နတ်တွေ အိမ်ခြေရာမဲ့

393
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အခုတလော ဖိုးဟား ခရီးအတော် သွားဖြစ်တယ်။ လူမှုရေးအလုပ် လုပ်သူ ဆိုတော့ ပြသနာတွေ ရှိတဲ့ အရပ်တွေကို ရဲဘော် ရဲဘက်တွေနဲ့ သွားလိုက်၊ ဆရာ သမားတွေနဲ့ သွားလိုက်နဲ့ တော်တော် လည်း ခရီးရောက်ခဲ့တယ်။အဲလို သွားရင်းနဲ့    အတွေးတစ်စ ဖိုးဟားခေါင်းထဲ ဝင်လာတယ်။


” ဘာကြောင့်များ တောင်တွေကို ဖြိုနေတာလဲ”
” ဘာကြောင့်များ ချောင်းတွေ တိမ် ကောနေရတာလဲ”
သွားတဲ့ နေရာတိုင်းနီးပါးမှာ တောင်တွေကို ပုံစံမျိုးစံနဲ့ ဖဲ့ချနေတာ၊ ငယ်ငယ်က ရေကစားခဲ့တဲ့ ချောင်းတွေ ကောပျောက်သွားတာတွေ မြင်ရတော့ ဖိုးဟားခေါင်းထဲ ဒီလို အတွေး ဝင်လာ တာပေါ့။
တလောလေးကလည်း ထားဝယ် ရေနက်ဆိပ်ကမ်း ကနဦး စီမံကိန်း အကောင်အထည်ဖော်နေတဲ့ နေရာကို သူငယ်ချင်း တစ်ယောက်နဲ့ အပျော် တမ်း ဓာတ်ပုံသွား ရိုက်ခဲ့ပါတယ်။

phoe-har
အဲဒီနေရာမှာလည်း တောင်တွေကို ဖြိုနေပါရော။ ဒါနဲ့ ဖိုးဟားနဲ့ အတူ သွားတဲ့ သူငယ်ချင်းကို မေးကြည့် တယ်။ ဘာဖြစ်လို့ တောင်တွေကို ဖြိုနေ တာလဲလို့။
သူပြန်ဖြေတာကတော့ ” မြေပြန့် လုပ်ဖို့ပေါ့” တဲ့။
ဖိုးဟား ပြန်စဉ်းစားကြည့်တော့ တောင်တွေကို ဖြိုတာ မြေပြန့်လုပ်ဖို့ မဟုတ်ရင် ဘာလုပ်ဖို့ ရှိမတုန်း။ ရှိရင် လည်း ရှိမှာပေါ့။ ဖိုးဟားမှ  ဥာဏ်မမီဘဲ။
သူငယ်ချင်းကတော့ ကင်မရာ တစ်လုံးနှင့် ဟိုဘက်ကို ရိုက်လိုက် ဒီ ဘက်ကို ရိုက်လိုက် တော်တော်လေး အဆင်ပြေနေရှာရဲ့။
” လိုင်တင်(အလင်း)ကလည်း ကောင်းမှ ကောင်း ” လို့ အော်ပြောလိုက်သေး။
ဒါပေမဲ့ ဖိုးဟားမှာတော့ အတွေး များက တစပြီးတစ တိုးတိုးလာပြီး ဓာတ်ပုံတောင်ဆက် မရိုက်ဖြစ်တော့။
တစ်ယောက်တည်း သစ်ပင် ခြေရင်းမှာ ထိုင်ရင်း တောင်ကို စောင့်တဲ့ တောင်ပိုင်ဘိုးဘိုးတို့၊ သစ်ပင်ကို စောင့် တဲ့ သစ်ပင်စောင့်ရှောက်တဲ့ နတ်မင်း တို့ရော ဘယ်နေရာမှာ သွားနေကြပါ လဲဆိုတဲ့ ရူးကြောင်ကြောင် တွေးနေမိ ပါတယ်။ အဲဒီအတွေးဟာ အိမ်ပြန်ခရီး တောက်လျောက်လည်း ပါလာလေရဲ့။
ညဘက် သူငယ်ချင်းတွေနဲ့ တွေ့တော့ ထားဝယ်ရေနက်ဆိပ်ကမ်း အမြန်ဆုံး အကောင်ထည် ဖော်နိုင်ဖို့ ကန်တော့ပွဲ (၁၀၈)ပွဲနဲ့ နတ်မင်းကြီး များကို ထားဝယ်မြို့၊ ကြက်သံဒိုင်း ဘုရားမှာ ကန်တော့တဲ့  အကြောင်း ပြောဖြစ်ပြန်ပါတယ်။
