မူလတန်းတွင် လမ်းလျှောက်ခြင်း

0
762

ကျောင်းဆောင်ထဲကို အဝင် တံခါးလာဖွင့်ပေးပြီး” ကြိုဆိုပါတယ်” လို့ ချိုသာတဲ့ အပြုံးနဲ့ နှုတ်ဆက်လာတဲ့သူက ကျောင်းအုပ် ဆရာမကြီးတဲ့။ကျောင်းအုပ်ဆရာမကြီး ကိုယ်တိုင် ထွက်ကြိုတယ်ဆိုတော့ ပညာရေးမှူးများ ကျောင်းစစ် လာလေသလား၊ သို့တည်း မဟုတ် အရေးကြီး ပုဂ္ဂိုလ်တွေများ ရောက်လာလေသလား။ မဟုတ်ပါ။

မြန်မာ နိုင်ငံ တနံတလျားက လူမျိုးမတူ၊ နောက်ခံ အကြောင်းအရာ မတူတဲ့ ကျောင်းသား တစ်စု နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြိုက ” တီအာရို”  လို့ခေါ်တဲ့ မူလတန်း ကျောင်းလေး တစ်ခုဆီကို လေ့လာရေး သွားကြတာပါ။
ကျောင်းဖွဲ့စည်းပုံကို အကြမ်း ရှင်းပြ ပြီး ကျောင်းအုပ်ကြီးက ကျောင်း လုပ်ငန်းတွေ၊ သင်ကြား သင်ယူမှုတွေနဲ့ ကျောင်းတွင်း လှုပ်ရှားမှုတွေကို လိုက်လံ ရှင်းပြမယ့် မူလတန်းကျောင်းသား ၁ ယောက်၊ ကျောင်းသူ ၃ ယောက်နဲ့ မိတ်ဆက် ပေးတော့ ကျောင်းအုပ်ကြီး၊ ဒါမှမဟုတ် လက်ထောက်ဆရာ/ မ တစ်ယောက်ယောက်က ရှင်းပြမယ်လို့ တွေးထားခဲ့မိတာကို ကပြောင်းတိ ကပြောင်းပြန် ဖြစ်သွားစေခဲ့တယ်။ ဆရာသမား ၄ ယောက်ကတော့ ဧည့်သည်တွေကို ချိုသာစွာပဲ နှုတ် ဆက်ပြီး သူတို့ ဆရာမ ကြီး ညွှန်ကြား တာကို ဂရုတစိုက်လေး နားထောင် ပါတယ်။ သတိထားမိတာက ကလေး တွေက လူကြီးလူကောင်း သိပ်ဆန်နေပြီး ယုံကြည်မှု အပြည့်ရှိနေကြတယ် ဆိုတာ ပါပဲ။

child_education
ဧည့်သည် ၈ ယောက်နဲ့ အစီအစဉ် မှူး ပေါင်း ၉ ယောက်ကို ၂ ဖွဲ့ခွဲပြီး စော စောက မူလတန်းကျောင်းသား ၄ ယောက် (ကျောင်းအုပ်ကြီး ခေါ်သလို ခေါ်ရရင် ” သံမှူး”) ၂ ယောက်စီက ဦးဆောင်ပြီး စာသင်ခန်း အသီးသီးက သင်ကြား သင်ယူမှုစနစ်နဲ့ လှုပ်ရှားမှု တွေကို လိုက်ရှင်းပြတယ်။ နယူးဇီလန်လို  ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခုရဲ့ ကျောင်းသား ဗဟိုပြု သင်ကြားသင်ယူမှု စနစ် အကြောင်းကို အကျယ်တဝင့် မဆွေးနွေး လိုတော့။
သွားရင်း ကြည့်ရင်း ငယ်ငယ် တုန်းက ကိုယ့်ရဲ့ မူလတန်းဘ၀ကို ပြန် လွမ်း မိသေးတယ်။ သင်ထောက်ကူမရှိ၊ စာသင်ခုံ မလောက်လို့ ကြမ်းပြင်ပေါ် ဝမ်းလျား မှောက်ပြီးရေး၊ အားကစားနဲ့ ကာယဖွံ့ဖြိုးမှုတွေဆိုတာ သင်ခန်းစာ ထဲမှာပဲ တွေ့ရပြီး လက်တွေ့ မလုပ်ခဲ့ရ။

