စစ်ရေး ပဋိပက္ခဖြစ်ဖူးသည့်ဒေသရှိ ကျောင်းထွက်ကလေးငယ် ၃၀ ရာနှုန်းကျော် မူလတန်းပညာဆုံးခန်းမတိုင်

0
699

ယခင်ကစစ်ရေး ပဋိပက္ခဖြစ်ခဲ့ဖူးသည့် ဒေသများရှိကျောင်းထွက်ခဲ့သည့်ကလေးငယ် များ၏ ၃၀ ရာခိုင်နှုန်းကျော်သည်မူလတန်းပညာကိုဆုံးခန်းတိုင်မသင်ကြားခဲ့ရဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ အမျိုးသမီးနှင့်ကလေး အခွင့်အရေး အစီအစဉ် မှဇွန်လ ၂ ရက်နေ့က ထုတ်ဝေလိုက်သည့် ” ချို့တဲ့ လှမ်းဝေးပညာရေး” အစီရင်ခံစာ အရသိရသည်။

ကလေးငယ်များ ကျောင်းထွက်ရသည့် အကြောင်းအရင်းများကိုသိနိုင်ရန်လက်ရှိ အချိန်အထိနယ်မြေအေးချမ်းမှုမရှိသေး သည့်မွန်ပြည်နယ် ရေးမြို့နယ်၊ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့်တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ရှိမွန်လူမျိုး အများစု နေထိုင်သော ကျေးရွာပေါင်း ၁၇ရွာမှ ရွာသူ ရွာသား ၁၄၆ ဦးတို့အား ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၅ ခုနှစ်မတ်လ အထိတွေ့ဆုံမေးမြန်း စစ်တမ်းကောက်ခဲ့ခြင်း ဖြစ်သည်။
ယင်းစစ်တမ်းအရကျောင်းထွက်သည့်ကလေး ၈၈ ဦးအနက် ၃၀ ဦးခန့်သည်မူလတန်းပညာကိုဆုံးခန်းတိုင်အောင်မသင်ကြားခဲ့ရဟု ယင်းအစီအစဉ် တာဝန်ခံ မိထောချမ်း ကရှင်းပြသည်။

” အဓိကအကြောင်းအရင်းကမိသားစု အသက်မွေးမှုအခက်အခဲကြောင့်ဖြစ်တယ်” ဟု မိထောချမ်းကဆိုသည်။
၎င်းပြင်ပညာရေး ကုန်ကျစရိတ်မြင့်မား ခြင်း၊ အလယ်တန်း အထက်တန်းပညာ ဆက်လက်သင်ကြားရန် စာသင်ကျောင်း မရှိခြင်း၊ အခြားဒေသသို့သွားရောက်သင် ကြားရခြင်း၊ မိသားစုဝင်ငွေအတွက် စာသင်ကျောင်းစွန့်ခွာကာအလုပ်လုပ်ရခြင်း၊ ဆင်းရဲသောလူ့အဖွဲ့အစည်းအနေဖြင့်ပညာရေးတန် ဖိုးနှင့် အသုံးဝင်ပုံကို နားလည်ရန်ခက်ခဲခြင်းစသည့်အကြောင်း အချက်များကြောင့်လည်း ကလေးငယ်များ ကျောင်းထွက်ခဲ့ရသည်ဟု ပြောသည်။

ထိုဒေသများတွင်အစိုးရစာသင်ကျောင်း များ၊ မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်ပညာရေးဌာနမှ ဖွင့်လှစ်ထားသည့်ကျောင်းများနှင့် အစိုးရနှင့်မွန်ပညာရေးဌာနတို့ပူးတွဲဖွင့်လှစ် ထားသည့်စာသင်ကျောင်းများရှိပြီး အများစုသည်မွန်ပညာရေး ဌာနမှဖွင့်လှစ် ထားသည့်ကျောင်းများ ဖြစ်သည်။
” ဒီဒေသတွေကလက်နက်ကိုင်အဖွဲ့ အစည်း ပေါင်းစုံလှုပ်ရှားနေတဲ့ဒေသတွေဖြစ်တယ်၊ မွန်လဲရှိမယ်ကရင်ပြီးတော့အစိုးရတပ် တွေလဲရှိတယ်၊ ဆိုတော့နယ်မြေအေးချမ်းမှုကတော့ မရှိသေးဘူးလို့ပြောလို့ရတယ်၊ ပြီးတော့ စီးပွားရေးဆိုရင်လဲခြံလုပ်တယ်ပြည်ပထွက်တယ် အဲဒါတွေကလဲပညာရေးကိုထိခိုက်စေတယ်” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေး ရှင်းမှ နိုင်စဝေါမွန်က ပြောသည်။
အစီရင်ခံစာအတွက်ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ မူလတန်းကျောင်း ၁၀၃ ကျောင်း၊ ပညာရေးဝန်ကြီးဌာန၏ ဩဇာပို မိုလွှမ်းမိုးသောပူးပေါင်းကျောင်း ၁၀ ကျောင်းနှင့် မွန်အမျိုးသားပညာရေးဌာနလက်အောက်ရှိ စာသင်ကျောင်း ၁၀ ကျောင်းတို့ကိုလည်း မွန် အမျိုးသမီးနှင့်ကလေးအခွင့်အရေးအစီအစဉ်မှစစ်တမ်းကောက်ယူထားခဲ့သည်။