လက်ဝတ် ရတနာများက ပြောသည့် သမိုင်း

0
503

ပြီးခဲ့တဲ့ သင်္ကြန် မတိုင်ခင်လေး ကပါ။ တနင်္သာရီတိုင်း မြိတ်ခရိုင်ထဲက တနင်္သာရီမြို့မှာ လက်ဝတ်ရတနာတွေ ထည့်ထားတဲ့ အိုးတစ်လုံး တူးဖော် တွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းတစ်ခုကို ကြားလိုက် ရပါတယ်။

သတင်းကြား ကြားချင်း တွေ့ရှိရတဲ့ ပစ္စည်းတွေ အကြောင်း အသေးစိတ် သိချင်ပေမယ့် ကျွန်တော့် အနေနဲ့ အဲဒီပတ်ဝန်းကျင်နဲ့ ဆက်စပ်မှု မရှိခဲ့တာကြောင့် နောက်ထပ် ထွက်ပေါ် လာမယ့် သတင်းစကားတွေကိုပဲ စောင့်မျှော် နေရပါတယ်။
သိပ်မကြာခင်မှာပဲ ဧပြီလ ၂၇ ရက်နေ့ထုတ် တနင်္သာရီဂျာနယ်မှာတော့ တူးဖော် တွေ့ရှိခဲ့တယ်ဆိုတဲ့ ရတနာ တွေနဲ့ ပတ်သက်လို့ သတင်းတစ်ခု ပါလာတာကို ဖတ်ရပါတယ်။yadana-tanintharyi
ဂျာနယ်ပါ သတင်းအရ မတ်လ နောက်ဆုံးအပတ်အတွင်း တနင်္သာရီမြို့မှ မြို့ဦး ပရိယတ္တိကျောင်းမှာ အဆောက် အအုံ ဆောက်လုပ်ဖို့ မြေတူး၊ မြေညှိ လုပ်တော့ မြေအိုးနဲ့ ထည့်ထားတဲ့ လက် ဝတ်ရတနာများကို တွေ့ရတယ်လို့ ဆိုပါတယ်။
တူးဖော် တွေ့ရှိရတဲ့ အိုးထဲမှာ ငွေနဲ့ ပြုလုပ်ထားတဲ့ ငွေစလွယ်၊ လက် ပတ်၊ ခြေချင်း အပါအဝင်  အမျိုးအစား ၄၀ ကျော်နဲ့ ရွှေနဲ့ ပြုလုပ်ထားတဲ့ ဆံထိုး၊ လက်စွပ်၊ နားကပ်စတဲ့ လက်ဝတ်ရတနာ ၂၄ မျိုးတို့လည်းပါရှိတယ်လို့ သိရပါ တယ်။
ရွှေထည် ပစ္စည်းများရဲ့ စုစုပေါင်း အလေးချိန်က ၉ ကျပ်သားလောက် ရှိတယ်လို့ သိရပြီး တူးဖော်တွေ့ရှိရတဲ့ ပစ္စည်းများကို မြို့ဦးကျောင်း ဆရာတော် က ထိန်းသိမ်း စောင့်ရှောက်ထားတယ် ဆိုတဲ့အကြောင်း ဂျာနယ်သတင်းမှာ ဖော်ပြထား ပါတယ်။
အဲဒီ သတင်းကို ဖတ်ရတော့ တူး ဖော်တွေ့ရှိမှုနဲ့ ပက်သက်ပြီး အရမ်းကို စိတ်ဝင်စားမိပါတယ်။ အိုးနဲ့ ထည့်မြှုပ် ထားတဲ့ လက်ဝတ်ရတနာအပြင် အဲဒီ ခေတ်က ရာထူးရှိသူ တစ်ယောက်ရဲ့ အဆောင်အယောင်တွေဖြစ်တဲ့ ငွေစ လွယ်တို့ လက်ပတ်တို့ ပါနေတယ်ဆို လို့ပါ။