အတွေးလွန်နေရင်း ” ဘယ်နိုင်ငံကလာပါလဲဗျ၊ အခန်းထဲ ကို ဝင်လာပါ၊ ကြိုဆိုပါတယ်” လို့ လှမ်း ပြောတဲ့ ကလေးတစ်ယောက် အသံကြောင့် ပစ္စုပ္ပန်ကို ပြန်ရောက် လာခဲ့တယ်။ နိုင်ငံခြားသားတွေကို လှမ်းနှုတ်ဆက် နေတယ်။ အကြောက် အလန့်မရှိ။ တွန့်ဆုတ်မှု မရှိ။ ယုံကြည်မှု အပြည့်နဲ့ သူ့စိတ်ထဲရှိတဲ့ မေးခွန်းကို ပွင့်ပွင့် လင်းလင်း မေးတယ်။ ” မြန်မာနိုင်ငံကပါ” လို့ ပြန်ဖြေတော့ ဝမ်းသာအားရနဲ့ ” တွေ့ရ တာ ဝမ်းသာပါတယ်ဗျာ၊ ယူ -၂၀ ကမ္ဘာ့ဖလားပွဲ သွားကြည့် ဖြစ်လားဗျ၊ ကျွန်တော်ကတော့ သွားကြည့်တယ်၊ မြန်မာအသင်းက ကျွန်တော်တို့ အသင်း ကို ဂိုးအရင် သွင်းတာနော်ဗျ၊ သိပ်လှတဲ့ ဂိုးဗျ။ ကျွန်တော် သိပ်ကြိုက်တယ်” တဲ့။ သူပြောတာကို နားထောင်ပြီး စဉ်းစားစရာ တွေ၊ တွေးတောစရာတွေ သိပ်များသွား တယ်။

တော်တော် များများ မေးသလို ” မြန်မာ” ခေါ်ရမလား “ဘားမား”  ခေါ်ရမလား စကားလုံးတွေ မများ။ အားကစားရဲ့ လွှမ်းမိုးနိုင်မှု စွမ်းအားကိုပါ တပါတည်း တွေ့လိုက်ရတယ်။ ပုံမှန်အားဖြင့် နိုင်တဲ့ အသင်းရဲ့ ပရိတ်သတ် တစ်ယောက် အနေနဲ့ ဒါမှမဟုတ် ကလေးတစ်ယောက်ရဲ့ အတွေးနဲ့ တွေးကြည့်ရင် “မင်းတို့ အသင်း ကို ငါတို့ နိုင်တယ်နော်၊ ၅ ဂိုး ၁ ဂိုး  တောင်ကွ” လို့ ပြောနိုင် ခြေရှိတာပေါ့။ ဒါပေမယ့် ၂ တန်း ကျောင်းသားလေးက အဲဒီလို မပြော။” သိပ်လှတဲ့ဂိုး”  ဆိုပါ လား။ ” မင်းတို့ အသင်းက ဂိုးအရင် သွင်းတာ ကွ” ဆို ပါလား။  သူတို့ နိုင်ငံအသင်း နိုင်တဲ့ အကြောင်း လေးတောင် မပြောရှာ ဘူး။ ကျွန်တော်တို့ စိတ်အားငယ် သွား မှာ စိုးလို့များလားလို့ အတွေးနယ်ချဲ့ မိသေးတယ်။

