မွန်တွင် ရေကြောင်းအသုံးပြုခွင့် ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဒေသခံများ အခက်အခဲဖြစ်

0
612

မွန်ပြည်နယ်၊ မော်လမြိုင်- ချောင်းဆုံ (ဘီလူးကျွန်း) သို့ ပြေးဆွဲနေသည့် သင်္ဘောများ ယာယီ ရပ်ဆိုင်းလိုက်သည့် အတွက် ရေလမ်းကိုသာ အဓိကအသုံး ပြုနေသည့် ချောင်းဆုံဒေသခံများ သွားလာရေး အခက်အခဲကြုံနေရကြောင်း   ဒေသခံများ၏ ပြောကြားချက်အရသိရ သည်။


ခရီးသည်နှင့် ရေယာဉ်အန္တရာယ် ကင်းရှင်းရန်အတွက် ရေကြောင်း ညွှန်ကြားရေးဦးစီးဌာနမှ တစ်နိုင်ငံလုံးရှိ ရေကြောင်းသင်္ဘောများကို စစ်ဆေး လျက်ရှိရာ မွန်ပြည်နယ်အတွင်း ပြေးဆွဲ နေသည့် သင်္ဘောများကိုလည်း စစ်ဆေးခဲ့ ပြီး ပြေးဆွဲရန်မသင့်ဟုဆိုကာ ပြန်လည် ပြင်ဆင်ရန်အတွက်  မေလ ၁ ရက်နေ့မှ သင်္ဘောအားလုံး ယာယီရပ်ဆိုင်းခဲ့သည်။

mon-boat-way
” သင်္ဘောတွေ မရှိတော့ အခက်အခဲ ဖြစ်တာပေါ့။ အခု စက်လှေနဲ့ သွားလာရ တာက အချိန်ကုန်တယ်၊ သင်္ဘောကျတော့ အချိန်သတ်မှတ်ချက်ရှိတယ်။ အချိန် ရောက်ရင် ထွက်မယ်၊ အချိန်မကုန်ဘူး၊ စက်လှေကကျတော့ ထွက်ချင်မှ ထွက် မယ်။ လူပြည့်မှ ထွက်မယ် ။စက်လှေနဲ့က စိုးရိမ်တဲ့စိတ်နဲ့ စီးရတယ်၊ အန္တရာယ်များ တယ်” ဟု ချောင်းဆုံဒေသခံ မိချမ်းစွန်း က ပြောသည်။
မွန်ပြည်နယ်အတွင်း ဇက်သင်္ဘော နှစ်စီးနှင့် ပစ္စည်းကုန်တင်သင်္ဘော ငါးစီး စုစုပေါင်း သင်္ဘောခုနှစ်စီးကို ပြင်ဆင် လျက်ရှိရာ  ဇွန်လပထမပတ်အတွင်း ချောင်းဆုံသို့ ပြေးဆွဲနေသည့် သင်္ဘော တစ်စီး ပြန်လည်ပြေးဆွဲ နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသံလွင်ဌာနခွဲမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးလှဝင်းနိုင်က ပြောသည်။
” ကိစ္စရှိရင် သွားရတာပဲလေ၊ လှေနဲ့ဆိုတော့ အန္တရာယ်ရှိတယ်လေ ကြောက်တာပေါ့။ လှိုင်းရှိရင် ပိုကြောက်ရ တယ်။ ကျွန်မတို့ကတော့ အေးအေး ဆေးဆေး ဇက်(သင်္ဘော)ကိုပဲ စီးချင် တယ်၊ ပစ္စည်းပါရင်လဲ အကုန်ကျနည်း တယ်။ လူလဲ မပင်ပန်းဘူး လှေနဲ့က ပစ္စည်းပါရင် ကုန်ကျများတယ်။လူလဲ ပင်ပန်းတယ်၊ စိုးရိမ်စိတ်နဲ့လဲ သွားလာနေ ရတယ်” ဟု ချောင်းဆုံမြို့နယ် ကမာမို ကျေးရွာမှ ဒေါ်တင်မြက ပြောသည်။
သင်္ဘောမရှိသည့်အတွက် အခက် အခဲပေါင်းစုံနှင့် သွားလာနေရပြီး ယခင်ကသင်္ဘောစီးလျှင် ၅၀၀ ကျပ်သာ ကုန်ကျရာမှ ယခုစက်လှေဖြင့်သွားလျှင် ၁၀၀၀ ကျပ် ကုန်ကျသည့်အတွက် လက် လုပ်လက်စားများတွက်ခြေမကိုက်ဖြစ်လာသည်ဟု ၎င်းတို့ကပြောသည်။
သို့သော်လည်း ခရီးသွားများ အတွက် အဆင်ပြေချောမွေ့စေရန် စက်လှေအကြီး၊ စက်လှေအလတ်နှင့် အငယ်တို့ဖြင့် အစားထိုးပြေးဆွဲစေသကဲ့ သို့ ခရီးသွားတို့၏ အသက်အန္တရာယ် အတွက် စက်လှေများတွင် အသက်ကယ် အင်္ကျီများကိုလည်း စီစဉ်ပေးထားခဲ့သည် ဟု ဦးလှဝင်းနိုင်က ပြောသည်။
” မိုးတွင်းဆိုတော့ ပိုပြီးတော့ အန္တရာယ်များပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ စက်လှေတစ်စီး တင်ထားတဲ့ဝိတ်များ လို့ အရေးပေါ် ကမ်းကပ်လိုက်ရတယ်” ဟု ချောင်းဆုံမြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် အောင်တံခွန် သင်္ဘောတိမ်မှောက်ပြီး လူအများအပြား သေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြည် တွင်းရေးကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာနပိုင် ရေယာဉ်များကို ကြံ့ခိုင်မှုစစ်ဆေး ခဲ့ကာ ရေယာဉ်အတော်များများ ပြေးဆွဲခွင့် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။