ရင်သိမ့်တုန် အစိုးရ

0
610

ဗြတ်စာတို့ အစိုးရကို ဗြတ်စာ ကတော့ ” ရင်သိမ့်တုန် အစိုးရ ”  လို့ ခေါ်လိုက် ချင်သဗျ။
အဆိုးမြင် ဝါဒီတွေကတော့ ” ဗလောင်း ဗလဲ အစိုးရ ”  လို့ ခေါ်ကြမလားပဲ။ ဘာကြောင့်ဆို ဗြတ်စာတို့ အစိုးရ ဆိုတာက ခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့ ပြည်သူတွေ စိတ်ဝင်စားအောင်၊ ရင်သိမ့် တုန်သွားအောင် တော်တော် လုပ်နိုင် လုပ် တတ်တာကိုး။

ဒါကြောင့်လည်း အစိုးရဆိုတာ အစိုးမရလို့ ပြောကြတာ ထင်ပါရဲ့။ အရင်ကတော့ အစိုးရ၊ မင်း တွေရဲ့ လုပ်ရပ်၊ စကားတွေနဲ့ ပတ် သက်ပြီး ဗြတ်စာ ကြားဖူးနားဝရှိတဲ့ ဆိုရိုး စကားတွေ ရှိသဗျ။ ဘာတဲ့..။       ” ဆိုခဲစေ မြဲစေ” ” ထွက်ပြီးသား ဆင်စွယ် ဝင်တယ်မရှိ” စသဖြင့် ကြားဖူးပါတယ်။ ခုတော့လည်း ဒီဆိုရိုး စကားတွေကို လျှာအရိုး မရှိတိုင်း လျှောက်ပြောတာ” ဆိုတဲ့ စကားမျိုးနဲ့ သရော်ပြောလေး ပြောရမလို ခင်ဗျ။