ကျောင်းဝင်းထဲက ကစားကွင်း၊ ကျောင်း နဲ့ ခြံစည်းရိုးချင်း ထိနေတဲ့ နယူဇီလန်နိုင်ငံသား ကီဝီတို့ အသည်းစွဲ အားကစားဖြစ်တဲ့ ရမ်ဘီကစားကွင်း၊ ကျောင်းခန်းထဲက လှုပ်ရှားမှုတွေ၊ ဝေဖန် ပိုင်းခြား စဉ်းစားခြင်း ဆိုတာကို လက် တွေ့ကျကျ လှုံ့ဆော် ပေးနေတဲ့ စာသင် ခန်းတွေ၊ စိုက်ပျိုးရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွေ၊ အားကစားနဲ့  အနုပညာ ဆိုင်ရာ လုပ်ငန်းတွေ၊ သန့်ရှင်းရေးစနစ်နဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ တာဝန်ယူရမှုအပိုင်း တွေ ၊ ကျောင်းစာကြည့်တိုက်မှာ ရှာဖွေ ဖတ်ရှုပြီး ကျောင်းသားတွေ ကိုယ်တိုင် ပြုစုထားတဲ့ မှတ်စုတွေ . . သုတေသနရဲ့ မြစ်ဖျား ခံရာ . . . ။
အရာရာက စိတ်ဝင်စားစရာ။ အဲဒါ တွေထက် စိတ်ဝင်စား စရာကောင်းတာက ဒီကိစ္စတွေ အကုန်လုံးကို လိုက်လံရှင်းပြ နေတာက မူလတန်းကျောင်းသားတွေ ဖြစ်နေတာပါ။

ကျောင်းအားလပ်ချိန်တွေဟာ ကျွန်တော်တို့ ဆီမှာလိုပဲ မုန့်စားတာနဲ့ ကစားချိန်တွေမှာ ကုန်လွန်စေတယ်။ မုန့်စားတယ်ဆိုလို့ ကိုယ်တွေလို ကျောင်းမုန့်ဆိုင်တွေမှာ ဈေးပေါပေါနဲ့ ရောင်းချနေတဲ့ အရည်အသွေး မီမမီ၊ စားသုံးရန် သင့်မသင့် မသိတဲ့ မုန့်တွေ မဟုတ်။ အိမ်ကနေ မိဘတွေ ကိုယ်တိုင် လုပ်ပေးလိုက်တဲ့ ကိတ်မုန့်၊ သစ်သီး စတာတွေပါ။ နယူးဇီလန်က စာသင် ကျောင်းဝင်းတွေထဲမှာ မုန့်ဆိုင် ရောင်း ခွင့်မရှိ။ တလောလေးဆီကတောင် ကျောင်းအနီး ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အမြန်စာ ရောင်းတဲ့မုန့်ဆိုင်တွေကို ပိတ်ဖို့ ညွှန်ကြားလိုက်တယ်လို့ သိရတယ်။
“ကျောင်းသားကောင်စီ”  အကြောင်း ပြောတော့ သိပ်မဆန်းဘူးပေါ့။ ကိုယ် တွေမှာလဲ အတန်းတိုင်းမှာ မော်နီတာ ရှိတာပဲကိုး။ ခပ်ဆင်ဆင်ပဲပေါ့။ သူတို့ ရဲ့ ပုံမှန် အစည်းအဝေးတွေနဲ့ ဆုံးဖြတ်ချက် တွေ အကြောင်းပြောတော့ ကျွန်တော်တို့ မှာ ရှိတာထက် အများကြီး အဆင့်မြင့် သွားပါပြီ။ ကျောင်းသား ကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်က ကျောင်း အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျောင်းအုပ်ကြီးရဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်းလဲပစ် နိုင်တယ်ဆိုတာ သိရတော့ မျက်စိတောင် လည်ချင်သွားတယ်။

