မင်းကွန်း၊ သာယာဝတီ ပြီးနောက် ထားဝယ်

0
881

ပြီးခဲ့သည့် မေလ ၃၀ရက်နေ့ ညနေက ထားဝယ်မြို့ ရွှေတောင်စား စေတီတော် ရင်ပြင်မှာ ထားရှိမယ့် မဟာဝိဇယ ခေမသီတလ နိဗ္ဗုတဃောသ မဟာခေါင်းလောင်းတော်ကြီး ထား ဝယ်မြို့ကို ရောက်ရှိလာတဲ့ သတင်းကို အင်တာနက် စာမျက်နှာများနဲ့ မီဒီယာ အသီးသီးမှာ ဖော်ပြကြတာကို တွေ့ လိုက်ရပါတယ်။ တကယ်ကို မင်္ဂလာရှိတဲ့ သတင်းတွေပါ။


ဧရာမ ကြေးသွန်းခေါင်းလောင်းကြီး တစ်လုံး ထားဝယ်ဒေသက အထင်ကရ စေတီတစ်ဆူဖြစ်တဲ့ ရွှေတောင်စား စေတီအတွင်း ထားမယ့် အစီအစဉ်မျိုးကို ကျွန်တော်တို့ တစ်သက်မပြောနဲ့ အရင် ဘိုးဘွားအစဉ်ဆက်ကတည်းကလည်း မကြုံခဲ့ရဖူးပါဘူး။ ဒါကြောင့်လည်း သွန်းလုပ် ပြီးစီးသွားတဲ့ ခေါင်းလောင်း ကြီး ထားဝယ်မြို့ကို ရောက်လာတဲ့ သတင်းကို ကြည်ကြည်နူးနူးနဲ့ အရမ်းပဲ စိတ်ဝင်စားနေမိတာပါ။
ခေါင်းလောင်းကြီးနဲ့ ပတ်သက်လို့ အင်တာနက် လူမှုကွန်ယက် စာမျက်နှာ တွေနဲ့ တခြားမီဒီယာတွေကနေတဆင့်  စတင် သွန်းလုပ်ကြတဲ့ အချိန်ကနေပြီး  ထားဝယ်မြို့ ရောက်လာခဲ့တဲ့ အချိန်ထိ သတင်းတွေကို အဆက်မပြတ် ကြားသိနေ ရပါတယ်။

bell-big
ရွှေတောင်စား စေတီတော်မြတ်ကြီး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ် သွန်း လုပ်ခဲ့တာဖြစ်ပြီး မန္တလေးမြို့ တမ္ပ၀တီ ရပ် တောင်ဆင်တဲ ကျောင်းတိုက်ထဲမှာ ကြေးသွန်းပညာရှင် ဦးအောင်သန်းမော် က ဦးစီးပြီး သွန်းလောင်းခဲ့တယ်လို့ သိရပါတယ်။
ဒီခေါင်းလောင်းကြီးဟာ ၁၉၄၅ ခုနှစ် နောက်ပိုင်း သွန်းလုပ်တဲ့ ခေါင်း လောင်းတွေထဲမှာ အကြီးဆုံး ခေါင်း လောင်းလို့လည်း ဆိုပါတယ်။ ကြေး  ပိဿာ      ချိန် ၁၁၇၇၇.၄  ပိဿာ     နဲ့ သွန်း လောင်းတယ်လို့ သိရပါတယ်။
မဟာဝိဇယ ခေမသီတလ နိဗ္ဗုတ ဃောသ မဟာခေါင်းလောင်းတော်ကြီး ဟာ ကိုယ်ထည် အမြင့် ( ပေါင်းကိုင်းမှ အောက်ခြေအထိ ) ၁၆ ပေခန့် ၊ ခေါင်းလောင်းဝ အချင်း ၇ ပေ ၄ လက်မ ရှိတယ်လို့ သတင်းတွေမှာ ဖတ်ရတယ်။
ပုံဖော် သွန်းလောင်းရာမှာလည်း ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်က ကုန်းဘောင်ခေတ် နှောင်းပိုင်းမှာ သွန်း လုပ်ခဲ့တဲ့ သာယာဝတီမင်း ခေါင်းလောင်း ရဲ့ မြန်မာမှု အနုပညာများကို စံထား ပြုလုပ်ထားတာ ဖြစ်တယ်လို့ သိရပါ တယ်။
