ပြည်ပျက်ကြီး၏ သစ္စာခံများ

0
969

နယူးဇီလန်က ဘောလုံးပွဲ၊ စင်ကာပူက ဘောလုံးပွဲတွေကို ဆက်တိုက်ကြည့်ပြီး သကာလ ဗမောင်းတို့ သစ္စာခံများ အကြောင်း တွေးမိလေသတတ်လေ။ ရိုးရိုးသစ္စာခံများ မဟုတ် ပြည်ပျက်ကြီး၏ သစ္စာခံများ။

(က)

ပြောရင်နာလည်း မတတ်နိုင်ဘူး။ တကယ်တော့ တိုင်းပြည်ကြီးက ပျက်နေတာကြာလှပါပြီ။ စီးပွားရေးက ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ။ ခန့်မှန်းလို့လည်းမရ။ ရော်ဘာပဲ စိုက်ရမလား၊ ခရီးသွားလုပ်ငန်းလေးပဲ ကောင်းမလား။ ငွေသားပဲ သုံးတဲ့ တိုင်းပြည်။ (ဘဏ်ကတ်စနစ်၊ ချေးငွေစနစ် ဘာမှ မရှိ)၊ ၂ လုံး ၃ လုံးကနေ ဘောလုံးအထိ လောင်းကစားလုပ်ငန်းတွေက အမြစ်တွယ်နေ။ မြန်မာကျပ်ငွေကို အခြားပြင်ပ တစ်နေရာမှာ တရားဝင် လဲလို့မရ။ ကျေးလက်တွေမှာ အလယ်လတ်တန်း လုပ်သားအင်အားစုတွေက သူများနိုင်ငံမှာ အလုပ်လုပ်နေရ။

11401086_563767523762064_4276463972851170958_n
နယူးဇီလန်နိုင်ငံတွင် ယူ ၂၀ ကမ္ဘာ့ဖလားပွဲအားပေးနေသော မြန်မာပရိသတ်တစ်ဦး။ Photo – MFF

နိုင်ငံရေးလား ပြောကို မပြောချင်တော့ပါဘူး။ ကိုယ့်အတွက်ကိုယ်လိုသလို ဆွဲ အတည်ပြုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဥပဒေအတွင်းက ပြင်ပါတဲ့။

ဒီလိုနိုင်ငံမျိုးကို Failed State လို့ခေါ်လားမသိ။ ယဉ်ယဉ်ကျေးကျေး ဘာသာပြန်ရရင် ကျဆုံးနေသော တိုင်းပြည်ပေါ့ဗျာ။ တိုတိုတုတ်တုတ်ပြန်ရရင် ပြည်ပျက်ပေါ့။

ကမ္ဘာ့သြဇာကြီးမီဒီယာ Foereign Policy မှာ ဖော်ပြချက်အရဆိုရင် ၂၀၁၃ မှာ မြန်မာပြည်က သူ့အောက်မှာ တိုင်းပြည် ၂၅ ခုပဲရှိတဲ့ သတိထားရမဲ့ Failed State တိုင်းပြည် အဆင့်မှာ ရှိနေတယ်ပါတယ်။

ဆိုတော့ ကြိုက်သော်ရှိ မကြိုက်သော်ရှိ မြန်မာပြည်က ကမ္ဘာလုံးစံအရ ပြည်ပျက်စာရင်းမှာ ရှိနေပါတယ်။

(ခ)

တကယ်တော့ စင်ကာပူဆိုတာ မြန်မာကော်လာဖြူလုပ်သားတို့ နယ်မြေ။ အင်ဂျင်နီယာတွေ၊ သူနာပြု၊ အိုင်တီ ပညာရှင်တွေက အစ၊ စက်မှုလုပ်သားတွေ မနေချင်လှဘဲ အခြေချ၊ ကိုယ့်ဘ၀ကို ကြောင်းနေရတဲ့ နေရာ။

ကိုယ့်နိုင်ငံမှာ ထိုက်တန်တဲ့ အလုပ်၊ လူရိုသေရှင်ရိုသေ အလုပ်မရှိတော့ သွားအခြေချရာနေရာ။ ပြည်ပျက်ကြီးကိုခွာ ၀မ်းကြောင်းနေရတဲ့ နေရာလေ။ ဗမောင်းတို့ ထားဝယ်နည်းပညာ တက္ကသိုလ် ကျောင်းထွက် ထက်ဝက်ကျော်လောက် အဲဒီမှာ ရှိမယ် ထင်ပါရဲ့။