ဒီအခါမှာ ဖိုးဟားအတွေးထဲ နတ်မင်းကြီးတွေ ရောက်လာပြန်ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်း       အ ကောင်ထည်ဖော်လို့ ဘုံပျောက်သွားတဲ့ နတ်မင်းကြီးတွေ့နဲ့ ထားဝယ်ရေနက်ဆိပ် ကမ်း အမြန်ဆုံး အကောင်ထည်ဖော်နိုင်ဖို့ ကူညီပေးတဲ့ နတ်မင်းကြီးတွေရယ် နောက်ပြီး ထိုင်းနိုင်ငံကနေ ရွှေ့ပြောင်း လာတဲ့ နတ်မင်းကြီးတွေရယ်၊ ထားဝယ် ရေနက်ဆိပ်ကမ်း ဒေသခံ နတ်မင်းကြီး တွေရယ် စုံလို့ဗျ။
အော် . . ဒီစီမံကိန်းနဲ့အတူ လူတွေ ရှုပ်ယှက်ခတ်လာသလို နတ် မင်းကြီးတွေ ခမျာလည်း လူတွေလို့ပဲ ရှုပ်ယှက်ခတ်နေ ပါလားနော်။
ဒီလိုနဲ့ ညအိပ်တော့ ထားဝယ် ရေနက်ဆိပ်ကမ်း အမြန်ဆုံးအကောင် ထည်ဖော်နိုင်ဖို့ ကူညီပေးနေတဲ့ နတ် မင်းကြီးနဲ့ တွေ့တယ်။
ဖိုးဟားလည်း တွေ့တွေ့ချင်း နတ်မင်းကြီးကို မေးပါလေရော။

” နတ်မင်းကြီးခင်ဗျား ထားဝယ် ရေနက်ဆိပ်ကမ်း အကောင် ထည်ဖော်လို့ ဘုံပျောက်သွားတဲ့ တောင်ပိုင်ဘိုးဘိုးတို့၊ သစ်ပင် စောင့်နတ်မင်းတို့ အတွက် ဘယ်လို စီစဉ်ထားပါသလဲ”
နတ်မင်းကြီးကတော့ ”  သူတို့ အတွက် စက်ရုံတွေဆောက်ဖို့ လုပ်နေ တယ်။ စက်ရုံတွေပြီးရင် အဲဒီမှာ စောင့် လို့ရတယ် ” တဲ့လေ။
” သူတို့မှ မစောင့်ရင် ဘယ်သူတွေ လာစောင့်မှာလဲ သူတို့အတွက်ပဲလေ” လို့လည်း ပြောသွားသေး။
အဲဒါနဲ့ ဖိုးဟားလည်း ဝမ်းသာ အားရနဲ့ ဝုန်းဆို ထပြေးပြီး ထားဝယ် ရေနက်ဆိပ်ကမ်း အကောင် အထည် ဖော်လို့ ဘုံပျောက်သွားတဲ့ နတ်မင်းကြီး တွေကို လိုက်ရှာပါလေရော။
ဟိုရွာဝင် ဒီရွာထွက် ရှာလိုက်တော့ ဘုံပျောက်နေတဲ့ နတ်မင်းကြီးတွေ အုပ်စုဖွဲ့ ဆွေးနွေးနေတာကို တွေ့တယ်။
သူတို့ကို တွေ့တော့ ဖိုးဟားလည်း ဆွေးနွေးဝိုင်း နံဘေးနားမှာ ခဏ ဝင်ထိုင်ပါတယ်။ နောက်မှ ပြောမယ်ပေါ့။
ဒါပေမယ့် ဆွေးနွေးဝိုင်းထဲက ဘုံပျောက် နတ်တွေကို ဖိုးဟားကိုပဲ မျက်မှုန်ကုတ်ကြည့်နေတယ်။
” ဘာဖြစ်လို့များပါလိမ့် ” လို့ တွေးတာ အဖြေက မရ။
ဖိုးဟားတွေးတယ်။ ဘာကြောင့် မျက်မှုန်ကုတ်ကြည့်နေတာလဲ။ ဖိုးဟား ဘာမဟုတ်တာ လုပ်ထားလို့လဲ၊ ဘာမှား လို့လဲ။ အဲလို အဖြေမရတဲ့ အတွေးတွေနဲ့ အကြပ်တွေ့နေတုန်း  ဘုံပျောက် နတ်တစ်ပါးက ဖိုးဟား အင်္ကျီကို လက်ညှိုး ထိုးပြီး အော်ငိုပါ လေရော။
အဲဒီလို လက်ညှိုးထိုး ငိုမှပဲ ဖိုးဟား လည်း သဘောပေါက်တယ်။ တိုက်ဆိုင် လိုက်ပုံက ဖိုးဟား ဝတ်လာတဲ့ အင်္ကျီမှာ ဘက်ဖိုးပုံနဲ့ မြေသယ်ကားပုံတွေ ပါနေလို့တဲ့လေ။ တော်သေးတာပေါ့။ ဘုံပျောက်နတ်တွေ ဝိုင်းမရိုက်တာ  ကံကောင်း။
