မွန်ပြည်နယ်တွင် ဝှိုက်ကတ်အပ်သူ ၂၇၈ ဦးသာရှိ

0
655

မွန်ပြည်နယ်တွင် ယာယီသက် သေခံလက်မှတ် (White Card – ဝှိုက်ကတ်) ကိုင်ဆောင်ထားသူ ၁၁၂၃ ဦးကျော်ရှိသည့်အနက် ပြန်လည်အပ်နှံသူ ၂၇၈ ဦးသာရှိသည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ် ပုံတင်ရေး ဦးစီးဌာနမှ သိရသည်။

မေလ ၃၁ ရက်နေ့ထိ ဝှိုက်ကတ် ပြန်လည်အပ်နှံသူ ၂၇၈ ဦးသာရှိကာ အများစုသည် ကျိုက်မရောမြို့နယ်မှ ဖြစ်ပြီး ချောင်းဆုံ၊ ဘီးလင်း၊ ပေါင်နှင့် သထုံမြို့နယ်တို့မှလည်း ပါဝင်သည်ဟု အထက်ပါဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဝင်းက ပြောသည်။ယင်းကတ်များ ကိုင်ဆောင်ခွင့် သည် ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးခဲ့သည့် အတွက် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ သက်ဆိုင်ရာ လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနရုံးသို့ ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဝှိုက်ကတ် ပြန်လည် အပ်နှံသူများအား အထောက်အထား စာရွက်တစ်ခု ထုတ်ပေးထားပြီး၊ ဇွန်လ ၁ ရက်မှ စတင်ကာ နိုင်ငံသား လျှောက်ထား ခွင့် စိစစ်သွားမည် ဖြစ်ကြောင်း သိရသည်။ယင်းသို့ စိစစ်နေစဉ်ကာလ တလျှောက်တွင် နိုင်ငံသားပြုခွင့် လက်မှတ် ဟုရေးထားသည့် အစိမ်းရောင် လက်မှတ် တခုကို ယာယီထုတ်ပေး သွားမည်ဟု ပြည်နယ်ဦးစီးမှူးက ပြောသည်။