ဥပမာ တစ်ခုအနေနဲ့ ပြောရရင် စာသင်ခန်းထဲက ထိုင်ခုံစီ ထားတဲ့ အနေအထားကို အတန်းတစ်ခုက မကြိုက်ဘူးလို့ တင်ပြလာတယ်။  ၃ ယောက်ကနေ ၅ ယောက်အထိ ဝိုင်းပြီး ထိုင်လိုရတဲ့ ထိုင်ခုံပုံစံ အစား ၁ ယောက်စီ ထိုင်လို့ရတဲ့ ပုံစံကို ပြောင်းချင်တယ်တဲ့။ အကြောင်းပြချက်က အုပ်စုလိုက် တချိန် လုံး ထိုင်နေရင် စကားပြောများလို့ စာကောင်းကောင်း မလုပ်ရလို့တဲ့။ နောက်ဆုံးတော့ ကျောင်းအုပ်ကြီးက လက်ခံပြီး အဲဒီအတန်းကို အုပ်စု ထိုင်ခုံ အစား တစ်ယောက် ထိုင်ခုံပုံစံ ပြောင်း ပေးခဲ့ ရတယ်။ အုပ်စုလိုက် ဆွေးနွေးစရာ ရှိရင်တော့ ပြန်စုပေါ့။
ကျွန်တော်တို့ဆီမှာ တောင်းဆိုနေ တဲ့ ကျောင်း ကိစ္စတွေမှာ ကျောင်းသားတွေ ပါဝင်ခွင့်၊ ပြောဆိုခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် . . ၊ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့် . . ၊ ဒီမှာတော့ မူလတန်းမှာတောင် အဲဒါကြီး ရှိတယ်။

အစိုးရရဲ့ ထောက်ပံ့မှုနဲ့ လည်ပတ် နေရတဲ့ မူလတန်း ကျောင်းလေးရဲ့ ကျောင်းအုပ် ဆရာမကြီးကို အလုပ်ခန့် ထားတာက ကျောင်းသားမိဘတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းကောင်စီဆိုရင် အံဩသွားကြ လေမလားပဲဗျ။ ကျောင်းအုပ် ကြီးကမှ တဆင့် ကျန်တဲ့ ဆရာ^မတွေကို ပြန်ပြီး အလုပ်ခန့်တယ်တဲ့။ နယူးဇီလန် ပညာရေးဝန်ကြီးဌာနက အဆင့် ၁ ကနေ ၁၀ အထိ သူတို့ သတ်မှတ် ထားတဲ့ စံချိန်စံညွန်းတွေနဲ့ အညီ မူလတန်း ကျောင်းတွေကို ငွေကြေး ထောက်ပံ့မှု ပေးပါတယ်။ အဆင့် ၁၀ ရရင်တော့ ရံပုံငွေ အနည်း ဆုံးရမှာ ဖြစ်ပါတယ်။
ကျောင်းလခအဖြစ် ဒေါ်လာ ၄၀ သတ်မှတ်ချက် ရှိပေမယ့် ဒါကို မပေးလဲ ရတယ်။ ကျောင်းကလဲ တောင်းပိုင်ခွင့် မရှိသလို တောင်းလဲ မတောင်း။ ဆရာမကြီး “ဆူး”ရဲ့ “တီအာရို”  မူလ တန်းကျောင်းလေးဟာ လွန်ခဲ့တဲ့ ၂ နှစ် တုန်းက အစိုးရက အဆင့် ၁၀ လို့ သတ်မှတ်ထားလို့ ရံပုံငွေ များများ မရခဲ့ပါဘူး။ ဒီတော့ ဆရာ/မတွေကို လစာပေးရဖို့ အရေး၊ သင်ထောက်ကူတွေ လုံလုံ လောက်လောက် ဝယ်နိုင်ဖို့ အရေးအတွက် ကျောင်းကောင်စီနဲ့ “ဆူး” တို့ဟာ အတော်ပဲ ဗျာများ ခဲ့ရသေးတယ် လို့ ဆိုပါတယ်။

နောက်တော့ သူမက ပညာရေးဌာန က လူတွေဆီကို အစီရင်ခံ စာရေးပါ တယ်။ ကျောင်းသား မိဘတွေရဲ့ ရာဇဝင်၊ မိသားစု အခြေအနေ၊ ပျမ်းမျှ ဝင်ငွေနဲ့ တခြားလိုအပ်တဲ့ အချက်အလက်တွေကို ပေးပို့ပြီးချိန်မှာတော့ တာဝန်ရှိသူတွေက ကျောင်းကို လာရောက် စစ်ဆေးခဲ့ တယ်တဲ့။ နောက်တော့ အဆင့် ၇ အထိ သတ်မှတ်ပေးခဲ့ပြီး ရံပုံငွေလည်း အရင် ထက်ပို ရလာပါတယ်။ အားနည်းနေတဲ့ ကျောင်းသားတွေအတွက် အထူး ကြပ်မတ် သင်ကြားပေးဖို့ အချိန်ပိုင်း ဆရာတွေ လည်း ငှားနိုင်ခဲ့တယ်လို့ “ဆူး” က ဂုဏ်ယူပုံနဲ့ ရှင်းပြတယ်။