နတ်တွေကို မျက်နှာချိုသွေး ပြုံးပြပြီး အင်္ကျီကို ချက်ခြင်း ပြောင်းပြန် လုပ်ပြီး ဝတ်လိုက်ပါတယ်။
ဒါပေမဲ့ ကိစ္စကမပြီးသေး နတ်သား တချို့က ကျွန်တော့်ကို စပြီး ပြဿ        နာရှာ ပါလေရော။ ဘာဖြစ်လို့လဲဆိုတော့ Made in Thailand ဆိုတဲ့ စာသားက သူတို့နဲ့ ဓာတ်မတည့်ဘူးဖြစ်နေတယ်တဲ့။
အဲဒါနဲ့ပဲ နတ်တွေပဲ စိတ်ချမ်းသာ ပါစေဆိုပြီး ဖိုးဟားရဲ့ ထိုင်းနိုင်ငံထုတ် အင်္ကျီလေးကို ချွတ်ထား လိုက်ရပါလေ ရော။ အဲဒီတော့မှ နတ်တွေက အရော တဝင် စကားပြောတယ်။ ရင်ဖွင့်တယ်လို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။
ထားဝယ်စီမံကိန်း စပေါ်လာပြီး နောက်ပိုင်းမှာ ထားဝယ်နတ်သဘင် အစည်းအဝေးတွေမှာ ထိုင်းနတ်တွေ ပါလာတဲ့ အကြောင်း၊ ထိုင်းမှ ထိုင်းဖြစ် နေတဲ့ နတ်တွေလည်း ပေါ်လာ ကြောင်း ပြောပါတယ်။
မြန်မာဆန်ဆန် ” မင်္ဂလာပါ”  လို့ နှုတ်ဆက်သံတွေ ပျောက်ဆုံးသွားပြီး     ” ဆာဝါဒီခါ့”  လို့ နှုတ်ဆက်တာကို ပိုပို သုံးစွဲလာကြောင်း သူတို့ နတ်လောကမှာ ထိုင်းနတ်တွေ နယ်ချဲ့လာပုံကို ဖောက် သည်ချပါတယ်။
နောက်ပြီး လက်ရှိသူတို့ ဘုံပျောက် နေရတဲ့အကြောင်း သူတို့အတွက် နေရာတွေ လိုအပ်နေတဲ့ အကြောင်းလည်း ပြောပါတယ်။
ဒါနဲ့ ဖိုးဟားကလည်း အားရ ဝမ်းသာနဲ့ မျက်နှာလိုမျက်နှာရ  ရေနက် ဆိပ်ကမ်း အကောင်အထည်ဖော်ဖို့ ကူညီ ပေးနေတဲ့ နတ်မင်းကြီး ပြောတဲ့” စက်ရုံ တွေမှာ စောင့်ဖို့”  ဆိုတဲ့ သတင်းကို သူတို့ကို ပေးတယ်။
နတ်တွေက တူးတူးခါးခါး ငြင်းပါ တယ်။ စက်ရုံတွေမှာ သူတို့ မနေချင် ဘူးတဲ့။ သင့်လည်း မသင့် တော်ဘူးတဲ့။ ဆိုလိုတာက တောစောင့်နတ်၊ တောင် စောင့်နတ်ဘ၀ ကနေ စက်ရုံစောင့်နတ် မပြောင်းချင်ဘူးတဲ့။ သူတို့အတွက် မျှော်လင့်ချက် ရေးရေးရှိတဲ့ သတင်းကို လည်း သူတို့ ရထားတယ်လေ။  ဇွန်လ ၅ ရက်နေ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့မှာ သစ်ပင်စိုက်မယ့် သူတွေ ရှိမယ်တဲ့။
အရင်နှစ်တွေကလည်း အပင်တွေ စိုက်လို့ တချို့နတ်တွေဆို ထူထူ ထောင်ထောင် စိုစိုပြည်ပြည်ကို ဖြစ် နေပြီတဲ့။
ဒါကြောင့် အပင်တွေ စိုက်နေကြ တာကို သူတို့ နတ်တွေအနေနဲ့ ကြိုဆို ပါသတဲ့။ အပင်စိုက်သူတွေကို ကျေးဇူး တင်ကြောင်း ပြောပေးပါတဲ့။ ဖိုးဟားလည်း အပင်စိုက်ရာမှာ ပါတော့ ဘ၀မှာ လူမချီးမွမ်းခံရဖူးပေမယ့် နတ်ချီးမွမ်းခံရတော့ လေထဲ ခပ်မြောက် မြောက် လမ်းလျှောက် ပြန်ခဲ့ရဲ့။