အဲသည် မွေးမြေက ဘ၀ အာမခံချက်မပေးတော့ ခွာလိုက်ရပေမဲ့ လမ်ပန်းဆက်သွယ်ရေး မကောင်း၊ စီးပွားရေး နိုင်ငံရေးဘာမှ အာမံချက်မရှိ။ တွယ်ရပါသော ဆွေမျိုးသားချင်းတို့ နယ်မြေကို သစ္စာရှိစွာ အားပေးဆဲ။

အခု ဆီးဂိမ်းမှာပဲကြည့်လိုက်။ ကမ္ဘာမကျေ သီချင်းကို မမောတမ်းဆို၊ မြန်မာ မြန်မာ နဲ့ တစ်ချိန်လုံးအော်။ အော် သစ္စာရှိလိုက်ပုံများ။ စင်ကာပူကတောင် သူတို့နဲ့ ကန်တဲ့ပွဲမှာ လက်မှတ်ကို အကန့်အသတ်နဲ့ ရောင်းရတဲ့ အထိ။

နောက်ဆုံး အိမ်ရှင် စင်ကာပူတွေရဲ့ အသံလွှမ်းသွားတဲ့ အထိ အော်လိုက်ကြပုံများ။

အားလုံးက အိမ်ပြန်ချင်သူများပဲလေ။ စက်ရုပ်တိုင်းပြည်မှာ ဘယ်နေချင်မတုန်းနော။

မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး စနစ်က က သူတို့ကို တစ်လ ဒေါ်လာ ၂၀၀၀ ကျော် (မြန်မာကျပ်ငွေ သိန်း ၂၀ ကျော်) ရတဲ့ အလုပ်မဖန်တီးပေးထားနိုင်ဘူး။ အိမ်ကို စိတ်လက်ချမ်းသာပြန်နိုင်မဲ့ လိုင်းကားတွေ၊ မြို့တွင်းရထား စနစ်တွေ မဖန်တီးပေးထားနိုင်ဘူး။

ရန်ကုန်လို နေရာမျိုးမှာ နေရာထိုင်ခင်းလေး တစ်ခုရဖို့များ တစ်ရေးနိုးအိပ်မက်။

ဒါပေမဲ့ သစ္စာရှိလိုက်ပုံများ။ ဘောလုံးပွဲမှာ ကမ္ဘာ မကျေသွားဆိုဖို့။ ငွေကုန်သံပြာ သွားအော်သတဲ့လေ။

1470140_564503847021765_4724510117327871740_n
စင်ကာပူဆီးဂိမ်းတွင် မြန်မာဘောလုံးအသင်းကို အားပေးနေသော ပရိသတ်များ။ Photo – MFF

အခု အုပ်စုကနေထွက် အိမ်ပြန်ရတော့မဲ့ မြန်မာ ယူ ၂၀ အသင်း ကန်နေတဲ့ ကမ္ဘာ့ဖလားပွဲကော ဘာထူးလဲ။ မြန်မာ စစ်တပ်က တိုက်လို့ ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေ၊ သူပုန်တွေ နေတဲ့နိုင်ငံ နယူးဇီလန်မှာလုပ်တဲ့ ပွဲလေ။ အဲဒီ သူပုန်ဟောင်းတွေ၊ ဒုက္ခသည်တွေများ နာရီပေါင်းများစွာ ကားစီး၊ ရထားစီး ဘောလုံးပွဲမှာ လာအော်လိုက်ပုံများ။

မြန်မာဘောလုံးအဖွဲ့ချုပ်ဆီက သူလိုကိုယ်လို အကြောင်းပြန်ကြားချက် မရခဲ့ပေမဲ့လည်း ဖြစ်အောင် လေဆိပ်မှာ သွားကြိုသေးသတဲ့လေ။ လူတစ်ရာလောက် ဖြစ်အောင်စု၊ တကူးတကသွား၊ ဘောလုံးအသင်းနဲ့ မတွေ့ဖြစ်ဘဲ လွဲဇာတ်က နာလေတော့ ခေါင်းတခါခါ တောက်တခေါက်ခေါက်နဲ့။

ဆိုတော့ စိတ်ပျက်လက်ပျက်နဲ့ ဘောလုံးပွဲတွေများ သွားမကြည့်ဘူးလားမှတ်တယ်။ ရအောင်သွားသေးတယ်။ ခြေကျိုးလို့ ပတ်တီးကြီးနဲ့ သူပုန်မျိုးဆက်လူငယ်လေးတစ်ယောက်တောင် ၂ နာရီကျော်ခရီးကို ကားနဲ့ ရအောင်သွားသေးတယ်။

