင်များက ပြောသည်။
မိုးသည်းစွာ ရွာသွန်း နေချိန် တွင် အထက်ပါ သဲ/ ကျောက် ကား မောင်းနှင်လာစဉ် အခင်းဖြစ်သည့် နေရာအနီးတွင် ဆွေးမြေ့နေသည့် လျှပ်စစ်ဓာတ်တိုင် လဲကျသဖြင့် ကားအား ရုတ်တရက် ဘရိတ်နင်းလိုက်ရာ လမ်းချော်ပြီး တဖက်က မောင်းလာသည့် မော်တော်ဆိုင်ကယ်နှင့် မျက်နှာ ချင်းဆိုင် တိုက်မိခြင်း ဖြစ်ကြောင်း မြိတ် မြို့နယ် ရဲစခန်း၏ မှုခင်း မှတ်တမ်းအရ သိရသည်။
လက်ရှိတွင် ယာဉ်မောင်းအား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄-ကအရ အမှုဖွင့် အရေးယူ ဆောင် ရွက်လျက် ရှိကြောင်း မြိတ်ခရိုင် အမှတ်(၇၆) ယာဉ်ထိန်း တပ်ဖွဲ့ စုမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။