ပြုံးပြုံး ပြုံးပြုံးနဲ့ လမ်းလျှောက် ပြန်လာတုန်း သစ်ကားကြီး နှစ်စင်း အိပဲ့အိပဲ့နဲ့ ဖိုးဟားဘေး ဖြတ်တက် သွားရော။ သစ်လုံးကြီးတွေ ကြည့်ပြီး စိတ်ထဲတစ်မျိုး။ ဟိုငေးဒီငေး ထပ် လျှောက်တော့ ရော်ဘာစိုက်ဖို့ တောခုတ် ထားတဲ့ တောင်တွေကို ထပ်မြင်ပြန်ရော။
နေပါဦး မနက်ဖြန် ဖိုးဟားတို့ သူငယ်ချင်းတစ်သိုက် စိုက်မှာက အပင် က ရှိလှ ထောင်ဂဏန်းပေါ့။ ပြီးတော့ တစ်နှစ်မှ တစ်ခါ။
တွေးနေတုန်းပဲ မီးသွေးထော်လာဂျီ တစ်စီး ထပ်ဖြတ်သွားပြန်ရော။
စိတ်ညစ်ညစ်နဲ့ အိမ်ကို ခပ်သွက် သွက် လျှောက်လာပြီး ရေတစ်ခွက်ကို ဒေါကြီး မောကြီးသောက် အိပ်မယ် လုပ်တော့ အဖေက တီဗွီကြည့်တုန်း။ဒီဗွီဘီလိုင်းက နိုင်ငံအဝှမ်း သစ်ခိုး ထုတ်နေတဲ့ သတင်းတွေ ထုတ် လွှင့်သံ ကြားရတယ်။ တနေကုန် လျှောက်သွား ထားတော့ မျက်လုံးလေး စင်းပြီး နားထောင်နေတယ်။
မနက်ဖြန် စောစောထပြီး အပင် တွေ စိုက်ရဦးမယ်လေ။
ထားဝယ်စီမံကိန်းအတွက် ပြောင် သလင်း ခါပေးလိုက်ရတဲ့ ဒီရေတော တွေ၊ ဆီအုန်းပင်တွေရဲ့ အော်သံ တွေ အတိုင်းသား ကြားရရဲ့။ လျော်ကြေးမျှော် ဟန်ပြ ရော်ဘာ စိုက်ပျိုးရေးခြံတွေထဲက နန်းကျအပင် လေးတွေရဲ့ ရှိုက်သံ။
သစ်လုံးတင်ကားတွေ ရာချီ ဖြတ် သွားသံတွေ။ အပင်တွေ စိုက်ရင်း ခြေကုန် လက်ပန်းကျ ငိုကြီးချက် မဖြစ်နေကြတဲ့ ဖိုးဟား သူငယ်ချင်းတွေ။သူတို့ကို ကြည့်ပြီး ဖိုးဟားလည်း  အသည်းမခိုင်တော့ စိုက်မယ့် ခရေပင် သုံးပင် ပိုက်ပြီး အော်ငိုနေရဲ့။ ဖိုးဟား အော်ငိုနေတုန်း အိမ်ခြေ ရာမဲ့ နတ်တွေ ကား ဆယ်စီးတိုက် လောက် ရောက် လာပြီး ဖိုးဟားစိုက်မယ့် အပင်မှာ နေဖို့ စာရင်းပေးပြန်ရဲ့။
နောက် ဘယ်က ပြန့်လွှင့်လာမှန်း မသိတဲ့ အသံ။
” ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ တောင်စောင်နတ်၊ တောစောင့်နတ်များ ကျန်းမာချမ်းသာ ကြပါ၊ စိတ်ချမ်းသာ ကြပါစေ”
အဲဒီ အသံက ဖိုးဟား အော်ငိုသံကို တိုးမပေါက်ပါဘူး။
”  ဖိုးဟား ဖိုးဟား ထတော့ မင်းသူငယ်ချင်းတွေ ရောက်နေပြီ”
အဖေ့လှုပ်နှိုးလို့ မျက်လုံး ဖွင့်လိုက်တော့ အဖွားက ဘုရားရှိခိုး မေတ္တာပို့လို့။
အိပ်ချင်မူးတူးနဲ့ အိပ်ရှေ့ ထွက် လိုက်တော့ ခရေပင်တွေ  ထော်လာဂျီ ပေါ်တင်ပြီး စောင့်နေတဲ့ ဖိုးဟား သူငယ်ချင်း တစ်သိုက်။