မျက်နှာဖုံးများ ဖန်တီးသူ

376
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

” ကတောက်.. ကတောက်.. ကတောက်.. ကတောက်..”
သံဗူးတပ် ဆုံလည်တံ လှည့် သံလေး..။ ထိုအသံကြားလျှင် ကလေး များ လမ်းမပေါ်သို့ ထွက်ပြေး စုရုံး တတ်ကြသည်။
” မျက်စိလေး..မှိတ်ပြတယ်၊ လျှာ လေး..ထုတ်ပြတယ်”


မျက်လုံး အဝိုင်းသား စိတ်ဝင်တစား ကြည့်ရှုနေကြသည့် ကလေးငယ်များကို မျက်စိမှိတ်နိုင်၊ လျှာထုတ်ပြနိုင်သော မျက်နှာဖုံးများ ဖန်တီးပြသ ရောင်းချနေ တတ်သည့် ဦးမင်းဟန်..။ မျက်နှာဖုံးနှင့် အရုပ်များ ပတ်ထိုး ထားသော ပုံးငယ် ကိုလွယ်လျက် စည်ကားသည့် ရပ်ကွက် များနှင့် ထားဝယ်ဈေးများ တဝိုက် ခြေကျင် လှည့်ရောင်းခဲ့သည်မှာ ၇ နှစ် ကျော်ခဲ့ပြီ..။
ဖောက်သည် ကလေးများအတွက် တစ်ခေါက်တစ်မျိုး မရိုးရအောင် စွမ်းဆောင် ပြုလုပ် ရောင်းချနိုင်သည့် မျက်နှာဖုံး ဖန်ဆင်းရှင်၏ အသက်မှာ ယခုအချိန် တွင် ၇၈ နှစ် ရှိလေပြီ။ mask-maker
မျက်နှာဖုံး မျိုးစုံနှင့်အတူ တုတ်ထိုး အရုပ်များအဖြစ် တောင်ပံလှုပ်ခတ်နိုင် သော လိပ်ပြာရုပ်၊ ကြက်ဖရုပ်မှအစ ကပြနိုင်သော နိုင်ငံခြား အဆိုတော် အိုဘာဂမ်းနားရုပ်များအထိ ခေတ်အ လိုက် ကလေးများ စိတ်ဝင်စားနိုင်သည့် အရုပ်များကို စိတ်ကူးကြံဆ လုပ်ကိုင် ရောင်းချလေ့ ရှိ၏။ ကြိုးဆွဲ အရုပ် ကလေးများအဖြစ် မင်းသား၊ မင်းသမီး၊ ရေအိုးရွက်မင်းသမီး၊ အိုးစည်ဒိုးပတ် တီးသော အရုပ်ကလေးများ အဆုံး..။
ကြိုးဆွဲအရုပ် တစ်ခုလျှင် ၄၀၀ ကျပ်၊ တုတ်ထိုးရုပ်ကို ၃၀၀ ကျပ်ဖြစ် ရောင်းချရင်း ကလေးများမှ လျှော့ပေးရန် ပူစာပါက သူ အလျှော့ပေး ရောင်းချ စမြဲ..။
” ဒီလို တစ်ရက်တာ လှည့်ရောင်း နိုင်ဖို့ အိမ်မှာ ဆယ်ရက်လောက် ပြင်ဆင် ခဲ့ရတယ်ဗျ..”