နောက်ပြီး အဲဒီရှေးဟောင်းပစ္စည်း တွေကို ပညာရှင်များက ဘယ်လို ကောက်ချက်ချမလဲ ဆိုတာကိုလည်း အရမ်းကို စိတ်ဝင်စားနေမိပါတယ်။ ဒီ တော့ အိုးထဲမှာ ပါရှိတဲ့ လက်ဝတ် လက်စားတွေရဲ့ ပုံစံတွေကို သေသေ ချာချာလေး မြင်ချင်သေးတာမို့ နီးစပ်ရာ ဒေသခံ တစ်ယောက်ယောက်နဲ့ ချိတ် ဆက်ပေးဖို့ရာ တနင်္သာရီဂျာနယ်က အယ်ဒီတာကိုပဲ အကူအညီတောင်း ရတော့တာပါပဲ။ အယ်ဒီတာရဲ့ ချိတ် ဆက်ပေးမှုအရ တနင်္သာရီမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌဖြစ်သူ ဦးသန်းစိုးဝင်းနဲ့ ဆက်သွယ်မိပြီး အခု တင်ပြထားတဲ့ ဓာတ်ပုံတွေကို ရခဲ့တာ ဖြစ်ပါတယ်။
တူးဖော်ရရှိခဲ့တဲ့ ပစ္စည်းတွေနဲ့ ပတ် သက်ပြီး ဦးသန်းစိုးဝင်းက ဂျာနယ်မှာ ဖော်ပြထားတဲ့အတိုင်းပဲ ဖုန်းကနေ တဆင့် ပြောပြပါတယ်။ တနင်္သာရီမြို့မှာ အခုလို တူးဖော်တွေ့ရှိတာလည်း တိုင်း ဒေသကြီး အစိုးရကတဆင့် သက်ဆိုင်ရာ ဌာန(ဗဟို)အထိ အကြောင်းအကြား ထားပြီးပြီလို့လည်း သိရပါတယ်။
ဒါပေမယ့် အခုချိန်ထိတော့ သက် ဆိုင်ရာဌာနက ပညာရှင်များ လာရောက် လေ့လာပြီး သုတေသနပြုတာမျိုးတော့ မရှိသေးပါဘူးလို့ သိရပါတယ်။ ကျွန် တော့်အနေနဲ့ကတော့ တူးဖော် တွေ့ရှိတဲ့ ပစ္စည်းတွေနဲ့ ပက်သက်တဲ့ အကြောင်း အရာ အချက်အလက်တွေကို အမြန်ဆုံး သိချင်နေမိပါတယ်။ ပစ္စည်းတွေရဲ့ ခေတ်ကာလ သတ်မှတ်ချက်နဲ့ အနုစိတ် ဖော်ထားတဲ့ လက်ရာတွေဟာ ဘယ် နေရာ ဘယ်ဒေသက ယဉ်ကျေးမှု လက် ရာတွေနဲ့ ဆက်နွယ်မှု ရှိနေသလဲ ဆို တာတွေ၊ တွေ့ရှိရတဲ့ ပစ္စည်းတွေ အပေါ် ချမှတ်ထားတဲ့ ကောက်ချက်ချမှုတွေနဲ့ အဲဒါတွေနဲ့ ဆက်စပ်ပြီး တနင်္သာ ရီမြို့ရဲ့ သမိုင်းကြောင်းကို ဘယ်လောက် များများ ရှေ့ဆက်ပြောနိုင်ပြီလဲ ဆိုတာ တွေကို အရမ်းသိချင် နေမိပါတယ်။ တကယ်လည်း အခု တွေ့ရှိခဲ့တဲ့ ပစ္စည်းတွေကြောင့် အရင်ကထက် ဒီဒေသရဲ့ သမိုင်းကြောင်း ကို ပိုပြီးပြောနိုင်လာ တော့မှာပါ။ ဒါပေမယ့်လည်း ဒါတွေက ပညာရှင်တွေ လုပ်ရမယ့် အလုပ်တွေသာ ဖြစ်တာမို့ သူတို့ဆီက အစီရင်ခံစာတွေ ထွက်ပေါ် လာတဲ့အထိ ကျွန်တော်တို့ စိတ်ရှည် လက်ရှည်နဲ့ စောင့်မျှော်နေဖို့ပဲ ရှိပါတယ်။
လူ့စိတ်ဆိုတာ  ခက်တော့ အခက် သားပါပဲ။ နောက် မကြာမီ သိရတော့မယ့် အကြောင်းကိစ္စတစ်ခုကို ချက်ချင်း လက်ငင်းကြီးကို သိချင်နေမိပြန်တာပါ။ ဒီတော့ တူးဖော်တွေ့ရှိရတဲ့ ရှေးဟောင်း လက်ဝတ် ရတနာတွေ ထဲက ကျွန်တော် ဆီရောက်နေတဲ့ ပုံတချို့ကို အဲဒါတွေနဲ့ ပက်သက်ပြီး ကျွမ်းကျင်မှုရှိတဲ့ သူငယ် ချင်းနှစ်ယောက်ဆီ ပုံတွေပို့ပြီး အကဲ ဖြတ်ခိုင်းပါတော့တယ်။