နယူးဇီလန်မှာ မူလတန်းကနေ အလယ် တန်းအထိက မသင်မနေရဖြစ်ပြီး အစိုးရက တိုက်ရိုက် ထောက်ပံ့ပါတယ်။ ယောင်္ကျားလေး၊ မိန်းကလေး သီးသန့် ကျောင်းတွေရှိသလို ပေါင်းပြီးသင်တဲ့ ကျောင်းတွေလည်း ရှိပါတယ်။ ဘာသာရေး၊ ဘာသာစကား၊ အနုပညာနဲ့ လူမှုရေး သိပ္ပံဘာသာရပ်တွေ သီးသန့် သင်တဲ့ ကျောင်းတွေလဲ ရှိပါသေးတယ်။  မြန်မာ နိုင်ငံမှာလိုပဲ ပြင်ပပုဂ္ဂလိက ကျောင်းတွေ လည်း ခေတ်စားပါတယ်။ ဘာသာရေး ကျောင်းကလွဲရင် တခြား ကျောင်းတွေမှာ ဘာသာရေး အကြောင်း သင်ကြားခွင့် မရှိပါဘူးတဲ့။

ထူးဆန်းတာကတော့ မူလတန်းနဲ့ အလယ်တန်းအဆင့်မှာ စာမေးပွဲ မရှိတာ ပါပဲ။ စာသင်နှစ် တစ်နှစ်ကုန်သွားရင် ကျောင်းသား တစ်ယောက်က နောက် တစ်တန်းကို အလိုလို တက်ပေးပါတယ်။ ကျောင်းသားတဦးချင်းစီရဲ့ ကျောင်းတွင်း လှုပ်ရှားမှု မှတ်တမ်းတွေကို သေချာပြုစု ထားရှိပြီး ဒါကသူတို့ရဲ့ တိုးတက်မှုကို ပြသပါတယ်။ အုပ်ထိန်းသူက အတန်း မတင်ပေးချင်ဘူး ဆိုရင်တော့ အရင်အတန်း မှာ ပြန်နေခွင့် ရှိပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ မူလတန်းနဲ့ အလယ်တန်းအတွက် ထုတ်ပြန်ထားတဲ့ အထွေထွေ သင်ရိုးညွှန်းတမ်းကို ဆရာ။မတွေက တိုက်ရိုက် သင်ဖို့ မလိုပါဘူး။ သင်ရိုးညွှန်းတမ်းမှာ ဖော်ပြထားတဲ့ မူဘောင် ထဲကနေ မသွေဖီစေဘဲ မိမိကြိုက်နှစ် သက်ရာ အကြောင်းအရာ၊ မိမိ ကျောင်းပတ် ဝန်းကျင်၊ ရေမြေဒေသနဲ့ ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းကို ကျောင်း အုပ်ကြီးနဲ့ ညှိုနှိုင်း ဆွေးနွေးပြီး ကိုယ်ပိုင် သင်ရိုးညွှန်းတမ်း ဆွဲနိုင်တယ်။
နယူးဇီလန်နိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်း နေထိုင်သူတွေရဲ့ ကလေးတွေ၊ ဒုက္ခသည်တွေရဲ့ သားသမီးတွေ၊ ပစိဖိတ် ကျွန်းစုတွေကနေ ဝယ်လင်တန်ကို ရွှေ့ပြောင်း နေထိုင်ကြတဲ့ ပစိဖိတ်သား တွေရဲ့ သားသမီးတွေ စုပေါင်းနေတဲ့    “ဆူး” ရဲ့ ကျောင်းဟာ သီးခြား ကမ္ဘာငယ် လေးတခုလိုပါပဲ။