နောက်ပြီး အဲဒီသူပုန်တွေ ပရိသတ်၊ ဒုက္ခသည် ပရိသတ်တွေကပဲ စစ်အစိုးရ ပြန်ဖြည့်ရေးထားတဲ့ ကမ္ဘာ့မကျေသီချင်းကို မျက်ရည်ကျအောင် ဆိုသတဲ့လေ။ သူတို့ကို နေဖို့ အခြေအနေမပေး၊ နှင်ထုတ်လိုက်တဲ့ တိုင်းပြည်ကို သစ္စာရှိလိုက်ပုံများ။

အလံတွေကွဲပြားစွာ၊ မတူခြားနားစွာ သယ်လာ အားပေးတာကို အပြစ်ပြောသတဲ့လား။ သူတို့ ရင်ထဲက အဓိပ္ပါယ်ဖွင့်တဲ့၊ ခုံမင်တဲ့ မြန်မာဆိုတဲ့ တိုင်းပြည်က ကွဲပြားတယ်လေ၊ မတူခြားနားတယ်လေ။ ဒါပေမဲ့ သူတို့ဆီမှာ မြန်မာ့သွေးတွေပဲ စီးဆင်းနေတယ်လေ။ ကြယ်ငါးလုံးအလံလည်း မြန်မာပြည်ပဲ၊ ကြယ် ၁၄ လုံးအလံလည်း မြန်မာပြည်ပဲ၊ ကြယ်တစ်လုံးအလံလည်း မြန်မာပြည်ပဲလေ။

ဒါတွေဟာ အာဏာရှင် အဆက်ဆက်ကြောင့်သာ ပြောင်းသွားရတာမဟုတ်လား။ အလံတွေကို ပြောင်းရင် ပြောင်းနိုင်မယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အမျိုးမျိုး လိုသလို ပြောင်းရင်ပြောင်းနိုင်မယ်။ ဒီမြန်မာပြည်က မြန်မာပြည်ပဲလေ။ မြန်မာ့သွေးက မြန်မာ့သွေးပဲလေ။ အုပ်ပြီးချုပ်တဲ့ စနစ်တွေသာ ကွာရင် ကွာသွားမယ် သူတို့ရင်ထဲမှာ ဒီမြန်မာပြည်က ဒီမြန်မာပြည်ပဲလေ။ ဒီမြန်မာပြည်သူပြည်သားတွေက ဒီမြန်မာပြည်သူပြည်သားတွေပဲလေ။

တော်တော်များများဆို နယူးဇီလန်နိုင်ငံသားတွေတောင် ဖြစ်နေပြီ။ ဘောလုံးပွဲမှာ All White လို့ခေါ်တဲ့နယူးဇီလန်ကိုများ အားပေးမယ်ထင်လား။ ပါးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အတင်း ပြောင်းလိုက်တဲ့ ကြယ်တစ်လုံးအလုံကို ခြယ်သလို့။ စစ်အစိုးရလက်ထက် ပြောင်းလိုက်တဲ့ မြန်မာ Myanmar ဆိုတဲ့ တိုင်းပြည် နာမည်ပါတဲ့ မာဖလာပိုင်းတွေကို ဝေ့လှမ်းလို့။

ဘယ်လို နာကျဉ်းချက်တွေ၊ အစိုးရကို စိတ်နာချက်တွေ ရှိလည်း အစိုးရနဲ့ တိုင်းပြည်ကို သူတို့ ကွဲကွဲပြားပြား ခံစားတတ်တယ်၊ ခွဲခြားစွာ နားလည်တတ်တယ်။ တိုင်းပြည်ဆိုတာ ထာဝရရှိနေတဲ့ အရာ၊ အစိုးရဆိုတာ အဲဒီ တိုင်းပြည်ကို စီမံအုပ်ချုပ်ဖို့ ခေတ္တအာဏာအပ်နှင်းထားတဲ့ လူပုဂိလ်နဲ့ အဖွဲ့အစည်း။

အော် . . . ။ အဲသည် အစိုးရတွေကြောင့် တိုင်းပြည် စီးပွားလည်းပျက်၊ နိုင်ငံရေးလည်း အဖတ်ဆည်မရဖြစ်နေပေမဲ့ ငယ်မွေးတိုင်းပြည်ကြီး အပေါ် သစ္စာရှိလိုက်ပုံများ။

ဒါတင်ဘယ်ကမလဲ ကီဝီလို့ ခေါ်တဲ့ နယူးဇီလန်သားတွေကိုတောင် မြန်မာဘက်က အားပေးဖို့ ခေါ်လာလိုက်သေး။

အော် . . . နယူးဇီလန် တိုင်းပြည်တစ်လုံးစာ လူဦးရေလောက် နိုင်ငံ နယ်နိမိတ်ပြင်ပထွက်၊ တိုင်းပြည်ကို ခွာ သူများဆီမှာ ကျွန်သွားခံရလောက်အောင် အခြေအနေတွေ ဖန်တီးပေးထားနိုင်တဲ့ အစိုးရရဲ့ တိုင်းပြည်ပျက်ကြီး အပေါ် သစ္စာရှိလိုက်ပုံများလေ။

