ထားဝယ်စကားကို ကျောင်းချိန် အတွင်း သင်ကြားနိုင်တော့မည်

0
682

ယခု ပညာရေးနှစ်အတွင်း ထားဝယ်စကားကို ကျောင်းချိန်အတွင်း သင်ကြားနိုင်မည်ဖြစ်ကြောင်း ထား ဝယ်စကား သင်ရိုးပြုစုရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးဘမြင့်က ပြော ကြားသည်။


ထားဝယ်စကား အခြေခံ ဖတ်စာ ကို သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိ ယတန်းတို့အတွက် မူကြမ်းစာအုပ်များ ပြီးစီးနေပြီဖြစ်ပြီး ယင်းမူကြမ်း စာအုပ် များကို ဧပြီလလယ်က တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်၊ လူမှု ရေးဝန်ကြီးနှင့် တိုင်းပညာရေး ညွှန် ကြားမှု ဦးစီးဌာနတို့ထံ တင်ပြထား ပြီးဖြစ်ကြောင်း ဦးဘမြင့်က ပြောသည်။dawei-learning
” ဒီနှစ် ပညာသင်နှစ်မှာ သင်နိုင် မယ်လို့ ခန့်မှန်းထားတယ်။ သင်နိုင် အောင်လည်း ဒီလို ကြိုးစားခဲ့တာပဲ” ဟု ၎င်းက ဆိုသည်။
သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းတို့အတွက် ထားဝယ် စကား အခြေခံ ဖတ်စာကို ကျောင်းသား ကိုင်နှင့် ဆရာကိုင် စာအုပ် ၆ အုပ်ကို ပြုစုထားကြောင်း ထားဝယ်စကား သင်ရိုး ပြုစုရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
ယင်းဖတ်စာအုပ်များတွင် ထားဝယ်ရိုးရာ ကဗျာများ၊ ပုံပြင်များ၊ စကားပုံနှင့် စကားထာ များကို ထားဝယ် ရိုးရာယဉ်ကျေးမှု သရုပ်ဖော် ပန်းချီ များနှင့်အတူ ထည့်သွင်း ရေးဆွဲထား ကြောင်း သိရသည်။
” သင်မယ်လို့ အကြောင်းကြား စာရတာနဲ့ ကော်မတီကနေပြီးတော့ မြို့နယ်အလိုက် ဆရာ၊ ဆရာမတွေကို ပြန်သင်နိုင်မယ့် နည်းပြတွေကို ခေါ်သင်မယ်” ဟု ဦးဘမြင့်က ပြောသည်။ ထားဝယ်စကားအခြေခံ ဖတ်စာ အုပ်များကို ပညာရေးဝန်ကြီးဌာနထံ တင်ပြထားပြီး ဖြစ်ကြောင်း တိုင်းဒေသ ကြီး ပညာရေး ညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။
” ဒီပညာသင်နှစ်ထဲမှာ သင်နိုင်ဖို့ အမြန်ဆုံး ခွင့်ပြုဖို့ မျှော်လင့်ရတာပဲ” ဟု အထက်ပါရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းရီက ပြောသည်။
၎င်းအပြင် တိုင်းအတွင်း ပိုးကရင်၊ စကောကရင်နှင့် မွန်လူမျိုးတို့၏ တိုင်း ရင်းသား ဘာသာများကို ယခင်နှစ်က စတင်သင်ကြားခဲ့ပြီး ယခုနှစ်တွင် သင်ရိုးများကို ပြန်လည် ပြင်ဆင်မှု များလည်း ရှိသည်ဟု ၎င်းက ဆိုသည်။
” ထားဝယ်စာ သင်တာက ကောင်း တာပေါ့။ ထားဝယ်စကားကို ထိန်းသိမ်း ရာလည်း ရောက်တယ်။ ဒါပေမယ့် ကျောင်းတွေမှာ ဗမာကျောင်းသားတွေ လည်း ရှိနိုင်တယ်။ ထားဝယ်စာ သင်တဲ့ အချိန်ဆိုရင် အဲဒီ ကျောင်းသား တွေအတွက် ဆရာ၊ ဆရာမတွေနဲ့ ဘယ်လို စီစဉ်မလဲ ဆိုတာတော့ သိချင်တယ်” ဟု ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်မှ ကိုမင်းကိုက ပြောသည်။
တိုင်းဒေသကြီးအတွင်း ထားဝယ် အခြေခံဖတ်စာသင်ကြားမည့် ကျောင်းသား သူငယ်တန်းတွင် ၁၁၄၂၄ ဦး၊ ပထမတန်းတွင် ၁၀၀၉၂ ဦးနှင့် ဒုတိယတန်းတွင် ၁၀၀၈၆ ဦး ရှိမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။