ရာဇာမင်း ဆီတင်ရေယာဉ် မီးလောင် ရေယာဉ်မှူးအပါအဝင် ၅ ဦး မီးဟပ်ခံရ

0
623

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ ကျောက်မီးသွေးဆိပ် ကမ်းတွင် ဆီတင်ရန် ဆိုက်ကပ်ထားသော ရာဇာမင်း B1 ဆီတင်ရေ ယာဉ်တွင် ဇွန်လ ၈ ရက်နေ့ နေ့လည် ၁၁ နာရီ ၄၇ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ရေယာဉ်မှူး အပါအဝင် အလုပ်သမား ၅ ဦး မီးဟပ်ခံခဲ့ရသည်ဟု မော်လမြိုင် ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

ရေယာဉ်မှ အောက်တိန်း ၉၂ စည် အား ကမ်းပေါ်ရှိ ဘောက်ဆာသို့တင်ပို့ရန် ဆီပန့်မော်တာအား မောင်းနှင်စဉ် မော်တာ မှ မီးပွားများ လွင့်စင်မှုကြောင့် သင်္ဘော အင်ဂျင်စက်ခန်းရှိ ဆီပိုက်လိုင်း အဖွင့် ဘားအား မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု မီးသတ်ဌာနက ထုတ်ပြန်ထားသည်။
မီးဟပ်ခံရသည့် ရေယာဉ်မှူး ဦးဝင်းအောင်၊ စက်ဆရာနှင့် သင်္ဘော ဝန်ထမ်း ၃ ဦးကို မော်လမြိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေမဟုတ်ဟု မီးသတ်ဌာနမှ သိရသည်။

၁၂ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် မီးလုံးဝ ငြိမ်းခဲ့ သည်ဟု မော်လမြိုင်ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။
မီးလောင်မှုကြောင့် အင်ဂျင် စက်ခန်းရှိ ကေဘယ်(လ်)ကြိုးများ မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ် ၁ သိန်းခွဲခန့် ဆုံးရှုံးခဲ့သည်ဟု မီးသတ် ဌာနက ထုတ်ပြန်ထားသည်။

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရေယာဉ်မှူး ဦးဝင်းအောင်အား မုပွန်နယ်မြေရဲစခန်းမှ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။