(နယူးဇီလန်နိုင်ငံ၏ လူဦးရေမှာ ၄.၅ သန်းဖြစ်သည်။ ထိုင်းတစ်နိုင်ငံတည်းတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ဦးရေ ၃ သန်းကျော်ရှိသည်)

မကြာပါဘူး။ လာတော့မယ် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သစ္စာရှင်တွေ မြန်မာဘောလုံးအသင်းကို သွားအားပေးကြဦးမယ်။

(ဂ)

ဆိုတော့ ပြောချင်တာက ဒီလိုမျိုး ပြည်ပျက်ကြီးကို ကိုယ့်ထမင်းကိုယ်စား သစ္စာရှိသူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် လွှတ်တော်မှ သူခိုးဖမ်းမိလို့ ဖမ်းပေးသူကို ရွာပြင် ထုတ်သူတွေ ရှက်တတ်ဖို့ကောင်းတယ်။ (စစ်တပ်လွှတ်တော် ကိုယ်စားလှယ်တွေ မဲခိုးပေးတဲ့ ကိစ္စ ဓာတ်ပုံနဲ့ ရိုက်တင်မိလို့ မီဒီယာတွေကို လွတ်တော်ကို တိုက်ရိုက်မြင်နေရတဲ့ နေရာက သတင်းယူခွင့်မပြုလိုက်တော့ဘူးတဲ့လေ)

လမ်းဘေးတွေမှာ ဆိုင်းဘုတ်တွေထောင် တိုင်းပြည်ကို ဘယ်လောက်ချစ်ပါတယ်၊ သစ္စာရှိ အသက်ပေးပါတယ် ဆိုသူတွေ ရှက်တတ်ဖို့ကောင်းတယ်။ တိုင်းပြည်က အဆီကိုစား အသားကိုမျို အိတ်ထဲထည့်ပြီး တိုင်းပြည်ကို ဘယ်လောက်ချစ်ကြောင်း စာရွက်ပေါ်မှာ သက်သေပြနေသူတွေ ရှက်ဖို့ ကောင်းလှပါတယ်။

11427239_563766993762117_43946050040997193_n
နယူးဇီလန်နိုင်ငံတွင် ယူ ၂၀ ကမ္ဘာ့ပွဲအားပေးနေသော မြန်မာပရိသတ်များ။ Photo – MFF

အချို့ဆို မြန်မာနိုင်ငံသား အဖြစ်က မစွန့်လွတ်ချင်လို့ နိုင်ငံကူးလက်မှတ်လေး သက်တမ်းတိုးနေကြရတယ်။ အဲဒါကို မြန်မာသံရုံး အရစ်ခံလိုက်ရသေး။ အဲလို လူတွေက တိုင်းပြည်ကို ဆက်ချစ်နေသေးသတဲ့။ ဘောလုံးပွဲကြတော့ သွားအားပေးသတဲ့။

သစ္စာရှိလိုက်ပုံများလေ။

တိုင်းပြည်ဆိုတာ နယ်နိမိတ်တစ်ခုအတွင်းမှာ နေထိုင်တဲ့ တိုင်းသူပြည်သားတွေနဲ့ ဖွဲ့ထားတာ။ အဲဒီနယ်နိမိတ်အတွင်းမှာ နေထိုင်တဲ့ တိုင်းသူပြည်သားတွေ သာယာဝပြောရေး စီမံခန့်ခွဲဖို့ အစိုးရဆိုတာကို ဖွဲ့ရတယ်။

ဆိုတော့ တိုင်းပြည်ဆိုတာ ထာဝရဖြစ်ပြီး အစိုးရဆိုတာ ပြောင်းနေတာပါ။ အဲဒီ အစိုးရတွေလုပ်လိုက်လို့ ပြည်ပျက်ကြီးဖြစ်သွားတယ်၊ လူသန်းပေါင်းများစွာ အခြားအစိုးရတွေ စီမံအုပ်ချုပ်နေတဲ့ နယ်နိမိတ် (နိုင်ငံခြား) မှာ မှီခိုနေထိုင်ရတယ်။ အဲဒီအချိန်က အစိုးရဖြစ်နေတဲ့သူတွေ ဘယ်လောက်ရှက်စရာ ကောင်းလိုက်သလဲ။

အော် . . . ပြည်ပျက်ကြီးကို သစ္စာရှိလိုက်ပုံများပြောပါတယ်။ ဘာမှ မဟုတ်ပါဘူး တွေးမိတာလေး ရေးမိတာပါ။ ကျေးဇူးတင်ပါတယ်။