ချစ်စရာ ခရစ်ယာန်ကျောင်းသူ ကျောင်းသားလေးတွေ ရှိသလို ခေါင်းမီးခြုံနဲ့ မွတ်ဆလင်ကျောင်းသူလေး တွေလည်း ရှိတယ်။ ဆံပင်ခွေလိပ်လေးတွေနဲ့ ကပ္ပလီလေးတွေ ရှိသလို မျက်စိ စွေစွေနဲ့ တရုတ်လေးတွေလည်း ရှိတယ်။ ဘာသာစကားပေါင်း ၃၆ မျိုးကို တရားဝင် ပြောဆိုခွင့်ရှိတဲ့ “တီအာရို” မူလတန်းကျောင်းကလေးမှာ တရုတ်စကားလဲ သင်ပေးတယ်တဲ့။ ” မွာရီ” လို့ ခေါ်တဲ့ နယူးဇီလန်ဌာနေ တိုင်းရင်းစကားကိုလည်း သင်ယူနိုင် သလို “အင်္ဂလိပ်”  ဘာသာစကား သီးသန့်သင်တဲ့ စာသင်ခန်းတွေလည်း ရှိတယ်။

များပြားပြီး ရှုပ်ထွေးကြီးမားလှတဲ့ ကျောင်းအုပ်ကြီး တစ်ယောက်ရဲ့ တာဝန် ယူရမှုကလည်း မသေးလှပါဘူး။ သင်ရိုးညွှန်းတမ်းတွေကို ဆရာ/မ တစ်ဦးချင်းစီနဲ့ ဆွေးနွေး တိုင်ပင်ရတယ်။ သင်ကြည့်လို့ အဆင်မပြေတာတွေရှိရင်    ပြန်လည် ပြင်ဆင်ရတယ်။ ကျောင်း ကောင်စီနဲ့ ပုံမှန်    တွေ့ဆုံ ဆွေးနွေး ရတယ်။ အခြား မူလတန်းကျောင်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ရတယ်။ ကျောင်းရဲ့ ဝင်ငွေထွက်ငွေကို စီမံ ခန့်ခွဲရတယ်။ တနှစ်စာ ဘတ်ဂျက်ကို ပြုစုပြီး ဝန်ကြီးဌာနကို တင်ပြ တောင်း ဆိုရတယ်။

တာဝန်တွေ များပြားပေမယ့် အချိန် ရအောင်လုပ်ပြီး အတန်းတိုင်းမှာ စာပြေး သင်တတ်တဲ့ ” ဆူး” ဟာ ၂၀၀ ကျော် ရှိတဲ့ ကျောင်းသားတွေရဲ့ နာမည်တွေ အားလုံး အလွတ်ရနေတာကလဲ သူမရဲ့ မှတ်ဥာဏ်ကောင်းမှု နဲ့ ကျောင်းသူ ကျောင်းသား တစ်ယောက်ချင်းစီကို လေးစား တန်ဖိုးထားမှုကို ညွှန်ပြနေတယ်။
ကျောင်းရဲ့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်တွေကို ရောက်အောင် သွားဖို့ရော၊ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ အတွက် ဆိုရင် လျှို့ဝှက်ချက်က ဘာလဲလို့မေးတော့ “ကောင်းမွန် တည့်မတ်တဲ့ အနာဂတ်အမြင် (vision)   တစ်ခုရှိမယ်၊ အဲဒီကို ဘယ်လို ရောက်အောင် သွားရမလဲဆိုတဲ့ အသေးစိတ် လမ်းကြောင်းတွေကိုလည်း ဖော်ထုတ်ထားမယ်၊ အဲဒါတွေကို ကိုယ်နဲ့အတူတူ အလုပ်လုပ်နေတဲ့ လူတစ်ဦးချင်းစီကလည်း သေချာစွာ နားလည် သဘောပေါက်ထားမယ်၊ တက်တက်ကြွကြွနဲ့လဲ အတူတကွ လုပ်ဆောင်တယ်၊ ပြဿနာ တစ်စုံတစ်ရာ ရှိလာရင်လည်း ပွင့်ပွင့်လင်းလင်းနဲ့ တိုင်ပင်ဆွေးနွေး အဖြေရှာကြမယ်ဆိုရင် အောင်မြင်မှာပါ” တဲ့။

