အိုးလုပ်ရပ်တွင် ရှေးဟောင်း အုတ်ချပ်များ တွေ့

0
559
ဓါတ်ပုံ - တင့်လွင်

ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းအတွင်း ယခင် မြေအောက် ရေပြွန်ပိုက် နေရာအား မြေမြှုပ် တံတား တည်ဆောက်ရန် ဇွန်လ ၁၁ ရက်နေ့က တူးဖော်ရာမှ ရှေးဟောင်း အုတ်ချပ်ပြား ကြီးများကို တူးဖော်ရရှိခဲ့ကြောင်း ယင်းလမ်းအတွင်း နေထိုင်သူများထံမှ သိရသည်။

ယင်းလမ်းမှ တူးဖော် ရရှိသော အုတ်ချပ်များမှာ အလျား ၁၆လက်မ၊ အနံ ၈လက်မ၊ ထု ၃လက်မ အရွယ် အစားရှိပြီး အုတ်ချပ်ပြား အကောင်းနှင့် ကျိုးပဲ့နေသော အုတ်ချပ်ပြား စုစုပေါင်း ၁၀၀ခန့်ကို တူးဖော် ရရှိကြောင်း ၎င်းတို့က ပြောသည်။

ဓါတ်ပုံ - တင့်လွင်
ဓါတ်ပုံ – တင့်လွင်

” ဒီနေရာက ထားဝယ်မြို့ရဲ့ မြောက်ဖက်မြို့ရိုး နေရာပါ၊ ဒီအုတ်ချပ် တွေက မြို့ရိုးက ရှေးဟောင်း အုတ် ချပ်တွေ ဖြစ်တယ်” ဟု ထားဝယ် သုတေသနအဖွဲ့မှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဇော်သူရက ကောက်ချက် ချသည်။

လွန်ခဲ့သော နှစ် ၂၅၀ ကျော် (ကောဇာသက္ကရာဇ် ၁၁၁၆ခုနှစ်) က သာယာဝတီမြို့အဖြစ် ထားဝယ်မြို့ကို မင်းနဲလှ တည်ခဲ့ပြီး မြို့ပတ်လည် လေးဖက်တွင် မြို့ရိုးများကို တည် ဆောက်ခဲ့သည်ဟု သမိုင်းအထောက် အထားများအရ သိရသည်။
ယင်းနေရာမှာ မြို့၏ မြောက် ဖက်မြို့ရိုး တည်ရှိရာ နေရာဖြစ်ပြီး ထားဝယ်မြို့အား ဗြိတိသျှတို့ သိမ်းပိုက် ပြီးနောက် ယင်းမြောက်ဖက်ရှိ မြို့ ရိုးကို တူးကာ လမ်းဖောက် လုပ်ခဲ့ခြင်း ဖြစ် ကြောင်း ဦးဇော်သူရထံမှ သိရသည်။

လွန်ခဲ့သည့် ၂ နှစ် ခန့်က ထား ဝယ်မြို့၏ တောင်ဖက် မြို့ရိုး တည် ရှိသော တောင်ခွ လမ်းဆုံအနီးရှိ တံ တားကို ပြန်လည် ပြုပြင် တည် ဆောက်စဉ်ကလည်း ယင်းသို့သော အုတ်ချပ်ပြားကြီးများကို တူးဖော် ရရှိခဲ့ ကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြော သည်။ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းမှ တူးဖော်ရရှိသော ရှေးဟောင်း အုတ်ချပ် များအနက် ၅ချပ်ကို ထားဝယ် ယဉ်ကျေးမှု ပြတိုက်တွင် ပြသနိုင်ရန် ဇွန်လ ၁၂ ရက်နေ့က ပေးပို့ထားသည်ဟု ထားဝယ် သုတေသနအဖွဲ့ထံမှ သိရ သည်။ ထားဝယ်ဒေသသမိုင်း မှတ်တမ်း အရ ထားဝယ်ဒေသတွင် ရှေးမြို့ ၁၆ မြို့တည်ရှိခဲ့သည်။