မုဒိတာ ရက်စွဲများ

0
2749

အသက်အရွယ်လေး အတော်အသင့် ရလာ၍လား မသိ။ ယခုတစ်လော တိုက်ဆိုင်မှုရှိတိုင်း စိတ်အစဉ်က အတိတ် ကာလ တစ်ခုဆီသို့ အလိုလို ရောက်ရှိ သွားတတ်ပါသည်။အထူးသဖြင့် ယခုလို ကျောင်းဖွင့် ချိန်ရောက်တိုင်း အဖြူ အစိမ်းဝတ် ကျောင်းသားဘ၀နှင့် ငယ်ဆရာ / ဆရာမများ၊ ကျောင်းနေဖက် သူငယ်ချင်း များကို အစီအရီ သတိရမိသည်။


အထက်တန်း ကျောင်းသား ဘ၀ နှင့် တရားဝင် ကွာရှင်းပြတ်စဲခဲ့သည်မှာ နှစ်အစိတ်ခန့် ရှိပြီဖြစ်သော်လည်း ကျောင်းသားစိတ်က အကင်းမသေချင် တတ်သေး။ကျောင်းသားဘ၀ ကနဦး နေ့ရက် များကို အိမ်နှင့် မနီးမဝေး တောင်ကုန်း လေးတစ်ခု ထိပ်တွင် တည်ရှိသော အ.ထ.က ၃ ၌ စတင်ခဲ့ရပြီး ထိုကျောင်း ၌ပင် အထက်တန်း ကျောင်းသားဘ၀အထိ အဆုံးသတ်ခဲ့သည်။
အ.ထ.က ၃ မှာ မူလက တရုတ် အမျိုးသား အထက်တန်းကျောင်း တစ်ကျောင်းဖြစ်သည်။ ဗိုလ်ချုပ် နေဝင်း၏ အိမ်စောင့်အစိုးရက ပြည်သူ ပိုင်သိမ်းကာ အစိုးရ အထက်တန်းကျောင်း အဖြစ် ပြောင်းလဲခဲ့သည်။ သုံးထပ် တိုက် ကျောင်းဆောင်ကြီးဖြစ်ပြီး ထိုခေတ် ထိုအချိန်က မြိတ်မြို့တွင် အသားနားဆုံး ဖြစ်သည်။

kind-dates
အဖြူအစိမ်းဝတ် ကျောင်းသား ဘ၀တစ်လျှောက် မှတ်မှတ်ထင်ထင် အရှိဆုံးမှာ သူငယ်တန်းနေ့ရက် များ ဖြစ်ပါသည်။
မိုးတဖွဲဖွဲ ရွာသွန်းနေသော ဇွန် လ၏ နေ့တစ်နေ့တွင် အမေက ကျွန် တော့်အား မနက်စောစောကတည်းက ရေမိုးချိုး၊ သနပ်ခါးလိမ်းပေးပြီး ကျောင်းဝတ်စုံ အဖြူအစိမ်း ဝတ်ဆင်ပေး ပါသည်။ ထိုနောက် မနက်စာအဖြစ် ကြက်ဥ ထမင်းကြော်နှင့် နွားနို့ပူပူတစ် ခွက် တိုက်ကျွေးသည်။ မနက်စာ စားသောက်ပြီးသည်နှင့် အမေက လွယ် အိတ်ကို ကောက်လွယ်ကာ ကျွန်တော့်ကို မိုးကာအင်္ကျီဝတ်ဆင်ပေးပြီး ခေါက်ထီး တစ်လက်ဖြင့် ကျောင်းသို့ ပို့ပေးလေ သည်။
” မေမေသားတို့က အခုဘယ်သွား မှာလဲဟင် ”
” ကျောင်းကို သွားမှာပေါ့ သားရဲ့  ”
” ကျောင်းမှာသားက ဘာသွားလုပ်ရ မှာလဲမေမေ ”
” ကျောင်းမှာသား စာသွားသင်ရမှာ ပေါ့ ”
” သားကဘာလို့ စာသင်ရတာလဲ မေမေ ”
” ဪ…သားရယ် မေမေ့သား ကြီးပြင်းလာတဲ့အခါ လူပုံအလယ်မှာ မျက်နှာမငယ် အောင်ပေါ့ကွယ့်”
