မဲစာရင်းကို မွန် လူထု စိတ်ဝင်စားမှု မပြ

0
668

မွန်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့ က စပြီး မဲစာရင်း စတင် ကြေညာရာ ၃ ရက်အကြာအထိ လူထု စိတ်ဝင်စားမှု မပြသေးဟု ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနှင့် မြို့ခံများထံမှ သိရသည်။

ပထမရက်တွင် မဲစာရင်း လာကြည့် သူ ၂၀ ဦးခန့်သာ ရှိပြီး ဒုတိယနေ့တွင် လည်း မွန်းလွဲ ၁ နာရီခန့်အထိ မဲစာရင်း လာကြည့်သူ တစ်ဦးစ နှစ်ဦးစသာ ရှိသေးကြောင်း မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်း က ပြောသည်။
တတိယနေ့တွင်လည်း မဲစာရင်း ကြည့်သူ အနည်းငယ်သာ ရှိသည်ဟု သိရသည်။
mon-election
” လာမကြည့်ကြဘူး စိတ်မဝင်စား ကြတာလား မအားကြတာလားတော့ မသိဘူး၊ ဒါပေမယ့် စနေ၊ တနင်္ဂနွေ ကျရင် များမလား တော့ မပြောတတ်ဘူး၊ အတွေ့အကြုံအရပေါ့ ၂၀၁၀၊ ၂၀၁၂ ကလိုမျိုး နောက်ဆုံးနေ့ကျမှ ပြုံပြီး လာကြည့်ကြမလား မသိဘူး” ဟု ဦးကျော်သန်းက ဆိုသည်။
မွန်ပြည်နယ် အခြေခံမဲ ဆန္ဒရှင် စာရင်းကို ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ ခွဲရုံးတို့တွင် ကပ်ထားပေးမည်ဖြစ်ပြီး၊ ပြည်နယ် တခုလုံးရှိ ရပ်ကွက်၊ ကျေးရွာ ပေါင်း ၁၂၆၈ နေရာ ကပ်ထားပေးမည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

” ဘယ်လိုလုပ်ရမှန်းတောင် မသိ တော့ဘူး၊ ပညာပေးလုပ်ငန်းတွေ နောက်ပြီးတော့ CSO (လူထုအခြေပြု အဖွဲ့) တွေနဲ့ ပိုစတာတွေ လက်ကမ်း စာစောင်တွေလဲ ဖြန့်ထားတာ မနည်းဘူး၊ အားမရဘူး၊ CSO ဘက်လဲ အားမရဘူး၊ ဒီဟာက လုပ်ပါဆိုပြီး ဖိအား ပေးလို့လဲ မရဘူးလေ” ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက် က ပြောသည်။
နယ်ဘက်တွင်မူ မဲစာရင်း လာ ကြည့်သူများသည်ဟု နိုင်ငံရေးပါတီ တချို့က ပြောသည်။

” ရပ်ကွက်၊ ကျေးရွာတိုင်းမှာ တာဝန်ပေးပြီးတော့ မဲစာရင်းကြည့်ကြဖို့ နှိုးဆော်တာ ကူညီဆောင် ရွက်ပေးတာ တွေရှိတယ်၊ နယ်ဘက်ကတော့ ကြည့်ကြ ပါတယ်၊ ၇၀ ရာခိုင်နှုန်း လောက်တော့ ရှိမယ်၊ ဒါပေမယ့် ဒီထက် လာကြည့်ကြဖို့ လုပ်ရမယ်” ဟု မွန်အမျိုးသားပါတီ ဗဟို ကော်မတီဝင် နိုင်စံလှိုင်က ပြောသည်။
မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရာတွင် မှားယွင်းမှုရှိပါက မပါသင့်သူများ ပါဝင်ခြင်း၊ မှားခြင်း၊ ပျယ်ဖျက်ခြင်း ဆိုသည့် ပုံစံ ၃ မျိုးဖြင့် မဲစာရင်းအသစ် လျှောက်ပြီး ပြင်ဆင်နိုင်သည်။