သူတို့ကို ဒီရတနာ ပစ္စည်းတွေနဲ့ ပက်သက်လို့ ဘာမှ ကြိုမပြော ထားခဲ့ ပါဘူး။ သူတို့က ပုံကိုသာ တွေ့ရတာမို့ အတုအစစ်ကိုတော့ ခွဲခြားမသိနိုင် ပါဘူးတဲ့။ အတုအစစ်ကို မကြည့်ပါနဲ့ ဘယ်ခေတ်လက်ရာဆိုတာကိုသာ ပြောပြ ပေးပါလို့ တောင်းဆိုတော့ ကျွန်တော် ပို့ထားတဲ့ ပုံတွေထဲက ပုံတစ်ပုံမှာပါတဲ့ ရွှေလက်ဝတ်ရတနာများဟာ ပျူခေတ် လက်ရာ ပစ္စည်းတွေဖြစ်တယ်ဆိုပြီး နှစ်ယောက်စလုံးက ပြောပါတယ်။
မမျှော်လင့်ထားတဲ့ အဖြေပါပဲ။ ကျွန်တော့်အနေနဲ့ အဲလောက်ထိ မမှန်း ထားဘူးလို့ ပြောရင် ပိုမှန်ပါတယ်။ သူတို့ ခန့်မှန်းပေးသလို ပျူခေတ်ပစ္စည်း အမှန်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက် ကောင်းလိမ့်မလဲ။ အရင်က” တနင်္သာရီ ပျူ “ဆိုတဲ့ စကားလုံးကို ခပ်တိုးတိုး လေးသာ ရေးကြ၊ ပြောကြ လုပ်နေရာ ကနေ အခုဆိုရင် ဒီနေရာ ဒီဒေသဟာ ပျူခေတ် ကတည်းက တိုးတက် စည်ပင် နေခဲ့တဲ့ နေရာဖြစ်တယ်ဆိုတာကို ကျယ် ကျယ်လောင်လောင်လေး ပြောနိုင်လာ ပြီပေါ့။
ကျွန်တော်က ကိုယ့်အတွေးနဲ့ ကိုယ် ပျော်နေမိပါတယ်။ မိတ်ဆွေ နှစ် ယောက် ခန့်မှန်းပေးတဲ့ အဖြေက အတည်ပြု ကြေညာလို့ရတာ မဟုတ်ပေ မယ့်လည်း ကျွန်တော်ရဲ့ သိချင်စိတ် ကိုတော့  အတိုင်းအတာ တစ်ခုအထိ ဖြေဖျောက် ပေးနိုင်ခဲ့ပါတယ်။ ခန့်မှန်းပေးတဲ့ သူ တွေက ပညာရှင်များတော့ မဟုတ်ကြပါ ဘူး။ ဒါပေမယ့် ရှေးခေတ်လက်မှု ပစ္စည်းတွေနဲ့ ပတ်သက်လို့ ဝါသနာအရ အချိန်ယူပြီး လေ့လာ လိုက်စားလာခဲ့တဲ့ သူတွေဖြစ်ကြတယ် ဆိုတာကိုတော့ ကျွန်တော် သိထားပါ တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ အခုလို ရှေးဟောင်းပစ္စည်းတွေ တွေ့ရှိမှုက တနင်္သာရီမြို့ သမိုင်းဖော်ဆောင်မှုအတွက် အရမ်းကို တန်ဖိုးရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီပစ္စည်းကို လေ့လာ ဆန်းစစ် သုတေသနပြုလုပ်ပြီး ရရှိလာတဲ့ အဖြေ တွေကြောင့်  ဒီနယ်ဒီဒေသရဲ့ အကြောင်း ပိုပြီး ပြည့်ပြည့်စုံစုံ သိလာရမှာ ဖြစ် သလို အရင်သိထားတဲ့ သမိုင်းကြောင်း ဟာလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲချင် ပြောင်းလဲ သွားနိုင်လို့ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း