ကလေးပီပီ သိချင်စိတ်ဖြင့် မေးမြန်းသော ကျွန်တော့် မေးခွန်းများကို အမေက စိတ်ရှည်ရှည် ပြန်လည် ဖြေ ကြားပေးရင်း ကျောင်းရှေ့သို့ ရောက် လာခဲ့သည်။ တောင်ကုန်းထိပ်ရှိ ထီးထီး ကြီး တည်ရှိသော သုံးထပ်ကျောင်းဆောင် ကြီးမှာ ငါးနှစ်သား ကလေးတစ်ဦး အဖို့ ခန့်ညားထယ်ဝါ လွန်းလှပေသည်။ ထို့အပြင် ကျောင်းဂိတ်တံခါး သုံးပေါက် စလုံး ဖွင့်ထားပုံ ကလည်း မိခင်တစ်ဦးက မိမိရင်ခွင်ထဲ ဝင်ရောက်ခိုလှုံကြမည့် ရင်သွေးငယ်များကို ရင်ဖွင့်ဆီးကြို နေသယောင်ပင်။
ကျောင်း၏ ဥပစာ၌ ” အမှတ်(၃)၊ အခြေခံပညာ အထက်တန်းကျောင်း၊ မြိတ်”  ဟူသော ဆိုင်းဘုတ်ကြီးကို ချိတ်ဆွဲထားပြီး အဆောင်ဆောင် အခန်းခန်းဖြင့် ခန့်ညားထည်ဝါလှသော ကျောင်းတော်ကြီးကို ကျွန်တော် အံ့ဩ စိတ်ဖြင့် မမှိတ်မသုံ ငေးစိုက် ကြည့်နေ မိပါသည်။
ထိုနေ့ကား စာသင်နှစ် တစ်နှစ်၏ ပထမဆုံးနေ့မို့ ကျောင်းပရဝုဏ်အတွင်း အဖြူအစိမ်းဝတ် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘများ ပျားပန်းခတ် စည်ကားလျက် ရှိနေသည်။ ထိုမြင် ကွင်းသစ်၊ ပတ်ဝန်းကျင်သစ်ကို ပါးစပ် အဟောင်းသားနှင့် ငေးစိုက်ကြည့်နေသော ကျွန်တော့်ကို အမေက ငုံ့ကြည့်ရင်း ပြုံးကာ ” ဘယ့်နှယ်လဲ သားတက်ရမယ့် ကျောင်းကြီးကို သဘောကျနေပြီ မဟုတ် လား” ဟု မေးသည်။ ထို့နောက် လက်ကိုဆွဲကာ ကျွန်တော်တက်ရမည့် သူငယ်တန်းအခန်းထိ လိုက်ပို့ပေးလေ သည်။
အတန်းပိုင်ဆရာမ အမည်မှာ ဒေါ်လှကြည်ဖြစ်ပြီး အမေ့မိတ်ဆွေ တစ်ဦး ဖြစ်သည်။ ဆရာမသည် အသား ဖြူဖြူ၊ အရပ်  မနိမ့်မမြင့်နှင့် အစဉ် ပြုံးချိုနေတတ်ပြီး ကျွန်တော်တို့ အပေါ်၌လည်း စိတ်ရှည်လွန်းလှပေသည်။ အမေသည် ကျောင်းတက်ခေါင်းလောင်း ထိုးလိုက်သည်နှင့် ကျောက်သင်ပုန်း၊ ကျောက်တံနှင့် ဖတ်စာအုပ် ထည့်ထား သော လွယ်အိတ်ကို ကျွန်တော့် ပခုံး ထက်လွယ်ပေးကာ ကျွန်တော် မမြင်တွေ့နိုင်သော အခန်းထောင့်ချိုး တစ်ခုမှ အကဲခတ်နေပါသည်။
ထိုသို့ ကျောင်းလိုက်ပို့ပေးသည့်  လူကြီးမိဘများ မရှိတော့ပြီမို့ ကျွန်တော်တို့ ကလေးတစ်သိုက် ကြောင်စီစီနှင့် တစ်ဦးကို တစ်ဦး အကဲခတ်နေစဉ် ကျောင်းသူတစ်ဦး ဆိုင်း မဆင့်ဗုံမဆင့် ဝါးခနဲ အော်ငို လိုက်ရာ နဂိုကတည်းက ငိုချင်လျက် လက်တို့ ဖြစ်နေကြသော ကျွန်တော်တို့ ကလေးတစ်သိုက် တအီအီနှင့် ပျော်ပျော် ပါးပါးငိုပွဲကြီး ဆင်နွဲ လိုက်ကြပါတော့ သည်။
