လှေပေါ် မူးယစ်ဆေးဝါး သိန်းချီ တင်ဆောင်လာသူ ၁၅ ဦးအား ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ချ

0
636

ကော့သောင်းမြို့နယ် ဂျာလန်း ကျွန်း အနောက်ဘက် မိုင်တစ်ရာ ကျော်အကွာ ကော့သောင်းရေပိုင်နက် တွင် သိန်းချီသည့် မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ပဲ့နင်း အပါအဝင် ၁၅ ဦးကို မေလ ၂၅ ရက်နေ့က ကော့သောင်းခရိုင် တရားရုံး မှ ထောင်ဒဏ် နှစ်အကန့်အသတ် မရှိချမှတ်ခဲ့ကြောင်း ယင်းတရားရုံးမှ သိရ သည်။

၂၀၁၄ ခုနှစ် ဩဂုတ်လ ၁၉ ရက် နေ့က အောင်လင်းထွန်းအမည်ရှိ စက်လှေပေါ်တွင် အမှန်ခြစ် အမှတ် တံဆိပ်ပါ ပန်းရောင်မှုးယစ်ဆေးပြား ၁၅ သိန်းဝန်ကျင်နှင့် RN တံဆိပ်ပါ အစိမ်းရောင် မူးယစ်ဆေးပြား ကိုးသိန်း၊ စုစုပေါင်း ၂၄ သိန်းခန့် နှင့် ပိတောက်နှင့် ယင်းတိုက် အမျိုးအစား သစ်တန်ချိန် ၇၀ ကို လှေပေါ်တွင် ၎င်းတရားခံ ၁၅ ဦးနှင့်အတူ မြန်မာ့ ရေတပ်မှ မြန်မာ့ ရေပိုင်နက်အတွင်း ဖမ်းဆီးရမိ့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တရားခံများကို စိတ်ကို ပြောင်းလဲစေသည့် မူးယစ်ဆေးဝါး ပြစ်မှုပုဒ်မ ၁၉(က)/၂၀(က)/၂၀(ခ) အရ ပုဒ်မတစ်ခုစီကို နှစ်အကန့် အသတ်မရှိ သီးခြား အပြစ်ကျခံစေရန် အမိန့်ချ မှတ်လိုက်ကြောင်း ကော့ သောင်းခရိုင်တရားရုံး ခရိုင်တရား သူကြီးက ဆိုသည်။
တရားမဝင်သစ်များ တင်ဆောင် လာမှုအတွက်မူ ၂၀၁၄ ခုနှစ် စက်တင် ဘာလ ၁၉ ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ်စီ သီးခြား ချမှတ်ခဲ့ပြီး ဖြစ်သည်။
” တရားခံများကို နှစ်အကန့်အသတ် မရှိ သီးခြား ပြစ်ဒဏ် စီရင်ချက်ချထား ပေမယ့် သတ်မှတ်ရက်အတွင်း အယူခံ ဝင်နိုင်တယ်” ဟု ခရိုင်တရားရုံး တရား သူကြီးက ဆိုသည်။
ယင်းအမှုကို ၈ လ နှင့် ၈ ရက် အမှုစစ်ဆေးခဲ့ပြီးမှ ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်ကြောင်း တရားခံဘက်မှ အမှုစစ် တရားလွှတ်တော်ရှေ့နေ က ဆိုသည်။
အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှုသည် တိုင်းအတွင်း အရေအတွက် အများဆုံး စံချိန်တင်ခဲ့သည့် အမှုတစ်ခု ဖြစ်သည်ဟု မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။