NBF အဖွဲ့ဝင်ပါတီများ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအားလုံး ဝင်ပြိုင်မည်

0
633

လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)အဖွဲ့ဝင်ပါတီများမှ တနိုင်ငံလုံးရှိ အနည်းဆုံး မြို့နယ်ပေါင်း ၁၆၁ မြို့နယ်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အားလုံး ဝင်ရောက်ယှဉ် ပြိုင်မည်ဟု NBF က ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့၌ မေလ ၂၃ ရက်နေ့နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ ၌ မေလ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် NBF ၏ ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အပြီး အချက် ၅ ချက်ပါ ထုတ်ပြန်ကြေညာချက် တွင် ယင်းသို့ ဖော်ပြထားသည်။
” ကျွန်တော်တို့ ပါတီအနေနဲ့ကလဲ NBF အဖွဲ့ဝင်အနေနဲ့ ဝင်ပြိုင်သွားမယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
၎င်းအပြင် တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ကို အပြီးသတ် အမြန်ဆုံး လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် အမြန်ဆုံး ရေးဆွဲရန်နှင့် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီး ချုပ်များကို သက်ဆိုင်ရာ လွှတ်တော်မှ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ အား ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်ပေးရန်၊ အစိုးရနှင့် ကော်မရှင်တို့ ကတိကဝတ် ပြုထားသည့် အတိုင်း ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း လွတ်လပ်တရား မျှတပွင့်လင်းမြင်သာစွာ ကျင်းပပေးရန် လည်း NBF က ကြေညာချက်ထုတ် တိုက်တွန်း တောင်းဆိုထားသည်။
ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ကို ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်း အမျိုးသားပါတီ၊ ]၀} ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအပါအဝင် ပါတီ ၂၁ ပါတီဖြင့် ဖွဲ့စည်းထားသည်။