ထိုအခါ ဆရာမက ကျွန်တော် တို့ကို တစ်ဦးချင်း လိုက်လံ ချော့သိပ် ရလေသည်။ သို့သော် တချို့ ကလေး များမှာ ငိုကြော ရှည်လျားလွန်းလှသဖြင့် သနပ်ခါး ဖွေးနေအောင် လိမ်းထားသော ပါးပြင်ထက် မျက်ရည်မြစ်နှင့် နှပ်ချေးမြစ် နှစ်စင်း အရောရော အထွေးထွေးဖြစ်ကာ ပါးပြင်ထက် ဗွက်ပေါက် ကုန်လေတော့ သည်။ ထိုအခါ ဆရာမကပင် မရွံမရှာ ဆေးကြောသုတ်သင် ပေးရလေသည်။
မှတ်မိသလောက်ဆို သူငယ်တန်း ကျောင်းသားဘ၀ ကနဦး နေ့ရက်များ၌ ဆရာမက ကျွန်တော်တို့အား စာလုံးဝ မသင်ပေ။ စာသင်ကျောင်းနှင့် အစိမ်း သက်သက် ဖြစ်နေကြသော ကျွန်တော် တို့ကို ကျောင်းနေပျော်လာအောင် သင်ပုန်းကြီးတွင် မြေဖြူဖြင့် တိရစ္ဆာန်ပုံ လေးများ ဆွဲပြခြင်း၊ ပုံပြောပြခြင်း အပြင် ဖိုးဝလုံး ကဗျာ၊ တို့ကျောင်းကဗျာ၊ ဖိုးသာထူးကဗျာ အစရှိသည့် ကလေး ကဗျာများကို သံနေသံထားဖြင့် ရွတ်ဆို ပြသလို ကျွန်တော်တို့အား လိုက်လံ ရွတ်ဆိုစေခြင်းဖြင့် စည်းရုံးသိမ်းသွင်း ပါသည်။ ဆရာမ၏ စည်းရုံး သိမ်းသွင်း မှုကြောင့် ကျွန်တော်တို့ ကလေးတစ်သိုက် များမကြာမီ ကျောင်းနှင့် ယဉ်ပါးလာပါ တော့သည်။ ထိုအချိန်ရောက်မှ ဆရာမက ကျွန်တော်တို့ကို စာစ သင်ပါသည်။
ရှေးဦးစွာ ဆရာမက ကျွန်တော်တို့ ရှေ့ရှိ အနက်ရောင် သင်ပုန်းကြီး၌ ဝိုင်းစက် ညီညာနေသော ၀လုံးကြီးကြီး တစ်လုံးကို မြေဖြူဖြင့် တစ်ခန်းလုံးမြင် အောင် ဆွဲပြပါသည်။ ထိုနောက် အဆိုပါ ၀လုံးကို ပြန်ဖျက်ကာ နာရီ လက်တံကဲ့သို့ လက်ဝဲမှ လက်ယာ ဘက်သို့ ရစ်ပြီး ရေးဆွဲ ရကြောင်း ပါးစပ်မှ တတွတ်တွတ် ရှင်းပြရင်း နောက်တစ်ကြိမ် တဖြည်းဖြည်း ပြန်လည် ရေးဆွဲပြပါသည်။ ထိုသို့ အကြိမ်ကြိမ် ပြန်လည်ရေးဆွဲပြပြီးမှ ကျွန်တော်တို့ကို ကျောက်သင်ပုန်း၌ ၀လုံးလေးများ ရေးခိုင်းပါသည်။ ကျွန် တော်တို့ ငယ်စဉ်က သူငယ်တန်း၌ မည်သူမှ ကျူရှင် မတက်ကြသလို မူကြိုကျောင်း လည်း တက်လေ့မရှိသောကြောင့် အများစုမှာ ကျောင်းရောက်မှ စာစတင် ရေးဖူးကြပါသည်။
ထိုကြောင့် မည်သူကမှ ကျောက် သင်ပုန်းပေါ် ကျောက်တံဖြင့် ၀လုံးကို ညီညာ ဝိုင်းစက်နေအောင် မရေးတတ်ကြ ပေ။ ထိုအခါ ဆရာမက တစ်ဦးချင်းစီ ကျောက်တံကိုင်သော လက်အနေအထား မှန်ကန်စေရန်၊ ၀လုံးကို ညီညာဝိုင်းစက် နေအောင် ရေးတတ်စေရန် ကျွန်တော်တို့ လက်ကလေးများကို ညင်သာ စွာဆုပ် ကိုင်ပြီး စိတ်ရှည်လက်ရှည် လက်ချင်း ထပ် သင်ကြားပေးပါသည်။
