ညသန်းခေါင် သွားလာခြင်း မပြုရန် ကော့သောင်းတွင် ကန့်သတ် နယ်မြေ ၇ ခု ထုတ်ပြန်

0
585

ကော့သောင်းမြို့နယ်တွင် ဒေသန္တရ နယ်မြေ အေးချမ်းသာယာရေး အတွက် ညနက် သန်းခေါင်သွားလာခြင်း နှင့် မှောင်ရိပ်ခိုခြင်း မပြုလုပ်ရန် ကန့်သတ် တားမြစ်နေရာ ၇ နေရာကို မေလ ၁၅ ရက်နေ့က ထုတ်ပြန်ထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ထံမှ သိရသည်။

ဘုရင့်နောင်ကုန်း၊ ဘုရင့်နောင် အငူ ပတ်လမ်း၊ ပန်းခြံ၊ ၅၅၅ တောင်၊ ၃ မိုင်၊ ကြိုဆိုပါ၏ ဆိုင်းဘုတ်နှင့် လွတ်လပ်ရေး ကျောက်တိုင်ကွင်းတို့တွင် ည ၁၁ နာရီ ထက်ကျော်လွန်ပြီး အကြောင်းမဲ့ နေထိုင် သွားလာခြင်း၊ မှောင်ရိပ်ခိုခြင်းများ မပြု လုပ်ရဟူ၍ တားမြစ်အမိန့် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
ရပ်ကွက် ကျေးရွာတွင် နေထိုင် သော ပြည်သူများ လုံခြုံစေရေးအတွက် မှုခင်း ဖြစ်ပွားမှုများ လျော့ကျသွားစေ ရန်နှင့် ညဘက် အချိန်အခါ မဟုတ် အကြောင်းမဲ့ သွားလာနေသူများ မရှိစေ ရန် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
” အခု ကန့်သတ်ထားတဲ့ နေရာ တွေက ညအချိန်ဆို လူငယ် အတော် များများ မှောင်ရိပ်ခိုပြီ မှုခင်းတစ်ခု မဟုတ်တစ်ခု ဖြစ်နေတဲ့ နေရာတွေပါ။ ဒီလိုနေရာမျိုးတွေကို ညအချိန် ဖြတ်သန်း သွားလာ ခွင့်မပြုတာ ကောင်းတယ်” ဟု ကော့သောင်း ဒေသခံ တစ်ဦးဖြစ်သည့် ဦးသန်းဝင်းက ဆိုသည်။
ထုတ်ပြန် ကြေညာထားသည့် တားမြစ်ချက်များတွင် ည ၁၁ နာရီ ထက် ကျော်လွန်ပြီး အရက်ဘီယာ ရောင်းချ ခြင်း၊ KTဠ အခန်းများ လုပ်ကိုင်ခြင်း၊ တီဗွီဂိမ်းဆိုင်များ ဖွင့်လှစ်ခြင်း၊ အမျိုးသမီးငယ်များဖြင့် အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်ခြင်းနှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များ ဖွင့်လှစ်ခြင်းများကို ခွင့်ပြုချက်မရှိဘဲ မပြုလုပ်ရန်လည်း ပါဝင်သည်။
ကော့သောင်းမြို့တွင် ပြီးခဲ့သည့် လများက မှုခင်းနှင့် လူသတ်မှုအချို့ ဖြစ်ပွားခဲ့ပြီး ယခု တားမြစ်ချက်များအပေါ် လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ပါက တည်ဆဲဥပဒေ ပုဒ်မ (၁၈၈) အရ အရေးယူဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဟု ထုတ်ပြန်ထားသည်။