မြန်မာနိုင်ငံအတွင်းမှာ တခြား ထင်ရှား ကျော်ကြားတဲ့ ခေါင်းလောင်း ကြီးတွေ ရှိပေမယ့်လည်း သာယာဝတီမင်း ခေါင်းလောင်းဟာ အသံကောင်းတာ၊ ခေါင်းလောင်း အသားချောမွတ်တာနဲ့ မြန်မာမှုအနုပညာ လက်ရာမြောက်တာ စတဲ့ အချက်သုံးချက် ပြည့်စုံတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း မဟာဝိ ဇယ ခေမသီတလနိဗ္ဗုတဃောသ ခေါင်း လောင်းအတွက် အသံကောင်းခြင်း၊ ကြေးသားချောမွတ်ခြင်း၊ မြန်မာမှု လက်ရာမြောက်ခြင်းတို့နဲ့ ပြည့်စုံတဲ့ သာယာဝတီမင်းခေါင်းလောင်းကြီးကို စံထားပြီး သွန်းလုပ်ခဲ့တာပါ ။
ဒါကြောင့် ထားဝယ်မြို့မှာ ထား မယ့် မဟာဝိဇယ ခေမသီတလ နိဗ္ဗုတ ဃောသ မဟာခေါင်းလောင်းတော်ကြီး သွန်းလုပ်ရာမှာ စံပြုခံရတဲ့ သာယာဝတီ မင်းကြီးရဲ့ ခေါင်းလောင်းသမိုင်းကြောင်း ကို အနည်းငယ် ဖောက်သည်ချ ချင်ပါ တယ်။
သာယာဝတီမင်း ခေါင်းလောင်း တော်ကြီးဟာ ရန်ကုန်မြို့ ရွှေတိဂုံစေတီ တော်ရဲ့ တနင်္ဂနွေထောင့်မှာတည်ရှိ ပါတယ်။ ရွှေဘိုမင်းခေါ် သာယာဝတီ မင်းကြီး ရွှေတိဂုံရင်ပြင်ပေါ်မှာ ခေါင်း လောင်းကြီးတစ်လုံး သွန်းလုပ် လှူဒါန်း ဖြစ်ခဲ့တာကို ပြောမယ်ဆိုရင် သူ့ရဲ့ ရန်ကုန်မြို့ကို စုန်ဆင်းလာတဲ့ ခရီးစဉ် အကြောင်းကနေ စပြီးပြော ရမှာပါ။ သာယာဝတီမင်းကြီး ရန်ကုန်မြို့ကို မင်းခမ်းမင်းနား အစုံအလင်နဲ့ ခင်းကျင်း ပြီး စုန်ဆင်းလာတဲ့နှစ်ဟာ သူနန်းတက် ပြီး ၄ နှစ်လောက် အကြာ ဖြစ်တဲ့ ၁၈၄၁ ခုနှစ်မှာပါ။
အဲဒီအချိန်က ပထမ အင်္ဂလိပ် စစ်ပွဲအပြီး ပျက်စီးယိုယွင်းနေတဲ့ ရန်ကုန် မြို့ကို ပြန်လည် ပြုပြင်ဖို့နဲ့ ဆံတော်ရှင် ရွှေတိဂုံစေတီတော်ကြီးကို ဖူးမျှော်ဖို့ အဓိကရည်ရွယ်ပြီး အမရပူရ နေပြည်တော် ကနေ လှေတော်၊ ဖောင်တော်တွေနဲ့ တပ်ခင်းပြီး စုန်ဆင်းလာခဲ့တာ ဧရာဝတီ မြစ်လုံးပြည့်မျှ ခြိမ့်ခြိမ့် သဲသဲ ရှိလှ တယ်လို့ ဆိုပါတယ်။သာယာဝတီမင်းကြီး ရန်ကုန်ကို ရောက်ပြီးတဲ့နောက်မှာ ပထမ မြန်မာ -အင်္ဂလိပ် စစ်ပွဲအတွင်းက ပျက်စီး သွားတဲ့ မြို့ကို ပြန်လည် ပြုပြင်တဲ့ လုပ်ငန်းများကို ပြုလုပ်ရပါတယ်။  ကျုံးမြောင်း၊ တံခါး၊ ပြအိုးနဲ့ ဈေး၊ သဘင် ဝန်အိမ်တန်းမှစလို့ မြို့အင်္ဂါ အစုံအလင် ဖြစ်အောင် တည်ဆောက် မွမ်းမံခဲ့တာပါ။ မြို့တော်ကို အောင်မြေ ရန်နှင်လို့ သမုတ်ခဲ့ပြီး နန်းတော်ကို လည်း မြတ်နန်းအောင်ချာဆိုပြီး အမည်ပေး ခဲ့ပါတယ်။  ပြီးနောက်မှာတော့ ရွှေတိဂုံစေတီတော်ကြီးကို ရွှေလုံးတော် ပြည့် ကပ်လှူပူဇော်တာ၊ တန်စောင်း တန်းများ ပြုပြင်မွန်းမံတာနဲ့ ဘုရားရင် ပြင် တနင်္ဂနွေထောင့်မှာ ခေါင်းလောင်း ကြီး တစ်လုံးချိတ်ဆွဲ လှူတာတွေ ပြုလုပ်သွားခဲ့ပါတယ်။ ရွှေတိဂုံစေတီ တော်ရဲ့ ထီးချရားသီးမှနေပြီး ဖိနပ်တော် အထိ ရွှေလုံးတော် ပြည့်ကပ် လှူဖို့ အတွက် ရွှေကျပ်ချိန် ၃၂၀၀ ကို အမရပူရ မှာ မျက်ပါးခတ်ပြီး ယူဆောင်လာခဲ့တာ ဖြစ်သတဲ့။ သာယာဝတီမင်းကြီးရဲ့ အနောက်နန်း မိဖုရား မမြလေးကလည်း အနောက်ဖက် စောင်းတန်း ဆောက်လုပ် ရာမှာ အလှူပါဝင်ခဲ့တော့ ဘုရင်နဲ့ မိဖုရားကြီးတို့က ရေစက်သွန်းချ ခဲ့ပါ တယ်။ တောင်ဘက် တန်စောင်းမှာ အခုချိန်ထိ တွေ့မြင် နေရတဲ့ မုဆိုးထိုင် ပုံစံနဲ့ လက်ဝဲ လက်ယာ ဘီလူးကြီး နှစ်ကောင်နဲ့ မုဒ်ပေါက်ဟာလည်း အဲဒီအချိန်က သာယာဝတီမင်းကြီးရဲ့ ကောင်းမှု တော်တွေဖြစ်ပါတယ်။

သာယာဝတီမင်း ခေါင်းလောင်း (မဟာတိသဒ္ဒဃဏ္ဍ ခေါင်းလောင်းတော်ကြီး)
ရွှေတိဂုံရင်ပြင် တနင်္ဂနွေထောင့်မှာ ရှိတဲ့ မဟာတိသဒ္ဒဃဏ္ဍ ခေါင်းလောင်း တော်ကြီးဟာ သာယာဝတီမင်းကြီး ရန်ကုန်မြို့ကို စုန်ဆင်းလာတဲ့ ခရီးစဉ် အတွင်း ပြုလုပ်ခဲ့တဲ့ ထင်ရှားတဲ့ ကောင်းမှု ကုသိုလ်များထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒီခေါင်း လောင်းကြီးကို သာယာဝတီမင်းက ရွှေတိဂုံ စေတီတော် ကြီးမှာ ချိတ်ဆွဲ လှူဒါန်းဖို့ ၁၂၀၃ ခုနှစ် သီတင်း ကျွတ်လဆန်း ၁၀ ရက် အခါတော် ကျတာနဲ့ ခေါင်းလောင်းမြေပုံ ကို စတင် သွန်းလုပ်စေခဲ့တာပါ။ ဒါပေမယ့် လည်း သာယာဝတီမင်း ရန်ကုန်မြို့မှာ ၆ လ လောက်စံနေပြီး အမရပူရ နေပြည်တော်ကို ပြန်လည် ကြွချီတဲ့ အချိန်ထိ ခေါင်းလောင်းကြီးကို သွန်းလုပ် မပြီးစီးခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဘုရင့်ကိုယ်စား ဝန်ထောက်မင်းကြီး မဟာစည်သူ၊ ပန်းတဉ်းဝန်၊ လက်နက် တိုက်ဝန်၊ မင်းကြီးမဟာ မင်းကျော်သင်္ခယာ တို့က ခေါင်းလောင်းကြီး ပြီးစီးတဲ့အထိ တာဝန်ယူ ကြီးကြပ် ခဲ့ရပါတယ်။ ခေါင်းလောင်းကြီးကိုတော့ သက္ကရာဇ် ၁၂၀၄ ခုနှစ် တပို့တွဲလပြည့်ကျော် ၅ ရက်နေ့မှာ သွန်းလုပ် ပြီးစီးခဲ့တာပါ။