ထိုကြောင့်လည်း သူငယ်တန်း ဆရာ^ဆရာမများကို “ကန့်ကူလက်လှည့် ဆရာများ” ဟု တင်စား ခေါ်ဝေါ်ကြခြင်း ဖြစ်ပါလိမ့်မည်။ ထိုသို့ ဆရာမက တစ် ဦးချင်းစီ သင်ကြားပေးပြီးမှ ကျွန်တော် တို့ကို ကျောက်သင်ပုန်း တစ်မျက်နှာ အပြည့် လေးကြောင်းမျဉ်း အတွင်း ၀လုံးများ ရေးခိုင်းပါသည်။ ထိုနောက် ၀လုံး တစ်မျက်နှာ ရေးပြီးတိုင်း အတန်း ရှေ့ ထွက်ကာ ဆရာမထံ သွားပြရသည်။
ထိုအခါ ဆရာမက ကျွန်တော်တို့ တတ်သလောက် မှတ်သလောက် ရေး သားလာခဲ့ကြသော ၀လုံးလေးများ မည် မျှပင် မညီမညာ ရွဲ့စောင်းနေစေကာမူ မြေဖြူဖြင့် ကန့်လန့်ဖြတ် အမှုတ်ကြီးကြီး တစ်ခုပေးကာ “သားက သိပ်တော်တာပဲ” “သမီး ၀လုံးလေးတွေက ဖိုးလမင်းကြီးလို ဝိုင်းစက်လို့ ပါလား” ဟု ချီးမွမ်းလေ့ရှိပါ သည်။
ထိုကြောင့် ကလေးပီပီ အချီးမွမ်းခံ ချင်ကြသော ကျွန်တော်တို့ ကိုဖိုးကဲ၊ မရွှေသဲတို့မှာ ၀လုံးသုံးလေးလုံး ရေးပြီး တိုင်း ဆရာမထံ ပြေးပြကြရာ ဆရာမမှာ မြေဖြူတစ်ချောင်းဖြင့် အမှန်ပေးရတာ လက်ပင် မလည်တော့ပေ။ ထိုသို့ ဆရာမက ကျွန်တော်တို့ကို ၀လုံး တစ်မျိုးတည်း နှစ်ပတ် သုံးပတ်ခန့် ရေးခိုင်းပြီး အသားကျမှ သင်ပုန်းကြီး ဖတ်စာများကို စတင် သင်ကြားပါသည်။
ဆရာမ၏ ကျေးဇူးကြောင့် မြန်မာ ဗျည်း ၃၃ လုံးတွင် အခြေခံဖြစ်သော ၀လုံးကို ညီညာဝိုင်းစက်နေအောင် ရေး တတ်သော ကျွန်တော်တို့သည် လက် ရေးလက်သား သေသပ်ကောင်းမွန် သူများ ဖြစ်မှန်းမသိ ဖြစ်လာကြလေသည်။ထိုအပြင် ဆရာမက ကျွန်တော်တို့ကို ” ပင့်၊ ရစ်၊ ဆွဲ၊ ထိုး”  အစရှိသည့် ဗျည်းတွဲများကိုလည်း စည်းစနစ်တကျ ရေးတတ်အောင် သင်ကြားပေးလေသည်။
တစ်ခါတရံ ကလေးပီပီ စိတ်လို လက်ရရှိချိန်၌သာ စာရေးခြင်း၊ စာအံခြင်းများကို ပြုလုပ်လေ့ရှိပြီး စိတ်လိုလက်ရမရှိပါက ခုံတန်းပေါ် မှောက်အိပ်နေတတ်ပါသည်။ ထိုအခါ ဆရာမကကျွန်တော် နဖူးကိုလက်ဖြင့် အသာစမ်းသပ်ပြီး ” သားက ဘာလို့ အိပ်နေတာလဲ၊ နေမကောင်း လို့လား”  ဟု စိုးရိမ်တကြီး မေးမြန်းတတ်လေသည်။ အကယ်လည်း နေမကောင်းဖြစ်နေပါက ဆရာမ ကိုယ်တိုင် ဆိုက်ကားတစ်စီးဖြင့် အိမ်တိုင်ရာရောက် လိုက်ပါပို့ဆောင် ပေးပြီး