ဘေးမထွက်သော ဘေးထွက်ဘောများ

0
508

တစ်ချိန်က ကိုယ်တိုင် ဘောလုံး ကစားနည်းကို အရူးအမူး စွဲလန်းခဲ့ဖူးလို့ လားမသိ။
၂၄ ဃ့ညေညနူ မှ ထုတ်လွှင့်လျက် ရှိသော ဘောလုံးပြိုင်ပွဲများကို အချိန် ရရင်ရသလို အလွတ်မပေးစတမ်း ကြည့် ရှုအားပေး ဖြစ်သည်။ ထိုသို့ ကမ္ဘာ အရပ်ရပ်မှ ဘောလုံးပြိုင်ပွဲများကို ကြည့် ရှုရင်း သတိပြုမိတာလေး တစ်ခု ရှိပါ သည်။

ထိုအရာကား အားကစားနည်း များ၏ အလှတရားတစ်ခုဖြစ်သော အား ကစား စိတ်ဓာတ် (သို့မဟုတ်) လူကြီးလူကောင်း စိတ်ဓာတ်ပင် ဖြစ်ပါသည်။
အများသိကြသည့်အတိုင်း အားက စားဟူသည် ခွန်အားနှင့် ကျွမ်းကျင်မှုကို အသုံးပြုပြီး တွန်းတွန်းတိုက်တိုက် ယှဉ်ပြိုင်ကစားရသော ကစားနည်း တစ်မျိုး ဖြစ်ပါသည်။ ပြိုင်ဘက် နှစ်ဦး (သို့မဟုတ်) နှစ်ဖက်အသင်းကြား  ပိုက် တန်း ကာဆီးထားသော ကြက်တောင်၊ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော အစရှိသော ကစားနည်းများမှအပ ကျန် ကစားနည်း အတော် များများမှာ တွန်း တွန်းတိုက်တိုက် ကစားရသည်ချည်းပင်။ ထိုကြောင့်လည်း ဒဏ်ရာ အနာတရ အနည်းနှင့်အများတော့ ရရှိကြစမြဲ  ဖြစ် ပါသည်။ball-article
အထူးသဖြင့် တစ်ဦးနှင့်တစ်ဦး  အကြား အကာအရံ အတားအဆီး မရှိဘဲ ပြေးပြေးလွှားလွှား တွန်းတွန်း တိုက်တိုက် ကစားရသော ဘောလုံးလို ကစားနည်း၌ ဒဏ်ရာအနာတရ ပိုဖြစ် လေ့ ရှိပါသည်။
အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်နေကျ အင်္ဂလန် ပရီးမီးယား လိဂ်၊ စပိန်လာလီဂါ၊ အီတလီစီးရီးအေ၊ ဂျာမန် ဘွန်ဒက်စလီဂါ…အစရှိသည့် ကမ္ဘာ့ ထိပ်တန်း ကလပ်အသင်းကြီးများ ယှဉ်ပြိုင် ကစားကြသော ဘောလုံးပွဲများ ကို ကြည့်ရှုအားပေးရင်း မကြာခဏ ဆိုသလို ချစ်စရာကောင်းသော ဓလေ့ ထုံးတမ်း အစဉ်အလာလေး တစ်ခုကို သတိပြု မိပါသည်။
ထိုအရာကား တစ်ဖက်နှင့်တစ်ဖက် သဲကြီးမဲကြီး ယှဉ်ပြိုင်ကစားနေကြသော ဘောလုံးပွဲတစ်ပွဲတွင် ကစားသမားတစ် ဦးက ဘောလုံးကို လွတ်လွတ် ကျွတ် ကျွတ် ဆွဲပြေးသွားခိုက် (မိမိ ပယောဂ ကြောင့် မဟုတ်ဘဲ) တစ်ဖက် အသင်း သားတစ်ဦးဦး အကြောင်း တစ်ခုခု ကြောင့် ကွင်းထဲ အနာတရဖြစ်ပြီး လဲကျနေတာ တွေ့ရှိပါက ကစားသမား အများစုမှာ မိမိခြေထဲရောက်ရှိ နေသော ဘောလုံးကို စည်းအပြင် ကန်ထုတ်ပြီး ဘေးထွက်ဘော ပြုလုပ်ပေးလေ့ ရှိပါ သည်။