ကိုယ်တွေဆီမှာလို ဗိုလ်ချုပ်ကြီးတွေဆီကလာတဲ့ မိုးကျရွှေကိုယ် အနာဂတ်အမြင် (vision) မဟုတ်။ ကျောင်းသူ ကျောင်းသားတွေ၊ ကျောင်းသား မိဘတွေ၊ ဆရာ / မတွေဆီကလာတဲ့ အနာဂတ် အမြင်။ တနည်း ပြောရရင် ကိုယ်ပိုင် အနာဂတ်အမြင်။
သင်တန်းတွေပြီးလို့ အိမ်ပြန်ရောက်ရင် ညစာထမင်းဝိုင်းမှာ အိမ်ကလူတွေ မေးနေကျစကားက ဒီနေ့ဘာတွေ သင်ခဲ့ရသလဲ ဆိုတာပါပဲ။ အင်္ဂလိပ်လို မပြတ်ပြောဖြစ်အောင် လေ့ကျင့် ပေးသလိုဖြစ်ပြီး တစ်နေ့တာ သင်ခဲ့ လေ့လာခဲ့ ရတာတွေကိုလည်း ပြန်အမှတ် ရစေတဲ့ စကားဝိုင်းပါပဲ။
ကျွန်တော်က ဒီက မူလတန်းပညာရေး စနစ်သိပ်ကောင်းကြောင်း၊ ကျွန်တော်လဲ ဒီလို ကျောင်းတွေမှာ စာသင်ခဲ့ရရင် ခုအချိန် လောက်ဆို တော်နေလောက်ပြီဖြစ်တဲ့ အကြောင်း ပြောတော့ အင်္ဂလန်၊ အိန္ဒိယ၊ မြန်မာပြည်နဲ့ နယူးဇီလန် တနံတလျားမှာ စာတွေသင်၊ အလုပ်လုပ်၊ သုတေသနတွေ အများကြီးလုပ်ခဲ့တဲ့ ” ဟယ်လင်” က ” ဟင့်အင်း၊ အဲဒါ ငါ သဘောမတူဘူး” တဲ့။ ”

ငါတို့နိုင်ငံက ပညာရေးစနစ်ကောင်းပေမယ့် နှလုံးရည်မှာ နင်တို့က ပိုကောင်းကြတယ်၊ ငါတို့ကလေးတွေက နင်တို့ လောက် လောကကြီးကို ရှုမြင်ပုံ မကောင်းကြဘူး၊ အများစုက ပညာကောင်းကောင်းသင်မယ်၊ ပြီးရင် ပိုက်ဆံ များများရှာမယ်၊ တခြား လူတွေအတွက်၊ နိုင်ငံနဲ့ လူမျိုးအတွက် ကြည့်တာ သိပ်အား နည်းတယ်၊ ပညာရေးက အရေးကြီးတယ်ဆိုတာ အထူး မပြောလိုပါဘူး၊ ဒါပေမယ့် စာရိတ္တပိုင်းဆိုင်ရာနဲ့ လောကကို ဘယ်ပုံဘယ်နည်း သဘောထားတယ် ဆိုတာတွေကလည်း အရေးကြီး နေပါသေးတယ်၊ အဲဒါကို မြန်မာ လူမျိုးအတော်များများမှာ တွေ့ရတယ်” တဲ့။
ဟုတ်ပါတယ်။

ကျွန်တော်တို့ မြန်မာလူမျိုးတွေ လောကကြီးကို ရှုမြင်ပုံ ကောင်းကြတယ်။ အဲဒီကောင်းပြီးသား ထဲကို တော်တည့် ကောင်းမွန်တဲ့ ပညာရေးစနစ်သာ ပေါင်းထည့်လိုက်နိုင်မယ်ဆိုရင်တော့ . . .။