စာမသင်ချင်လို့ တမင်အိပ် နေမှန်းသိပါက စာမသင် သင်ချင်လာ အောင် စိတ်ရှည်လက်ရှည် ချော့မော့ ပြောဆိုတတ်ပါသည်။ ထိုသို့ ကျွန်တော် တို့ နွဲ့ဆိုးဆိုးသမျှ၊ ဂျီကျသမျှကို မိခင် ရင်းနှယ် အနွံအတာ ခံခဲ့သောကြောင့် ဆရာမ၏ တပည့်ဖြစ်ဖူးသူ မှန်သမျှ သူတို့၏ ကန့်ကူလက်လှည့် ဆရာမ ဒေါ်လှကြည်ကို တစ်သက် မေ့မရတော့ ပေ။

တစ်လောကကျောင်းအနီးရှိ စာရေး ကိရိယာဆိုင်တွင် ဘောလ်ပင် သွားဝယ်ဖြစ်သည်။ နွေရာသီကျောင်း ပိတ်ချိန် ဖြစ်ပေမယ့် ပင်မဂိတ်တံခါး ပေါက်ဖွင့်ထားပြီး ကျောင်းဝင်းထဲ ဆိုင်ကယ်တချို့ ရပ်ထားတာ တွေ့ရ သည်။ ဧကန်တ မိဘဆရာအသင်း အစည်းအဝေး ကျင်းပနေတာပဲ ဖြစ်ရ မည်။
ထိုနေ့က ကျွန်တော့်မှာ ဆိုနီ ဒစ်ဂျစ်တယ် ကင်မရာလေးတစ်လုံး အ သင့်ပါလာသောကြောင့် ကျောင်းရှေ့မှာ ဆိုင်ကယ်ရပ်ပြီး ကင်မရာခလုတ်ကို တစ်ချက် နှိပ်ချလိုက်ပါသည်။ ထိုနောက် မသိစိတ်၏ စေ့ဆော်မှုကြောင့် အသင့် ဖွင့်ထားသော ဂိတ်တံခါးမှ ကျောင်းဝင်းထဲ အလိုလို ရောက်ရှိသွား ပါသည်။ နှစ်အစိတ်ခန့်ကြာမှ ကျောင်း ဝင်းထဲ တစ်ကြိမ် ပြန်လည်ခြေချမိပေမယ့် နွေးထွေးသော အငွေ့အသက်ကို ခံစား နေရဆဲပင်။ ထိုနောက် ကျွန်တော့် ကင်မရာမှ လျှပ်စီးလက်သလို မီးတွေ တဖျတ်ဖျတ် လက်သွားပါသည်။ ဒစ်ဂျစ်တယ် ကင်မရာသမားတို့ မည်သည် လိုလိုမလိုလို ပုံပေါင်း များစွာကို လောဘတကြီး ရိုက်ကူး စမြဲမို့ ထိုနေ့က ကျွန်တော် ပုံပေါင်း ၃၀ ခန့် ရိုက်ကူးခဲ့ပါသည်။
ထိုသို့ ကျောင်းဝင်းထဲ ကင်မရာ တစ်လုံးဖြင့် တဖျတ်ဖျတ် ရိုက်ကူးရင်း ကျောင်းသားဘ၀၏ ပထမဆုံး လှေကား ထစ် ဖြစ်သော သူငယ်တန်း အခန်းရှေ့ အရောက်တွင် ဆရာမ ဒေါ်လှကြည်နှင့် ကျောင်းနေဘက် သူငယ်ချင်းများ၊ အပြစ်ကင်းစင်သလောက် ပျော်စရာ ကောင်းသော ငယ်ဘ၀ ရုပ်ပုံလွှာများကို တရေးရေး ပြန်လည် မြင်ယောင်မိပြီး လှိုက်ခနဲ တစ်ချက်ဖြစ်ကာ ငေးငိုင်သွားမိသည်။
ထိုအခိုက် မိုးကောင်းကင် အနောက်မြောက်ထောင့်က တိမ်ညစ်ညိုတွ တလိမ့်လိမ့် တက်လာလေသည်။ လက် ပတ်နာရီကို အမှတ်မထင် ငုံ့ကြည့်လိုက် တော့ ညနေသုံးနာရီခွဲ နေပြီ။
အလို……ကျောင်းဆင်းချိန်တောင် ရောက်နေပြီပဲ။
ကျောင်းစောင့်ကြီး ဦးထွန်းကြည် တစ်ယောက် ကျောင်းဆင်း ခေါင်းလောင်း ထိုးဖို့ မေ့များမေ့နေပြီလားမသိ။