အဆိုပါ ဒဏ်ရာရ ကစားသမားကို ဆေးအဖွဲ့က ကွင်းအပြင် သယ်ထုတ်ပြီး ဘောလုံးပွဲကို ပြန်လည် စတင်သောအခါ စည်းမျဉ်းစည်းကမ်းအရ တစ်ဖက် အသင်းက ဘေးထွက်ဘော မြှောက်ခွင့် ရရှိပေမယ့် ပြိုင်ဘက်အသင်းသား၏ အားကစားသမား ပီသသော စိတ်ဓာတ် ကို အခွင့်အရေး မယူသည့်သဘောဖြင့် ထိုဘေးထွက်ဘောကို မိမိအသင်းသား တစ်ဦးထံ မြှောက်ပေးပြီး အဆိုပါ ကစားသမားက ပြိုင်ဘက် ကစားသမား တစ်ဦးဦးထံ ဘောလုံးကို ပြန်ကန် ပို့ပေးလေ့ရှိပါသည်။ ထိုသို့ တမင်တကာ ဘေးထွက်ဘော ပြုလုပ်သော ကစား သမားကို တစ်သင်းတည်း ကစား ဖော်များက အပြစ်မတင်ကြသလို ပြိုင် ဘက် ကစားသမားများရော၊ ပရိသတ် များကပါ တလေးတစား လက်ခုပ်တီး ဩဘာပေးလေ့ ရှိပါသည်။
အဆိုပါ ဖြစ်စဉ်၌ တစ်ဖက်အသင်း သားနှင့် တွန်းတွန်းတိုက်တိုက် ဘောလုံး ယှဉ်လုကြသောကြောင့် ဒဏ်ရာ ရရှိ ခဲ့ခြင်း မဟုတ်ဘဲ မိမိဘာသာ ပြေးရင်း လွှာရင်း မတော်တဆ ဒဏ်ရာ ရရှိခဲ့ခြင်း ကြောင့်  ကွင်းလယ်ဒိုင်လူကြီး အနေနှင့် ကစားပွဲကို ခေတ္တရပ်နားရန် ခရာမှုတ်ခွင့် မရှိပေ။ ဆက်လက် ကစားခြင်း၊ ဘေး ထွက်ဘော ပြုလုပ်ခြင်းမှာ ကစားသမား တစ်ဦးချင်းစီ၏ လူကြီးလူကောင်း ပီသခြင်း မပီသခြင်းနှင့်သာ သက်ဆိုင် သည်။ ထို့အပြင် ပြိုင်ဘက်အသင်း ကစားသမား၏ စာနာမှုကြောင့် ရရှိသော ဘေးထွက်ဘောကို အခွင့်အရေး မယူလို သည့် သဘောဖြင့် ဘောလုံးကို တစ်ဖက်အသင်း ကစားသမား တစ်ဦးဦး ထံ ပြန်လည် ကန်ပို့ပေးခြင်း မှာလည်း ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းမှာ တရားဝင် ပြဋ္ဌာန်းထားခြင်း မရှိပေ။ သို့သော် လူကြီးလူကောင်း ပီသသော ကစား သမားတိုင်းလိုလို အဆိုပါ ကျင့်ဝတ်ကို ကိုယ့်အသိနှင့်ကိုယ် လိုက်နာစောင့် ထိန်းကြပါသည်။
ချစ်စရာ့ ဘေးထွက်ဘောများ ပါပေ။
နိစ္စဓူဝ ဘ၀ဖြတ်သန်းမှုများတွင် ကျွန်တော်တို့ မလွဲသာ မရှောင်သာ လူအမျိုးမျိုး စိတ်အဖုံဖုံနှင့် ကြုံတွေ့ ဆက်ဆံ ကြရပါသည်။ ထိုသို့ ကြုံတွေ့ ဆက်ဆံကြရာဝယ်  မိမိခြေထဲ ဘောလုံး ရောက်ရှိနေပါက တစ်ဖက်အသင်းမှ က စားသမားတစ်ဦးဦး မည်သည့် အ ကြောင်းကြောင့်ပင် ကွင်းထဲ ဒဏ်ရာ ရရှိပြီး လဲကျနေစေကာမူ ကွင်း လယ် ဒိုင်လူကြီး ခရာမမှုတ်မချင်း ကစားပွဲကို ရပ်တန့်ပေးလေ့ မရှိသော ကစားသမားလို  လူပုဂ္ဂိုလ်များကြောင့် စိတ်ညစ်ညူးရသလို  ဘေးထွက်ဘော လှလှပပ ပြုလုပ်တတ် သော ကစားသမား လို လူပုဂ္ဂိုလ်များ ကြောင့်လည်း စိတ်လက်ကြည်သာ ချမ်းမြေ့ရပါသည်။
