အရှုံးကိုခံယူတတ်ခြင်း

0
525

အသက် ၂၀ အောက် (U20) ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မြန်မာအသင်းက ဝင်ရောက်ယှဉ်ပိုင်သည့် ပွဲ ၃ ပွဲစလုံးတွင် ရှုံးနိမ့်ခဲ့သည်။ ရှုံးနိမ့်ခဲ့သည့် ပွဲများပြီးတိုင်း ယင်းအသင်းကိုပြစ်တင်မှုများ မရှိသလောက်သာတွေ့ရပြီး (U20) အသင်းအနေဖြင့်အကောင်း အဆုံးကြိုးစားခဲ့ကြောင်း ပရိသတ် အနေဖြင့် အပြစ်မမြင်ဘဲ ဆက်လက်အားပေးနေမည်ဖြစ်ကြောင်းကိုပြောကြသည်။


အထူးသဖြင့်တွေ့တွေ့သမျှမြင်မြင်ရာဆဲတတ်သူများ ပေါလွန်းသည့် ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာများတွင်လည်း အရှုံးကို ကျေကျေနပ်နပ် ခံယူသည့် အရေးအသား၊ အသင်း၏ အားထုတ်မှုကိုအသိအမှတ်ပြုသည့် အရေးအသားများကိုသာအများစုတွေ့ရသည်။
ယင်းသို့သောအရေးအသားနှင့် ပြောဆိုမှုများကိုတွေ့သည့်အခါမြန်မာ လူအဖွဲ့အစည်းတွင် အရှုံးကို ကျေကျေနပ်နပ်လက်ခံတတ်သည့်အလေ့ အထအစပျိုးလာပြီလားဟု လွန်လွန်ကဲကဲအတွေးပိုမိသည်။
လက်ရှိမြန်မာ့လူအဖွဲ့အစည်း၏ အခြေအနေဖြစ်သည်ယေဘုယျအားဖြင့် မြင်မြင်သမျှတစ်ယောက်ကိုတစ်ယောက်အပြစ်ဖို့၊ ဆင်ခြေပေး၊ မစားရသည့် အမဲသဲနှင့်ပက်၊ မင်းသားမလုပ်ရသည့်အတွက်ပတ်မကြီး ထိုးဖောက်စ သည့် အမြစ်တွယ်နေသည့် စိတ်အလေ့အထများဖြင့် အကူးအပြောင်း ကာလကို နှေးဖင့်လေးအီတွင် ဖြတ်သန်းနေရသည်။
ယင်းစိတ်အလေ့အထများကို ကုစားရန် (U20) ပွဲများအပြီးတွင် ပေါ် လာသည့်ခံစားမှုနှင့်စိတ်အစဉ်သည်အင်မတန် အရေးကြီးပေသည်။
တစ်စုံတစ်ယောက်၏ ကြိုးစားအားထုတ်မှုကိုအသိအမှတ်ပြုမှု၊ ရင်ဆိုင်ရသည့် အရှုံးကို တည်တည်ငြိမ်ငြိမ်နှစ်နှစ်လိုလို ခံယူတတ်မှုများသည်ပဋိပက္ခများကို ဦးတည်စေသည့် စိတ်အစဉ်နေရာတွင် အစားထိုးနေရာယူလာနိုင်အောင် အမြဲယူဆောင်သွားသင့်ပေသည်။
မကြာမီလပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ယူဆရသည်။ မဲဆွယ်စည်းရုံးရမည်။ မဲပေးကြရမည်။ ရွေးကောက်ပွဲ၏ ရလာဒ်ကို ခံယူကြရမည်။ထို့ကြောင့် မဲဆွယ်စည်းရုံးသည့်အခါ ပါတီအချင်းချင်း (U20) ထုံး နှလုံးမူသင့်ပေသည်။ ထို့အတူပင် ရွေးကောက်ပွဲနေ့တွင်လည်း(U20)ထုံး နှလုံးမူသင့်ပေသည်။
ရွေးကောက်ပွဲပြီးသည့်     အခါတွင်လည်း (U20) ထုံး ဆက်လက် ကျင့်သုံးသင့်ပေသည်။ သို့မှာသာ ပဋိပက္ခနဲစွာဖြင့် နောက်ထပ်အစိုးရတစ်ရပ် ကို သင့်တင့် လျှောက်ပတ်စွာရွေးချယ်နိုင်မည်ဖြစ်သည်။
အရှုံးကို ခံယူတတ်ခြင်းသည်ရှုံးသည့်ကြားကရသည့်   အောင်နိုင် ခြင်းပင် ဖြစ်သည်ကိုပြောလိုရင်းဖြစ်သည်။