မျက်နှာဖုံးနှင့် အရုပ်များ ပြုလုပ် ရာတွင် အသုံးပြုသော စီးကရက် ဗူးခွံကြီးများကို သူ့အား ခင်မင်သော ဆိုင်များမှ စုဆောင်း ပေးကမ်းကြ လေသည်။ ထိုစက္ကူဗူးခွံများကို အရုပ် အတွက် လိုအပ်သလို ဖြတ်ညှပ်..၊ သံကလစ်ငယ်များ၊ ကော်များဖြင့် ကပ် ကာ ဆေးခြယ်၊ အခြောက်ခံ..။ ဝါးတံများ ခွဲစိတ် အချောသတ်..၊ နေလှန်းပြီးလျှင် စက္ကူအရုပ်များတွင် သွပ်ကြိုး၊ သရေကွင်းများဖြင့် တပ်ဆင်..စသဖြင့် ဆယ်ရက်ခန့် ပြင်ဆင်ပြီး ထွက်ရောင်း လျှင် ကျပ် ၆၀၀၀ ဖိုး ကျော်ကျော် ရတတ် ၏။
” အသက်ကြီးလာတော့ လက်တွေ က အရင်လောက် မသွက်တော့ဘူးလေ”
ဈေးရောင်းသည့်နေ့တွင် မနက် ၇ နာရီခန့် အိမ်မှ ထွက်လျှင် မကုန်မချင်း လှည့်ရောင်း..၊ ညနေစောင်း အိမ်ပြန်ချိန် တွင် ငွေကျပ် ၆၀၀၀ တိတိ မပါ၍ မဖြစ်။
အခန်းငှားခ ၁၀ ရက်တာ ငွေ ကျပ် ၅၀၀၀နှင့် လျှပ်စစ်မီး သုံးစွဲခ ၁၀ ရက် တာ ကျပ် ၁၀၀၀ စုစုပေါင်း ငွေ ၆၀၀၀ ကို အခန်းပိုင်ရှင်အား ပေး အပ်နိုင်ပါမှ သူ့မိသားစုအတွက် နောက် ၁၀ ရက် အတွက် ကျောတခင်းစာ သေချာပါလိမ့် မည်။
ဈေးရောင်းရင်း လုပ်ဖော်ကိုင်ဖက် ဟောင်း အနုပညာသည်များနှင့် တွေ့ လျှင် သူ့ကို လက်ဖက်ရည်တိုက်တတ် ၏။ မုန့်ကျွေးတတ်၏။ ထိုထက် တတ်နိုင်သူများက ငွေကြေး ပေးကမ်း တတ်၏။
” ငွေကံ့ကော် ဇာတ်ဆရာ လင်းလင်းဆန်း ကတော့ ပေးကမ်းတာ အများဆုံးပဲဗျ၊ တစ်ခါပေးရင် တစ်ထောင် နှစ်ထောင်ပဲ”
အိမ်အပြန်တွင် သေချာပေါက် သူ စားရမည့် ချစ်ဇနီး လက်ရာ နတ်သုဒ္ဓါက ထမင်းဆားနယ်နှင့် ကန်စွန်းရွက် ရေလုံပြုတ်။
ဆေးလိပ်ကောင်း မကောင်း တိုမှ သိ၊ မိန်းမ ကောင်း မကောင်း အိုမှသိ ဆိုလျှင်..၊ အနီးအနား ကန်စွန်းအင်းမှ နေ့တိုင်း ကန်စွန်းရွက် ခူးရောင်းပြီး ဆန်ဖိုးရှာပေးနေသော ဇနီးသည် ဒေါ်အေး က သူ့ဘ၀၏ ဆေးလိပ်တို စစ်စစ်။
” ကျုပ် အခု နာမည်အသစ် ရနေပြီဗျ၊ ဦးကန်စွန်းတဲ့..”
မျက်နှာဖုံးများ ဖန်တီးသူ ရန်ကုန် သားကြီး ဦးမင်းဟန်တွင် မျက်နှာဖုံး တပ်မထားပါ..။ လောကဓံတရားကို တည်ကြည် ရှင်းသန့်စွာ ရင်ဆိုင်ကျော် လွှားနေကြောင်း သူ့မျက်လုံးက ပြောနေ သည်။
သို့သော်..၊ ဇာတ်သမား ဘ၀ တွင်တော့ မျက်နှာဖုံး အမျိုးမျိုးကို ဆောင်းခဲ့ရဖူးလေသည်။
ထားဝယ်လူရွှင်တော် ပန်းပွင့်၏ ဖိတ်ခေါ်ချက်အရ  မြို့တော်တင်သိန်း (ယခု တိုင်းသဘင် အစည်းအရုံး ဥက္ကဌ) ဦးဆောင်သော ” အားသစ် ဇာတ်သဘင်  ” နှင့်အတူ ၁၉၈၃ ခုနစ်တွင် သူ ထားဝယ် သို့ စတင်ရောက်ရှိခဲ့၏။