ယဉ်ကျေးမှု အဆင့်မြင့်မားစွာနဲ့ မြို့ ပြ နိုင်ငံအဆင့်အထိ တူထောင်သွားကြတဲ့ ပျူတွေအကြောင်း လက်လှမ်းမီသလောက် လေ့လာ ကြည့်ဖူးပါတယ်။ ပညာရှင်များ သုတေသနပြုပြီး ဖော်ထုတ် ရေးသား ကြရာမှာ မြန်မာပြည် အလယ်ပိုင်း ဒေသဝန်းကျင်မှာ ထွန်းကားခဲ့တဲ့ ပျူမြို့ တော်ကြီးတွေ အကြောင်းတွေကိုပဲ အဓိက ရေးသား ဖော်ထုတ်ထားကြတာကို တွေ့ရပါတယ်။
ထားဝယ်ဒေသမှာရှိတဲ့ သာဂရမြို့ ဟောင်း အပါအဝင်အခြား မြို့ဟောင်း များက ပျူယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ တွေ့နေခဲ့ရပေ မယ့်လည်း တနင်္သာရီဒေသက ပျူ ယဉ်ကျေးမှုနဲ့ ပက်သက်ပြီး ပညာရှင် များရဲ့ တိကျထင်ရှားတဲ့ မှတ်ချက် ချမှုမျိုးနဲ့ ထင်ထင်ရှားရှား ဖော်ထုတ် ရေးသားကြတာတွေက တော်တော်ကို ရှားပါး နေပါသေးတယ်။ အဲလိုဖြစ် နေရတာဟာ တွေ့ရှိချက်များ အပေါ် အသေအချာ လေ့လာသုတေသန မပြု ရသေးလို့ ဒါမှမဟုတ် တိကျခိုင်လုံတဲ့ အဖြေတစ်ခုကို ဖော်ထုတ်နိုင်ဖို့အတွက် ရရှိခဲ့တဲ့ အထောက်ထားတွေက မလုံ လောက် သေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒေသခံများ အနေနဲ့ကလည်း ပညာရှင် များ သုတေသနပြုနိုင်လောက်တဲ့အထိ လုံလောက်တဲ့ အထောက်ထားတွေ တင်ပြ နိုင်ရမှာပါ။ အဲဒီလို တင်ပြနိုင်ဖို့အတွက် တနင်္သာရီတစ်တိုင်းလုံးက ရှေးခေတ် လူ့ယဉ်ကျေးမှုနဲ့ ပက်သက်တဲ့ ရှေး ဟောင်းပစ္စည်း အထောက်အထားများကို သေသေချာချာနဲ့ စည်းစနစ်ကျကျ စု စည်းထိန်းသိမ်းတတ်ဖို့ အထူးလိုအပ် လှပါတယ်။ကျွန်တော်တို့ တနင်္သာရီဒေသ ဟာ အိမ်နီးချင်း နိုင်ငံတစ်ခုနဲ့ နယ်မြေချင်း ထိ စပ်နေပြီး အဲဒီနိုင်ငံနဲ့လည်း လွယ်ကူ စွာ ကူးလူးနိုင်ပြီ ဖြစ်ပါတယ်။
အဲဒီလို အခြေနေမျိုးမှာ ကိုယ့်ဒေသ အတွင်းက ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများ ပျောက်ကွယ်နိုင်တဲ့ အန္တရာယ်ကလည်း တော်တော် ကြီးမား ပါတယ်။ တော်တော် များများလည်း ဆုံးရှုံးကုန်ပြီလို့ သိရပါတယ်။ တကယ် တော့ ကိုယ့်ဒေသအတွင်းက သမိုင်း အထောက်ထား ပစ္စည်းတွေ ဆုံးရှုံး ပျောက်ကွယ်သွားရခြင်းဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသရဲ့ သမိုင်းကြောင်းကို ဖော် ထုတ်ရာမှာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တွေ ဖြစ်တယ်ဆိုတာ ဒေသခံများ အနေနဲ့က လည်း ကောင်းကောင်းကြီးကို နားလည် တတ်ဖို့ လိုပါတယ်။