ရွှေတိဂုံဘုရား ရင်ပြင်ပေါ်ရှိနေတဲ့ သာယာဝတီမင်းရဲ့ ကုသိုလ်တော် မဟာတိသဒ္ဒဃဏ္ဍ ခေါင်းလောင်းတော် ကြီး (သာယာဝတီမင်း ခေါင်းလောင်း )ဟာ မြန်မာနိုင်ငံအတွင်းက မင်းကွန်း ခေါင်းလောင်းပြီးရင် အကြီးဆုံး ခေါင်း လောင်းကြီး ဖြစ်တယ်လို့ သိရပါတယ်။ အလေးချိန်အားဖြင့် ၄၂ တန်ခန့် ရှိပြီး ခေါင်းလောင်း ကိုယ်ထည်မှာ ရေးထိုး ထားတဲ့ စာကြောင်းရေ အများဆုံး ခေါင်းလောင်းကြီးလည်း ဖြစ်ပါတယ်။ ရေးထိုးထားတဲ့ စာကြောင်းရေ ၁၀၀ တိတိ ထဲက  စာကြောင်းရေ ၁ မှ စာကြောင်းရေ ၂၈ အထိ ပါဠိဘာသာနဲ့ ရေးထိုးထားပြီး စာကြောင်းရေ  ၂၉ မှ ၁၀၀ အထိကို ပါဠိ မြန်မာပြန်များနဲ့ ရေးထိုးထား တယ်လို့ ဆိုပါတယ်။ တချို့ နေရာတွေမှာ အင်းကွက်များ ၊ ကိလိဌ စာတစ်မျိုး ဖွဲ့စည်းထားတဲ့ ထီးဖြူဂါထာ၊ ယပ် ဂါထာ၊ တံခွန်တိုင်ဂါထာ များကို လည်း ထည့်သွင်း ထားပါသေးတာပါ။ ခေါင်းလောင်းကြီးရဲ့ အတိုင်းအတာနဲ့ အလေးချိန်စနစ် ပုံစံများကို ကုန်းဘောင် မင်းဆက် မဟာရာဇဝင်တော်ကြီး ဒုတိယတွဲမှာ –
”  အရပ်ကိုးတောင် တစ်မိုက် သုံးသစ်၊ အနားလုံးပတ် တဆဲ့ငါးတောင်၊ ခါးစည်းလုံးပတ် တဆဲ့သုံးတောင် တမိုက် လေးသစ်၊ ထုနှစ်မိုက်လေးသစ်၊ ကြေးစင် ချိန်ဝန်   ဗိဿာ        နှစ်သောင်း ငါးထောင် ကိုးရာလေးဆယ်၊ ကျပ်လေး ဆဲ့ကိုးကျပ် ကို ပေါင်းကိုင်း နရသီဟ ခြင်္သေ့ လေးစီးပါး ပုံစံစနစ် နှင့်တကွ  . . . ”
ဆိုပြီး မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။
ပြီးစီးသွားတဲ့ သာယာဝတီမင်း ခေါင်းလာင်းတော်ကို သက္ကရာဇ် ၁၂၀၆ ခုနှစ် တပေါင်းလမှာ ဟံသာဝတီမြို့ဝန် အရာရှိ ကိုယ်တိုင် ကြပ်မတ်ပြီး ပွဲသဘင် တွေ ဆင်နွှဲလို့ ရွှေတိဂုံ ဘုရားရင်ပြင်ရဲ့ အရှေ့မြောက်ထောင့်မှာ ချိတ်ဆွဲပြီး လှူဒါန်း ရေစက်ချခဲ့ပါတယ်။ အလှူရှင် သာယာဝတီမင်းကြီးကတော့ သူ့ ကုသိုလ် တော်ကို ကိုယ်တိုင် ကိုယ်ကျ ကြွရောက် ပြီး မချီးမြှင့်နိုင်ခဲ့ပါဘူး။ သာယာဝတီ မင်းခေါင်း လောင်းတော်ကြီးဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးခေါင်းလောင်းတော်ကြီး တစ်လုံးဖြစ်သလို သာယာဝတီမင်းကြီးဟာလည်း ကိုယ်ဒြပ် ကြီးမားတဲ့ ခေါင်းလောင်းတော်များ လှူဒါန်းခဲ့တဲ့ မင်းများအနက် နောက်ဆုံး ဘုရင်တစ်ပါး ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းက စေတီပုထိုး များမှာ ခေါင်းလောင်း သွန်းလုပ်လှူဒါန်း တဲ့ ဓလေ့သမိုင်းကြောင်းကို အကြမ်းအား ဖြင့် လေ့လာဖူးပါတယ်။ မြန်မာ့သမိုင်း တစ်လျှောက် ပျူခေတ် အစောပိုင်း အချိန်ကတည်းကတိုင် ဗုဒ္ဓဘာသာဝင် တို့ဟာ ခေါင်းလောင်းကြီး ငယ်တို့ကို သွန်းလုပ်ခဲ့ကြပြီး ဘုရား၊ ကျောင်း၊ သိမ်၊ ဇရပ်တို့မှာ ချိတ်ပြီး လှူဒါန်းတဲ့ ဓလေ့  ရှိခဲ့လိမ့်မယ်လို့ ပညာရှင်များက မှန်းဆ ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျူ ခေတ်တွေမှာ ခေါင်းလောင်း သွန်းလုပ် ခြင်းအတတ်တွေက ခိုင်ခိုင်မာမာဖြစ်နေ ပြီး  လက်ရာ သပ်သပ်ရပ်ရပ်နဲ့ တခန်း တနား သွန်းလုပ်ခဲ့တယ် ဆိုတာကို အဲဒီခေတ်နဲ့ ခေတ်ပြိုင်မှတ်တမ်းမှာ သာမက တူးဖော် တွေ့ရှိခဲ့တဲ့ အထောက် ထားတွေကိုပါ တွေ့ရခြင်းကြောင့် ဖြစ်ပါ တယ်။
တကယ်တော့ ခေါင်းလောင်းဆိုတာ ဗုဒ္ဓဘာသာဝင်များနဲ့ မကင်းကွာနိုင်တဲ့ သာသနိက အမွေအနှစ် ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာကို အများစု ကိုးကွယ်ကြတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းက စေတီဘုရားနဲ့ ကျောင်းကန်များမှာ ခေါင်းလောင်း အကြီးငယ်တို့ကို အရွယ်စား အမျိုးမျိုးနဲ့ တွေ့မြင်နေကြရတာပါ။ ဗုဒ္ဓဘာသာဝင် ခေါင်းလောင်း အလှူရှင်များအနေနဲ့ ကလည်း ခေါင်းလောင်းက ထွက်လာတဲ့ မြည်ဟည်းသံကို  ကြားရသူတိုင်းရဲ့ စိတ်နှလုံးကို ကြည်နူးစေဖို့ ၊ ညစ်ညူးနေတဲ့ အကုသိုလ်စိတ်ကို မပေါက်ဖွားလာနိုင်စေဖို့ ၊ ကြည်ညိုသဒ္ဒါစိတ်ကို ပေါက်ဖွားလာစေနိုင်ဖို့  ဘာသာရေး ကိုင်းရှိုင်းမှု ထက်သန် အောင် စိတ်နှလုံးကို ညို့ငင်ဆွဲဆောင်နိုင်စေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ သွန်းလုပ် လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။
အခုနောက်ပိုင်း ကျွန်တော်တို့ ထားဝယ်မြို့ရဲ့ ကျက်သရေဆောင် ရွှေတောင်စား စေတီတော်ကြီးအတွင်းမှာလည်း ဘယ်ခေတ် ဘယ်အခါတုန်းကမျှ မကြားခဲ့ရဖူးတဲ့ အသံကိုမင်္ဂလာရှိစွာနဲ့ ကြားကြရတော့မှာပါ။

အဲဒီအသံကတော့ ရွှေတောင်စားစေတီတော် မြတ်ကြီး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်နဲ့ သွန်းလုပ်ပြီးစီးသွားတဲ့ မဟာဝိဇယခေမသီတလ နိဗ္ဗုတဃောသ မဟာ ခေါင်းလောင်းတော်ကြီးရဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ ခေါင်းလောင်းအသံပဲ ဖြစ်ပါတယ်။
အကိုးအကား ။     ။   မြန်မာ့ခေါင်းလောင်း (လှိုင်ဝင်းဆွေ)