စတိတ်မန်နေဂျာ (ဇာတ်စင် အပြင် အဆင် ကွပ်ကဲသူ)၊ လူရွှင်တော်၊ လူကြမ်း မင်းသားကြီး စသဖြင့် ကျရာ ရရာ အခန်းကဏ္ဍမှ ပါဝင်ကာ ထားဝယ် ဇာတ်သဘင် လောကတွင် စုံဆန်ကူး ခတ်ရင်း ထားဝယ်သူနှင့် အိမ်ထောင်ကျ ကာ သမီး ၃ ဦး ထွန်းကားခဲ့၏။ တစ်နှစ်ကြေး ၃ သိန်း၊ ၃ သိန်းခွဲ ထက် မပိုသော သူ့ဝင်ငွေက မိသားစု အတွက် မလောက်ငှ..။
ထိုအခါ..၊ ငယ်စဉ်အခါ လျှောက် လည်ခွင့်မရသော ဂျပန်ခေတ်က သူ့ဖခင် ဦးချစ်ဖေမှ သူ အပျင်းပြေ ကစားရန် ပြုလုပ်ပေးခဲ့ဖူးသော အရုပ် လေးများကို ပြန်လည် သတိရကာ ကိုယ်ပိုင်ဉာဏ်ဖြင့် ပြန်လည် တီထွင်၏။
” ပြန်ပြောရင်တော့ ရှက်စရာပေါ့ ဗျာ..၊ နိုင်ငံကျော် မိဘနှစ်ပါးရဲ့ သားက အရုပ်တွေ လုပ်ပြီး လှည့်ရောင်း နေရတာလေ”
သူသည် အသံတိတ်ရုပ်ရှင် ခေတ်တွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ရုပ်ရှင် ဒါရိုက်တာကြီး ဦးချစ်ဖေနှင့် ရုပ်ရှင်မင်းသမီး ဒေါ်ခင်ခင် ဥတို့၏ တစ်ဦးတည်းသော သားဖြစ်သည်။ (တိုင်းသဘင် ဥက္ကဌ ဦးတင်သိန်းနှင့် သဘင်လောကသားများ ကလည်း မှန်ကန် ကြောင်း အတည်ပြု ထောက်ခံသည်။)
” ကျုပ်က ဆိုးခဲ့ ပေခဲ့လွန်းလို့ တစ်ချို့ဆို ပေတိုးလို့ ခုထိ ခေါ်တုန်း..”
ဇာတ်အားချိန်များတွင် အရုပ် ရောင်းရင်း လွန်ခဲ့သော ၂ နှစ်က သူ ချစ်သော သဘင်လောကမှ လုံးဝ ထွက် ခွာရန် အကြောင်း ဖန်လာသည်။
သူ နောက်ဆုံးလုပ်ကိုင်ခဲ့သည်မှာ မော်လမြိုင်ဇာတ်ဆရာ မိုက်မိုက် ဦးစီး သော လင်းရောင်ခြည် ဇာတ်သဘင်။ သူ့သမီး အလတ်မ နွယ်နီဝင်းက ထို ဇာတ်တွင် ယိမ်းသမလေး။ ထို ဇာတ် သဘင်တွင် စတိတ်မန်နေဂျာအဖြစ် လုပ်ကိုင်ရင်း မှတ်မှတ်ရရ..။  သရက်ချောင်း မြို့နယ် ကနက်သီရိ ရွာတွင် ဇာတ်က သော တစ်နေ့..။ ပြဇာတ်၏ လိုအပ်ချက်အရ မယားပါ သမီးကို မုဒိန်းကျင့်ရသော ပထွေး ဗီလိန်အဖြစ် ကူညီ သရုပ်ဆောင် ပေးစဉ်.. မယားပါ သမီးအဖြစ် သရုပ်ဆောင်သော မင်းသမီး ၏ လက်ဝါး က သူ့ပါးပေါ် ဖြန်းခနဲ..။
အရှိန်ပြင်းချက်က နားထဲက သွေး များ ယိုစိမ့်စီးကျလာသည်အထိ။
” အဲဒီ ဒဏ်ရာကြောင့် ကျုပ်နားတွေ ကောင်းကောင်း မကြားရတော့ဘူး၊ ခုထိ နားထဲက လေတွေ တဟူးဟူး ထွက်နေ တုန်းဗျ”
ဇာတ်ခေါင်း ကွဲချိန်တွင် သူနှင့် သူ့သမီးတို့၏ အနုပညာ အခကြေးငွေ တစ်ဝက်ခန့်ကို ဇာတ်ဆရာက လိမ်ပြေး လေ၏။ နောင်နှစ်တွင် နားမကြား တော့သော သူ့ကို ဘယ်ဇာတ်ကမှ မခေါ်တော့သောအခါ ဇာတ်သမားဘ၀ ကန့်လန့်ကာ ချခဲ့ရလေသည်။
” တိုင်းသဘင် အစည်းအရုံးက အ များဆုံး ထောက်ပံ့ ပေးနေတယ်လေ၊ တစ်လ ငါးထောင်ကျပ်တိတိ ရပါ တယ်..”
