မိုးမမှန်၍ ထားဝယ်တွင် လယ်စိုက်ရန် အခက်ကြုံ

0
564

ထားဝယ်ခရိုင်အတွင်း မိုးအဝင် တွင် ရက်ပိုင်းမျှ မိုးရွာသွန်းပြီးနောက် ထပ်မရွာတော့သည့်အတွက် စပါး စိုက်ပျိုးရန် အခက်တွေ့နေကြောင်း ထားဝယ်ဒေသမှ တောင်သူလယ် သမားများက ပြောသည်။


နှစ်စဉ် နယုန်လဆန်းတွင် လယ်ယာ လုပ်ငန်းခွင်ဝင်ရန် ပြင် ဆင်၍ နယုန်လပြည့်ကျော်တွင် စပါးစိုက်ပျိုးလေ့ ရှိသော်လည်း ယခုနှစ်တွင် farmersမိုးရေမရသောကြောင့် ဝါဆိုလ ရောက်သည်အထိပင် စပါး စိုက်ပျိုး၍ မစိုက်ရသေးဟု အထက်ပါ လယ်သမားများက ပြောသည်။
ထို့ကြောင့် ပုံမှန်ထက်စပါး  စိုက် နောက်ကျမည်ဖြစ်၍ သက် ကြီး စပါးစိုက်ပျိုးမည့်အစား လယ်သမားအများစုမှ သက်လတ် (လယ်သမားများအခေါ် သက်လယ် စပါး) စပါးများကို စိုက်ပျိုးရန် ပြင်ဆင် နေကြသည်ဟု သိရသည်။
” ဒီလိုမျိုးဖြစ်တာ မကြုံဖူးဘူး၊ ထယ်လှန်(မြေလှန်)ပြီး မိုးမရွာလို့ ပျိုးခင်းထောင်မရ၊ စပါးစိုက်မရ ဖြစ်နေတယ်” ဟု သက်လတ်စပါး မျိုးစိုက်ပျိုးရန် ပြင်ဆင်ထားသော လယ်ဧက ၂၀ ကျော်ပိုင်ရှင်တစ်ဦးဖြစ်သူ ထားဝယ်ဒေသခံ ဦးမောင်အေးက ဆိုသည်။
သက်ကြီးစပါးများမှာ ရေလွှမ်းမှု ဒဏ်ကိုခံနိုင်ပြီး သက်လတ် စပါးများမှာ မိုးနည်းသည့် အချိန်တွင် စိုက်ပျိုးသည့် စပါးဖြစ်သည်ဟု သိရသည်။
သို့သော် တချို့လယ်သမား များမှာ နောက်လများတွင် မိုး ကောင်းနိုင်သည်ဟု ခန့်မှန်းပြီး သက်ကြီးစပါးကိုသာ စိုက်ပျိုးမည်ဟု ပြောသည်။
” ဒီနှစ်က လထပ်နှစ်ဖြစ်လို့ နောက် ပိုင်း မိုးကောင်းမယ်လို့ မှန်းထားတယ်။ ဒါကြောင့် သက်ကြီးစပါးကိုပဲ စိုက်ပျိုးမယ်” ဟု ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှ လယ် ၅ဧက ပိုင်ရှင် ဦးအောင်ကျော်မိုးက ပြောသည်။
သက်ကြီး၊ သက်လတ်၊ သက်ငယ် စပါးမျိုးများကို မိုးရွာသွန်းမှု အပေါ် မူတည်ပြီး ရွေးချယ်စိုက်ပျိုးခြင်ဖြစ်ကာ စပါးအထွက်နှုန်းကွာဟမှု မရှိဟု အထက်ပါ လယ်သမားများက ပြော သည်။
သက်ကြီးစပါးမျိုး၏ သက် တမ်းမှာ လေးလကျော်ရှိပြီး၊ သက် လတ်စပါးမျိုးမှာ သုံးလခွဲမှ လေးလ အကြား၊ သက်ငယ်စပါးမျိုးမှာ သုံးလခန့် သက်တမ်းရှိသည်ဟု လယ် သမားများထံမှ သိရသည်။စပါးမျိုး ၃ခုရှိသည်အနက်မှ သက်ကြီးစပါးမျိုးနှင့် သက်လတ် စပါးမျိုးကို မိုးရာသီတွင် စိုက်ပျိုးကြပြီး နွေရာသီတွင် သက်ငယ်စပါးမျိုးကို ရေသွင်းကာ စိုက်ပျိုးကြသည်ဟု သိရ သည်။