အတ္တ ဦးထုပ်တွေ ချွတ်ရေး

0
517

နှစ်ပေါင်းများစွာ တံခါးပိတ် ဝါဒနှင့် နေထိုင်လာပြီး၊ အာဏာရှင် စနစ်၏ ဖိနှိပ်မှုအောက်တွင် နေထိုင်လာခဲ့ရသည့် ယနေ့ လူ့အဖွဲ့အစည်းသည် သံသယများ မယုံကြည်မှုများ အတော်များသည်ကို တွေ့ရသည်။  ယင်းနှင့်အပြိုင် စိတ်ဒဏ်ရာများလည်း ဗလပွ။
ထို့ကြောင့် တစ်ဦးကို တစ်ဦး၊ တစ်ဖွဲ့ကို တစ်ဖွဲ့ သံသယများ မယုံကြည်မှု များဖြင့်သာ ဆက်ဆံကြသည်။

မိမိ၏ စိတ်ဒဏ်ရာ အခံများဖြင့် အပြစ်ဖို့ခြင်း၊ တစ်ဦးကို တစ်ဦး တိုက်ခိုက်ခြင်းများဖြင့်သာ အချိန်ကုန်နေပြီး အဖြေကို ဦးတည် သည့် ဆွေးနွေးမှု အဖြေရှာမှုဆီ မရောက်ဘဲ ဖြစ်နေသည်။ယင်းသို့ ဖြစ်ခြင်းသည် လူတစ်ဦးချင်းဖြစ်ပါက တစ်ဦးချင်းစီ၏ ဘ၀ အတွက် အဖြေရှာရေးတွင် အဟန့်အတား ဖြစ်တတ်သည်။
အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုဖြစ်ပါက အဖွဲ့အစည်းများ၏ လုပ်ဆောင်မှု ကြောင့် အကျိုးခံစားရမည့်သူများအတွက် အဖြေရှာ ရေးနှင့် ဝေးမည်။  ပါတီများ ဖြစ်ပါက မဲဆန္ဒရှင်များအတွက် အဖြေရှာရန် ဝေးမည်။ ယင်းသို့ မယုံကြည်မှု၊ စိတ်ဒဏ်ရာ၊ သံသယများ ပြည့်ခဲနေသည့် အနာကို ဖောက်ထုတ်ရန်မှာ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။တွေ့ဆုံဆွေးနွေးမှသာ အတွင်းတွင် အနာမည်မျှ ယင်းနေသည်။ မည်မျှ ကြီးနေသည်။ မည်သည့်အတွက်ကြောင့် အနာဖြစ်သည်။ ဆေးမည်မျှ ထည့်ရမည်။

ဆရာဝန် ခေါ်ရမည်။ ဆေးရုံတင်ရမည် စသဖြင့် အဖြေတွေ့မည် ဖြစ်သည်။  ယင်းသို့ အဖြေတွေ့ရန်မှာ အတ္တဦးထုတ်များကို ချွတ်ထား၊ ပုဂ္ဂလ ခံစားချက်များကို ဖြေလျော့ထားရန် လိုပေသည်။ တွေ့ဆုံဆွေးနွေးစဉ် အတ္တဦးထုတ်များ ချွတ်ရေး၊ ခံစားချက်များကို မေ့ထားရေးသည် အပြောလွယ် သလောက် လက်တွေ့တွင် အင်မတန် ခက်ပေသည်။ မျက်နှာချင်းဆိုင် စကား ပြောရန် မပြောမဆိုထားဘိ ဆွေးနွေးရေးအတွက် ညှိနှိုင်းရန်ပင် အတော်ခက်ပေသည်။
ယင်းကို တိုင်းရင်းသားအရေးနှင့် ၆ ပွင့်ဆိုင်ကဲ့သို့သော ဆွေးနွေးပွဲများ တစ်ဆို့နေခြင်းက သက်သေပြနေသည်။ ခက်ခဲသော်လည်း ပြဿနာ၏ အဖြေကို တွေ့ရေးဖြစ်သည့်အတွက် ကျော်ဖြတ်ရမည်ဖြစ်သည်။ နာကျင်ခံခက် ဖြစ်သော်လည်း လူထုအတွက်ဖြစ်သည့် အတွက် ရင်ဆိုင်ရမည်ဖြစ်သည်။ပါတီများသည်လည်းကောင်း၊ လူထုတစ်ဦးချင်းသည်လည်းကောင်း အဖြေရှာရေးအတွက် အတ္တဦးထုပ်များကို ချွတ်ထားရမည်ဖြစ်သည်။
ခက်ခဲသည်။ သို့သော် ချွတ်ကို ချွတ်မှ ရတော့မည်ဖြစ်သည်။