မော်လမြိုင်မြို့နယ် မဲစာရင်း ၅၀ ရာခိုင်နှုန်းခန့် မှားယွင်းနေဟု ခန့်မှန်း

0
713

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အတွင်းတွင် ကပ်ထားသည့် မဲစာရင်းများ အနက်မှ မဲစာရင်း ၅၀ ရာခိုင်နှုန်းခန့်တွင် အမှားများ တွေ့ရှိရသည်ဟု မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောသည်။


မွန်ပြည်နယ် အခြေခံ မဲဆန္ဒရှင် များစာရင်းကို ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ ခွဲရုံးတို့တွင် ကပ်ထားပေးပြီး၊ မဲစာရင်း အတော်များများ မှားယွင်းမှုပါရှိနေသည် ဟု မွန်ပြည်နယ် အမျိုးသားဒီမိုရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောသည်။
” စိစစ်ရသလောက်က မော်လမြိုင် မြို့နယ်မှာ ၅၀ ရာခိုင်နှုန်းလောက် မှားတယ်၊ ကျိုက်ထိုဘက်ကတော့ ၃၅ ရာခိုင်နှုန်းလောက် မှားတယ်၊ အခြား မြို့နယ်တွေမှာလဲရှိတယ်၊ အမှားတွေ အများကြီး တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။
မုဒုံမြို့နယ်တွင် သေဆုံးပြီး သူများပါဝင်နေသကဲ့သို့ လွန်ခဲ့သည့် နှစ်အတန်ကြာက ပြောင်းသွားသည့် သူများလည်း မဲစာရင်းတွင် ပါနေ သည်ဟု သိရသည်။
” ဖြစ်သလို လုပ်ထားသလိုဘဲ အကုန်လုံးကို မှားနေတယ်၊ တစ်ခုမဟုတ် တစ်ခု အကုန်လုံးကို မှားနေတယ်” ဟု သံဖြူဇရပ်မြို့ခံ ဒေါ်ချိုက ဆိုသည်။
မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ် ၏ ခန့်မှန်း အခြေခံ မဲဆန္ဒရှင်များ စာရင်းသည် ၁၄ သိန်း ၂ သောင်းကျော် ရှိကာ ၎င်း မဲဆန္ဒရှင်များ စာရင်းတွင် တပ်မတော်သား မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်မိသားစုများနှင့် ရက်ပေါင်း ၁၈၀ အတွင်းနေထိုင်သူများ ပါဝင်ခြင်း မရှိသေးကြောင်း ပြည်နယ် ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
မဲစာရင်း အမှားများသည့်ကိစ္စကို မွန်ပြည်နယ်အတွင်း အဓိက လှုပ်ရှားနေ သည့် နိုင်ငံရေးပါတီကြီးတို့မှ ရပ်ကျေး အဆင့်ထိ စိစစ်ပြီး အချိန်မီ အမှန်ပြင် နိုင်အောင် ကြိုး ပမ်းဆောင်ရွက်လျက်ရှိ သည်ဟု နိုင်ငံရေး ပါတီများထံမှ သိရ သည်။