မွန်တွင်ငါးလအတွင်း သွေးလွန်တုပ်ကွေးဖြစ်သူ တစ်ထောင်ကျော်

0
647

မွန်ပြည်နယ်တွင်ငါးလအတွင်း သွေးလွန်တုပ်ကွေးဖြစ်သူတစ်ထောင်ကျော်ရှိပြီး သေဆုံးသူ ၃ ဦးရှိခဲ့ကြောင်း ပြည်နယ်ငှက်ဖျား ဆရာဝန်ကြီးထံမှ သိရသည်။ဇန်နဝါရီလဆန်းကတည်းက စတင် ဖြစ်ပွားခဲ့ပြီး မေလ ၃၀ ရက်နေ့နောက်ဆုံး စာရင်းအရသွေးလွန်တုပ်ကွေးဖြစ်သူ ၁၁၂၆ ဦး ရှိခဲ့ကြောင်း အထက်ပါ ဆရာဝန်ကြီးက ပြောသည်။


ပေါင်မြို့နယ်သည်ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ကာ ၂၈၈ ဦး ဖြစ်ပွားခဲ့ပြီး ဒုတိယ အများဆုံးမှာမော်လမြိုင်မြို့ဖြစ်ပြီး ၂၃၁ ဦး ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယင်းတို့အနက်မော်လမြိုင်မှ ၂ ဦးနှင့်သံဖြူဇရပ်မှ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
” နောက်ဆုံးအဆင့်ရောဂါကူးစက်ခံရတဲ့ကလေးငယ်တချို့ရန်ကုန်ကိုသွားပြီး ဆေးကုတာလည်း ရှိနေတယ် ” ဟု ၎င်းကပြော သည်။
မွန်ပြည်နယ်သည်တစ်ပြည်လုံး အတိုင်းအတာဖြင့်ရောဂါဖြစ်ပွားမှုအမြဲစောလေ့ရှိပြီး ယခုနှစ်တွင်ခါတိုင်းနှစ်ထက်ပိုစောကာ ဇန်နဝါရီလဆန်းပိုင်း ကတည်းကစဖြစ်ခဲ့သည် ဟု သိရသည်။
ရောဂါကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်သည့်ပေါင်မြို့နယ်တွင်ရောဂါ စဖြစ်ပွားသည့် အချိန်မှစပြီးကြိုတင်ကာကွယ်မှုများ လုပ်နေ သော်လည်း ယခုချိန်ထိမထိန်းချူပ်နိုင်သေးဟု ဇွန်လ ၄ ရက်နေ့ကပြုလုပ်ခဲ့သည့်သွေးလွန်တုပ်ကွေးရောဂါကုသခြင်း သင်တန်းဖွင့်ပွဲ၌ ပေါင်မြို့နယ်ဆရာဝန်ကြီးက ပြောသည်။
” ပြည်သူလူထု ပူးပေါင်းပါဝင်မှု နည်းတယ်၊ ပြီးတော့ရေလှောင်ထားကြတယ်၊ အဲဒါတွေကိုစစ်ဆေးမှုပြုလုပ်ဖို့အခက်အခဲတွေရှိတယ်၊ ပြီးတော့ရေတွေမှာခတ်ဖို့ Abate ဆေးတွေလည်း လုံလောက်မှုမရှိဘူး” ဟု အထက်ပါ ဆရာဝန်ကြီးက ဖွင့်ဟသည်။
ကွင်းဆင်း စစ်ဆေးမှုအရထိုဒေသသည် ရေရှားပါးသဖြင့်ရေလှောင်ကန်များ တည် ဆောက်ထားပြီး ကာကွယ်တားဆီးထားခြင်း မရှိသည့်အတွက်ရေလှောင်ကန်တွင်ခြင်များ ပေါက်ဖွားပြီး ထိုခြင်မှတဆင့်ရောဂါကူးစက် ဖြစ်ပွားခဲ့သည်ဟု ၎င်းကပြောသည်။
သွေးလွန်တုပ်ကွေးသည် ၂ နှစ်တစ်ကြိမ်၊ ၃ နှစ်တစ်ကြိမ် အဖြစ်များတတ်ကာ မွန်ပြည် နယ်တွင် ၂၀၁၃ ခုနှစ်ကအဖြစ်များခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်ရောဂါဖြစ်ပွားမှုလျော့ကျခဲ့သဖြင့် ယခုနှစ်တွင်ပြန်လည်အဖြစ်များမည်ဟု ပြည်နယ် ကျန်းမာရေးဌာနကခန့်မှန်းထားသည်။
ဇွန်နှင့်ဇူလိုင်လအတွင်း ပိုမိုများပြား လာနိုင်ပြီး စက်တင်ဘာလလောက်မှရောဂါကူးစက်ဖြစ်ပွားမှုလျော့နည်းလာမည်ဟု ပြည်နယ် ငှက်ဖျားဆရာဝန်ကြီးက ခန့်မှန်း ထားသည်။
မွန်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်ကသွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၆၃၃ ဦးရှိပြီး သေဆုံးသူ ၂ ဦး၊ ၂၀၁၃ ခုနှစ်ကသွေးလွန် တုပ်ကွေးဖြစ်ပွားသူ ၃၀၄၂ ရှိပြီး ၂ ဦး သေဆုံးကာ ၂၀၁၄ ခုနှစ်တွင်ရောဂါဖြစ်ပွားမှု ပြန်လျော့ကျခဲ့ကြောင်း ပြည်နယ်ကျန်းမာရေး ဌာန၏ စာရင်းအရသိရသည်။