မျက်နှာဖုံး လုပ်ငန်းသည်သာ သူ့ အတွက် အားကိုးရာ ဖြစ်လာ၏။
သူ၏ လုပ်ငန်း အထူးပြုလုပ်ရသော အချိန်မှာ ဇာတ်ပွဲများ ပြန်လည် စတင်ခါနီး ဝါခေါင်လတွင် ဖြစ်လေ သည်။ ဇာတ်ဝင်ခန်းများအလိုက် လိုအပ် သော ငှက်ခေါင်း၊ သမင်ခေါင်း၊ ကျွဲ ခေါင်း၊ နတ်ခေါင်း၊ ကျားခေါင်း၊ ဝန် ကြီးခေါင်း၊ ဘီလူးခေါင်း..စသော ခေါင်း ပေါင်းစုံကို ဇာတ်များမှ လာအပ်ကြလေ့ ရှိ၏။
လာအပ်သည့် ခေါင်းအလိုက် ရွှံ့စေးကို ပုံစံတည်ကာ စက္ကူထူထူကို ရေဆွတ်၍ ကပ်ပြီးနေလှန်း..။ ပီလော ပီနံဥကို ခပ်ပျစ်ပျစ် ကျိုထားသော ကော်ဖြင့်သုတ်ကာ ရေဆွတ်ထားသော စက္ကူထူကို ထပ်ကပ်..။ ထိုသို့ ၇ ထပ်မျှ ကပ်ကာ နေလှန်းပြီး ခြောက်သွေ့ လျှင် နောက်မှ ဓားနှင့်ခွဲကာ ခွာထုတ်..။ ထိုနောက် ကော်ဖြင့် သေချာအောင် ပြန်ဆက်ကာ တစ်ခေါင်းလုံး ကော်သုတ် ပလတ်စတစ်အုပ်ကာ ဆေးခြယ်ပုံဖော်ရ လေသည်။
” မန္တလေး အခေါ်ကတော့’ စပ်ပန်း ပု၊ ပုံသွင်းပညာ’ လို့ ခေါ်ကြတယ်ဗျ..၊ ဒီမှာတော့’ခေါင်း၊ မျက်နှာပိတ်’ လို့ပဲ ခေါ်ကြတာ..
နှစ်ယောက်ခန့် ဝင်ကရသော ကျွဲရုပ်ကြီး၊ ဆင်ရုပ်ကြီး၊ မိကျောင်း၊ နဂါး၊ ဂေါ်ဇီလာရုပ်ကြီးများ ကိုလည်း ပြုလုပ်ပေးရလေသည်။
‘ ဈေးနှုန်းကတော့.. သူတို့ ပေးသ လောက်ပါပဲ၊ စုမိတယ် မရှိပါဘူးဗျာ..၊ သမင်မွေးရင်း ကျားစားရင်းပါပဲ”
အခုချိန်တွင်..၊ ဝယ်သူအော်ခေါ် လျှင်ပင် တော်ရုံ မကြားနိုင်တော့သော မျက်နှာဖုံး ဖန်ဆင်းရှင်ကြီးသည် ကျန်း မာရေး ချို့တဲ့လွန်းသည့် ကြားမှ အိမ် လခ ကာမိစေရန်အတွက် မျက်နှာဖုံးနှင့် အရုပ်များ ပြုလုပ် ရောင်းချနေရဆဲ..။
” မျက်စိလေး..မှိတ်ပြတယ်၊ လျှာလေး..ထုတ်ပြတယ်”
သူ၏ မျက်နှာဖုံးနှင့် အရုပ်ကလေး များသည် အသည်းအသန် ငိုယိုနေသော ကလေးများကို ချက်ချင်း အငိုတိတ် စေနိုင်ပါသည်။
မျက်နှာဖုံးပိုင်ဆိုင် သွားသည့် ကလေးတိုင်းထံမှလည်း နှစ်လိုဖွယ် ရယ်မောသံလွင်လွင်လေးများ ထွက်ပေါ် လာအောင် စွမ်းဆောင် နိုင်ပါသည်။
ထိုအပြုံးမျက်နှာဖုံး ဖန်ဆင်း သူသည် ၁၀ နှစ်အရွယ် အထွေးဆုံး သမီးလေးကိုလည်း စက်ဘီး အဟောင်း လေးတစ်စီး ဝယ်ပေးကာ ကျေနပ် ကြည်နှုးသည့် အပြုံးပန်းများ ပွင့်လန်းစေ လိုသည့် အိပ်မက်ရှိသည်။
ယင်းအိပ်မက်သည် အခုထိ အကောင်အထည်မပေါ်သေး။
” ဝယ်ပေးဖို့ ကြိုးစားတာ အကြိမ်ကြိမ် ပါပဲ။ အခုထိတော့ မဝယ်ပေးနိုင်သေးဘူး”