တစ်ခါက ဘေးထွက်ဘော လှလှ ပပ ကန်ထုတ်တတ်သော သူငယ် ချင်းတစ်ဦးနှင့် ကြုံတွေ့ခဲ့ ရဖူးပါသည်။ ကျွန်တော့် သူငယ်ချင်းမှာ စည်ပင်ဈေး၌ ဖိနပ်ဆိုင် ဖွင့်လှစ် ရောင်းချလျက်ရှိပြီး တစ်ခါတရံ အားအားလပ်လပ် ရှိပါက သူ့ထံသွားရောက်ကာ ဈေးအတွင်း ဖွင့်လှစ်ထားသော လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်ရင်း စကားဖောင် ဖွဲ့လေ့ ရှိပါသည်။ တစ်နေ့ ကျွန်တော် ဈေးထဲသို့ ရောက်သွားသောအခါ ကျွန် တော့် မိတ်ဆွေဆိုင်၌ ဈေးဝယ်သူ နှစ်ဦး ရောက်ရှိနေသောကြောင့် သူငယ်ချင်း ဖြစ်သူအား အရောင်းအဝယ် ပြုလုပ် ပြီးစီးမှ လက်ဖက်ရည်ဆိုင် လိုက်ခဲ့ရန် ပြောရာ သူငယ်ချင်းက ကျွန်တော့်အား ” ခဏစောင့်” ဟု ပြောပြီး ဈေးဝယ်သူ နှစ်ဦးကို ” အစ်မတို့ နံဘေးဆိုင်မှာ ဈေး ဆစ်ထားတဲ့ ဖိနပ်တွေ အရင်သွား ဝယ်လိုက်ပါဦး၊ ပြီးမှ ကျွန်တော့်ဆိုင်မှာ ဝယ်ချင်တာလေးတွေ ရှိသေးရင် လာ ဝယ်ပေါ့”ဟု ပြောကြားကာ ကျွန်တော်နှင့် အတူ လက်ဖက်ရည်ဆိုင် ထွက်ခဲ့လေ သည်။
လက်ဖက်ရည်ဆိုင်သို့ ရောက်သော အခါ ကျွန်တော်က သူငယ်ချင်းအား ” ခုန က ဈေးဝယ်သူနှစ်ဦး တစ်ဖက်ဆိုင်မှာ ဝယ်ပြီး မင်းဆိုင်မှာ ပြန်လာဝယ်လို့ မင်းမရှိရင် မရောင်းရ ဖြစ်နေမှာပေါ့၊ သူတို့ကို စောင့်ရောင်းပြီးမှ လိုက်ခဲ့လည်း ရသားနဲ့”ဟု အားမလို အားမရ ပြောရာ သူငယ်ချင်းက ယခုလို ပြန်ပြောလိုက် ပါသည်။
” စိတ်မပူပါနဲ့ကွာ…သူတို့ ဆန္ဒရှိလို့ ငါ့ဆိုင်မှာ ပြန်လာဝယ်ရင် နံဘေးဆိုင်က ရောင်းပေးပါလိမ့်မယ်၊ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလိုပေါ့ သူငယ်ချင်း၊ အခုလိုပဲ ငါမကြာခဏဆိုသလို အပြင် သွားတိုင်း ငါ့ဆိုင်ကို ဆိုင်နီးနားချင်းတွေ ကူရောင်း ပေးနေကျပါ”
သူငယ်ချင်းဖြစ်သူ၏ စကားဆုံး တော့ ကျွန်တော် ကြည့်ခဲ့ဖူးသော ဘော လုံးပွဲတချို့မှ တမင်တကာ ကန်ထုတ် သော ဘေးထွက်ဘောများကို အလိုလို ပြန်မြင်ယောင် မိပါသည်။ စည်ပင်ဈေး တို့ မည်သည့် ရွှေဆိုင်တန်း၊ အထည် ဆိုင်တန်း၊ ဖိနပ်ဆိုင်တန်း….စသည်ဖြင့် ကုန်ပစ္စည်း အမျိုးအစား တူရာများကို စုပေါင်း ရောင်းချလေ့ရှိသည့်အပြင် တစ် ဆိုင်နှင့် တစ်ဆိုင် ကပ်လျက် တည်ရှိကြ လေသည်။ ထိုကြောင့် ဘီလူးစည်း လူ့စည်းဆိုသလို စောင့်စည်းမှု မရှိဘဲ မိမိ ဘောလုံးရရှိနေစဉ် တစ်ဖက် အသင်းသား ဘာဖြစ်ဖြစ် ကွင်းလယ်ဒိုင် ခရာ မမှုတ်မချင်း ရပ်နားလေ့မရှိသော ဘောလုံးသမားလို စိတ်ထားမျိုးဖြင့် ရောင်းချပါလျှင် အခန့်မသင့်ပါက ဆိုင် နားနီးချင်း တစ်သက်လုံး ခါးသီးသော ပြိုင်ဘက်များ အဖြစ်သို့ ရောက်ရှိသွား နိုင်ပါသည်။