အခု တနင်္သာရီမြို့မှာ တူးဖော် တွေ့ရှိရတဲ့ ရှေးဟောင်းရတနာ ပစ္စည်း များကို သက်ဆိုင်ရာ ဌာနက လာရောက် သုတေသန ပြုနိုင်အောင် မြို့ဦးကျောင်း ဆရာတော်က စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ သိရတော့ အတော်ပဲ အားရ ကျေနပ်မိပါတယ်။ နောက်ပြီး ဒေသခံများကလည်း ကိုယ့် မြို့၊ ကိုယ့်ဒေသ သမိုင်းကြောင်း အမှန်ကို ဖော်ထုတ်နိုင်ဖို့ အမှန်တကယ် လိုလားကြ ပြီး သမိုင်းအထောက်ထားတွေ ဖြစ်တဲ့ ရှေးဟောင်းပစ္စည်းများကို တန်ဖိုးထား ထိန်းသိမ်းထား ရကောင်းမှန်းလည်း သိလာကြပြီလို့ ဆိုပါတယ်။အဲဒီလို ကြား ရတာဟာလည်း တကယ်ကို ဝမ်းသာစရာ ပါ။ တနင်္သာရီမြို့ဆိုတာ ခရစ် ၁၃ – ၁၄ ရာစုကတည်းက မြို့ အဖြစ် အထင်ကရ တည်ရှိနေခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပြီး ယိုးဒယားတို့ရဲ့ အဓိက ပင်လယ်ဆိပ်ကမ်း မြို့ကြီး တစ်မြို့လည်း ဖြစ်ခဲ့ဖူးပါတယ်။ အရှေ့တိုင်းနဲ့ အနောက်တိုင်းတို့ ကုန်စည် ဖလှယ်ရာဒေသကြီး တစ်ခုဖြစ်ခဲ့သလို နိုင်ငံခြားသား လူမျိုးပေါင်းစုံ ဝင်ထွက် သွားလာ ကျက်စားရလောက်အောင် အထိ အဓိက အချက်အချာကျပြီး စည်ကား လှတဲ့ မြို့တစ်မြို့ ဖြစ်ခဲ့ပါတယ်။
တနင်္သာရီဆိုတဲ့ နာမည်ဟာ ခေတ် ပြိုင် မှတ်တမ်းများအရ ခရစ် ၁၂ ရာစု နှောင်းပိုင်းလောက်ကတည်းက ထင်ထင် ရှားရှား ရှိနေခဲ့တဲ့ ဒေသနာမည် တစ်ခုပါ။ အဲဒီနာမည်ကလည်း အဓိပ္ပာယ် အမျိုးမျိုး နဲ့ ပဟေဋိဆန်လွန်း လှသလို မြို့ရဲ့ သမိုင်း ကြောင်း ကလည်း ရှုပ်ထွေးပြီး စိတ်ဝင် စားဖို့ ကောင်းလှပါတယ်။
ဒါကြောင့်မို့ ဒီလို အစဉ်အလာရှိခဲ့တဲ့ မြို့တစ်မြို့အကြောင်း အသေချာ လေ့လာနိုင်ကြစေဖို့ မကြာခဏ တွေ့ရ လေ့ရှိတဲ့ သမိုင်း အထောက်အထားတွေကို အခြေခံပြီး တနင်္သာရီမြို့ရဲ့ သမိုင်း အကြောင်းကို ပိုမို ထင်ရှားစွာ ဖော်ထုတ် လာနိုင် ကြပါစေကြောင်း ဆန္ဒပြုလိုက်ရ ပါတယ် ခင်ဗျာ။
မှတ်ချက် ။   ။ ဖော်ပြပါ ဓာတ် ပုံများပို့ပေးခဲ့သော ကိုသန်းစိုးဝင်းနှင့် ဇနီးအား အထူးကျေးဇူးတင်ရှိပါသည်။