လယ်ယာမြေများကို အိမ်ယာမြေ အကွက်ဖော် ရောင်းနေ

0
525

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ အုပ်စု ကွမ်းသီးချောင်းကျေးရွာရှိ စိုက်ပျိုးနိုင် သည့် လယ်ယာမြေများကို အိမ်ယာမြေ များအဖြစ် ဖော်ထုတ်ရောင်းချမှုများ ရှိနေကြာင်း ယင်းကျေးရွာ နေသူ များထံ မှ သိရသည်။

လယ်ယာမြေများကို ပိုင်ရှင်များ ထံ မှ ဝယ်ယူသူများက ဈေးကောင်း ပြီးဝယ် ကာ ပေ ၃၅ _၅၀ ရှိ မြေယာ ကွက်များ ဖော်ထုတ်ပြီး တစ်ကွက်ကို အနည်းဆုံး ကျပ် ၅ သိန်းမှ အများဆုံး ၃၅ သိန်းအထိ ဈေးခေါ်ကာ ရောင်းချနေသည်ဟု ကွမ်းသီးချောင်းရွာသား တချို့က ပြောသည်။
” အိမ်ယာ ကွက်ဖော် ရောင်းနေတာ တစ်လ လောက်တော့ ရှိနေပြီ၊ အခု ရက်ပိုင်းအတွင်းမှ တွင်တွင် ကျယ်ကျယ် အရောင်းအဝယ် ပြုလုပ်နေတာ တွေ့ရ တယ်” ဟု ကွမ်းသီးချောင်းရွာနေ ဥယျာဉ် လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
အဆိုပါ ကိစ္စ စန္ဒဝတ်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဆက်သွယ် မေးမြန်း ရာ လယ်ပိုင်ရှင်နှင့် ဝယ်ယူသူတို့ အရောင်းအဝယ် စာချုပ်ချုပ်ဆို စဉ်က မြေကွက်ဖော်ပြီး ပြန်ရောင်းမည်ဆိုပါက လယ်ယာမြေကို အခြား နည်းလမ်းဖြင့် အသုံးပြုခွင့်ရရှိမှ ပြုလုပ်ရန် ပြောထား ကြောင်း အုပ်ချုပ် ရေးမှူး ဦးထွန်းစိန်က ပြောသည်။
မြေကွက်ပေါ် အရောင်းအဝယ် ပြုလုပ်နေသူတစ်ဦးက သက်ဆိုင်ရာ ဌာန သို့ လျှောက်ထားသည်ဟု ဆိုသော်လည်း အုပ်ချုပ်ရေးမှူးကမူ လက်ရှိ အချိန်အထိ ရုံးသို့ လျှောက်ထားသည့် စာ မဝင်သေး ဟု ပြောသည်။
” လယ်ယာမြေကို ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်း သုံးစွဲတာ မပြုလုပ်ရဘူး ။ စာတင်ထားစဉ် ကာလအတွင်း မြေကွက် ဖော် ရောင်းချတာမျိုးကိုလည်း ခွင့်ပြု ထားခြင်း မရှိပါဘူး” ဟု မြိတ်မြို့နယ် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းကိစ္စအား ယခုလအတွက် ကွင်းဆင်းစိစစ်ပြီး လယ်ယာ စိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို တင်ပြကာ ပြန်လည်ညွှန်ကြားသည့် အတိုင်း ဆက်လုပ်မည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
စိုက်ပျိုးနိုင်သည့် လယ်ယာမြေ များကို ခွင့်ပြုချက်မရရှိဘဲ အခြားနည်း ဖြင့် အသုံးပြုပါက လယ်ယာမြေ ဥပဒေ အရ ထောင်ဒဏ် (၃)နှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အမိန့် ချမှတ်နိုင်သည်ဟု မြိတ်မြို့နယ် လယ်ယာ မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာနမှ သိရသည်။
ကွမ်းသီးချောင်း ကျေးရွာတွင် လယ်ယာမြေ ၁၅၀ ဧကကျော်ခန့် ရှိသည့်အနက် မြေကွက်ဖော်ရောင်း ချနေသည်မှာ ၁၀၀ ဧကနီးပါး ခန့်ရှိ နေ ကြာင်း ယင်းရွာနေ လယ်ယာမြေလုပ် ကိုင် သူတစ်ချို့က ပြောသည်။
လက်ရှိတွင် အကွက် ဖော်ထား သည့်နေရာများတွင် အိမ်မဆောက်ကြ သေးဟု သိရသည်။