သို့သော် ကျွန်တော့် သူငယ်ချင်းမှာ ဘေးထွက်ဘော ကန်တတ်သူ တစ်ဦးမို့ သူ့ဆိုင် ပတ်ဝန်းကျင်၌ တုံ့လှည့် မေတ္တာတရားဖြင့် အေးချမ်းလို့။ အချင်း ချင်း ရိုင်းပင်းကူညီမှုဟူသော စာနာ စိတ်ဖြင့် နွေးထွေးလုံခြုံလို့။
တစ်ခါတုန်းကလည်း မိသားစု ထမင်းဝိုင်းမှာ ဘေးထွက်ဘော ကန် ထုတ်တတ်သူ တစ်ဦးနှင့် ကြုံဆုံခဲ့ ရဖူးပါသည်။ ငယ်စဉ်က ကျွန်တော့်မှာ”ဖိုးဇော်” ဟူသော သူငယ်ချင်းတစ်ဦး ရှိခဲ့ဖူးပါသည်။ ဖိုးဇော်နှင့် ကျွန်တော်ကား အိမ်နီးချင်းဖြစ်သလို သက်တူရွယ် တူ တွေမို့ ကစားလည်း အတူတူ၊ ကျောင်း သွားလည်း အတူတူ အမြဲတတွဲတွဲ ရှိခဲ့ ကြသလို သူ့အိမ် ကိုယ်စား၊ ကိုယ့်အိမ် သူစားအထိ ရင်းနှီးခဲ့ကြပါသည်။ ဖိုး ဇော်မှာ ညီအစ်ကို မောင်နှမ ငါးဦး ရှိပြီး ဖခင်မှာ ရုံးစာရေး တစ်ဦး ဖြစ်လေ သည်။ ဖိုးဇော်တို့ တစ်မိသားစုလုံးမှာ ဖခင်ကြီး၏ ရုံးစာရေးလစာ တစ်ခုတည်း ကို မှီခို နေရသည့်အပြင် ဖခင်ကြီးမှာ အလွန် ရိုးသား အေးဆေး သူမို့ ဘေး ပန်းဝင်ငွေ မရှာတတ်ပေ။ ထိုကြောင့် ဖိုးဇော်တို့ မိသားစုမှာ စားဝတ် နေရေး ကြပ်တည်းလှသလို မိသားစု ထမင်းဝိုင်း မှာ ဖွယ်ဖွယ်ရာရာ ဟင်းလျာများ ချက် ပြုတ် မစားသောက်နိုင်ကြပေ။ သို့သော် လခထုတ်ရက် ရောက်သောအခါ ဖိုးဇော် မိခင်ကြီးက ခင်ပွန်းသည် ကြိုက် တတ်သော ဟင်းလျာများကို ဖွယ်ဖွယ် ရာရာ ချက်ပြုတ် ကျွေးမွေးလေ့ ရှိပါ သည်။ ထိုသို့ ဖွယ်ဖွယ်ရာရာ ချက်ပြုတ် ထားသည့်နေ့ ထမင်းဝိုင်းသို့ ရောက် တိုင်း ဖိုးဇော် ဖခင်ကြီးမှာ ရုံးဆင်း ခါနီးမှ လက်ဖက်ရည် သောက် လာ သောကြောင့် ရင်ပြည့် ရင်ကယ် ဖြစ် စမြဲ၊ ဇနီးဖြစ်သူက သူ့ပန်းကန်ထဲ ခပ်ထည့်ပေးသမျှ ဟင်းလျာများကို ဗိုက်ပြည့်နေလို့ဟု အကြောင်းပြကာ သားသမီးများ ထမင်းပန်းကန်ထဲသို့ ဘေးထွက်ဘော လုပ်ပစ် စမြဲပင်။
ကျွန်တော်တို့ မိသားစုဝင်တွေထဲမှာ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ၊ ကျွန်တော် တို့ နေထိုင်သော ကမ္ဘာကြီးမှာ ဖိုးဇော် ဖခင်လို၊ ကျွန်တော့် သူငယ်ချင်းလို ဘေးထွက် ဘောကန်တတ်သူတွေ များများ စားစား ရှိစေချင်မိပါသည်။
ဒါမှလည်း ဤကမ္ဘာ လောကကြီး သည် တုံ့လှည့် မေတ္တာတရား၊ ကိုယ်ချင်း စာတရားများဖြင့် လွှမ်းခြုံကာ သာယာ လှပ နေပါလိမ့်မည်။
တကယ်တော့ ဤကမ္ဘာ လောက ကြီးထဲ၌ ဘေးမထွက်သော ဘေးထွက် ဘောများ မကန်သင့်သော အရပ်ဒေသ ဆိုလို့ အပ်ဖျားတစ်ထောက်စာမျှပင် ရှိမည် မထင်ပါ။