heart-gov
ကဲ . . . ဗြတ်စာ ဒီလောက် နိဒါန်းချီ နေတာ အကြောင်း ရှိပါသဗျ။ ခုတစ်လော ဗြတ်စာတို့ ဝန်းကျင်ကို သတိထား ကြည့်လိုက်ရင် ခုတစ်မျိုး တော်ကြာ တစ်မျိုး လုပ်နေတဲ့ ဖြစ်ရပ်တွေ ခပ်စိပ်စိပ် တွေ့လာရသဗျ။ ဒါကလည်း ရွေးကောက်ပွဲ တွေ နီးလာလို့ နည်းဗျူဟာတစ်ခု အနေနဲ့များ အသုံးချ နေရော့သလားလို့ ဗြတ်စာ တွေးမိ ပါတယ်။ နောက်ဆုံး အခြေအနေအရ ရေပန်းစားလာတဲ့ ကိစ္စ ဆိုရင် လေခွန်..အဲ..အဲ  ဖုန်းအသုံး ပြုနေ တဲ့အတွက် ဖုန်းဘေလ်ကနေ ကုန်သွယ် ခွန် ၅ ရာခိုင်နှုန်း ဆောင်ရမယ်ဆိုတဲ့ ကိစ္စပါပဲ။
ဒီကိစ္စကလည်း ထုံးစံအတိုင်း ပြည်သူတွေဘက်က ပွစိပွစိပြောတော့ ဒါက နိုင်ငံတကာ စံနှုန်းအတိုင်းပါ ဘာ ညာ ဆိုလာ ပြန်ရော..။ တကယ်တမ်း စဉ်းစားသင့်တာက ပေးနေတဲ့ ဝန်ဆောင် မှုတွေဟာ နိုင်ငံတကာ စံနှုန်းမီ နေရဲ့ လားဆိုတာ စဉ်းစားရမှာပါ။ ခုတော့ ဒီကိစ္စကို လွှတ်တော်မှာ တင်သွင်းပြီး ပြန်သုံးသပ်ကြမယ် ဆိုပြန်ပါတယ်။
သာမန် ပြည်သူ တစ်ယောက် ဖြစ်တဲ့ နလဗိန်းတုံး ဗြတ်စာအနေနဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေရဲ့ လုပ်ထုံး လုပ်နည်းတွေ နားမလည်ပါဘူး။ နလ ဗိန်းတုံး ဥာဏ်နဲ့ စဉ်းစားမိတာက ဒီလို ကြေညာချက်တွေ မထွက်ခင် အစိုးရက ဆောင်ရွက်မယ့် ကိစ္စတစ်ခုကို လွှတ် တော်မှာ ကြိုတင်တင်ပြ ဆွေးနွေးပြီးမှ ဆောင်ရွက်လို့ မရဘူးလားဆိုတဲ့ အချက် ပါပဲ။ လွှတ်တော်မှာ ကနဦးတင်ပြ လိုက်ရင် ပြည်သူတွေလည်း ကြိုတင် သိခွင့်ရ၊ လွှတ်တော် ကိုယ်စားလှယ် တွေက တဆင့်  အကြံပြုသင့် တာတွေပြု ပြီး ဆွေးနွေးလိုက်ရရင် ပိုလို့ အဆင်ပြေ မယ်လို့ ဗြတ်စာ တွေးလိုက်မိတယ်ဗျ။ ခုတော့ ပြည်သူတွေ ခေါင်းထဲ အနှောင့်အယှက် ဖြစ်လောက်အောင် အတွေးထည့်ပြီးမှ၊ ရင်ခုန်စိုးထိတ်စေပြီးမှ ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်စေမယ့် ကိန်းဆိုတော့  ” ရင်သိမ့်တုန်အစိုးရ”  လို့ ခေါ်လိုက်ရင် ဗြတ်စာလွန်သလားလို့..။
တကယ်တော့ ဒီကကဏ္ဍ တစ်ခု တည်းတင် မဟုတ်။ အရင်ကလည်း မတည်ငြိမ်တဲ့ မူဝါဒတွေ ပြဋ္ဌာန်းပြီး ခဏခဏ ပြင်ဆင်၊ လိုက်နာရတဲ့ သူတွေဖြစ်တဲ့ ဌာနဆိုင်ရာ ကိုယ်တိုင်နဲ့ ပြည်သူတွေ ကိုယ်တိုင် ညွှန်ကြား ချက်တွေ၊ စည်းကမ်းတွေ အဟောင်းနဲ့ အသစ်ရော ထွေးကုန်ပြီး စီမံခန့်ခွဲရေးမှာ အခက်အခဲ တွေဖြစ်ခဲ့ပေါင်းလည်း မနည်းတော့ဘူးဗျ။ မကြာမတင်က ဖြစ်ခဲ့တဲ့  ပညာရေးကိစ္စမှာပဲ ကြည့်။ စတုတ္ထတန်းနဲ့ အဋ္ဌမတန်းကို အစိုးရစစ်တဲ့။ ကျရှူံးတဲ့ သူတွေကို ပြန်လည် ကုစားခြင်းဆိုတာနဲ့ ပြန်ဖြေခိုင်းမတဲ့။ လုပ်ပြန်ရော..။ ဒီစနစ် ကြီး စလို့မှ စလုံးတောင် ပီပီပြင်ပြင် မဖြစ်သေး။
နောင်နှစ်ဆိုရင်ပြန်လည် ကုစား ခြင်းဆိုတာ မရှိတော့ပါ..တဲ့။ လုပ်ပြန် ရော။ ကျောင်းသား မိဘတွေခမျာ ရင်သိမ့်တုန်အောင် ခံစားလို့..။ ဒါက ဗြတ်စာတို့ ကြုံတွေ့နေရတဲ့ အပြောင်း အလဲမြန်တဲ့ ပညာရေးအပိုင်း။ ပညာရေး အပိုင်းထဲမှာတင် မနည်းမနော ရှိသေး သဗျ။ ဝန်ထမ်း အပြောင်းအရွေ့ကိစ္စတို့၊ ပညာအရည်အချင်း သတ်မှတ်တာတို့ ဒါတွေကလည်း ပြောင်းလဲလိုက်တာမှ ခုတစ်မျိုး။ တော်ကြာတစ်မျိုး ခင်ဗျ။
မူဝါဒတွေ တည်တည်ငြိမ်ငြိမ်မရှိဘဲ အပြောင်းအလဲ မြန်ဆန်လွန်းတာ အရုပ် ဆိုးလှတယ်လို့  ဗြတ်စာတွေး မိပါတယ်။ အစိုးရ သက်တမ်း ၅ နှစ် ပြည့်ခါနီးမှာ တောင် ဒီလို ခေါက်ရိုးကျိုး စရိုက်တွေကို မပြင်နိုင်သေးတာဟာ ဝမ်းနည်းစရာ ကောင်းလှပါတယ်။
ဗြတ်စာတင်ပြတဲ့ ကဏ္ဍတွေအမြင်  အခြားကဏ္ဍတွေမှာလည်း အခုတစ်မျိုး တော်ကြာ တစ်မျိုး မကြာခဏ ဖြစ်လေ့ ရှိနေတော့ ဗြတ်စာတို့ အစိုးရ ဆိုတာ ယုံရခက်ကြီးကို ဖြစ်လို့။
ဒါတွေကြောင့်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရဲရဲ တင်းတင်း ဝင်မ လာရဲ ဖြစ်နေတာလို့ ဗြတ်စာ သုံးသပ် မိပါတယ်။
တကယ်ဆို မူဝါဒတစ်ခု ပြဌာန်း တော့မယ်ဆိုရင် ပြည်သူတွေ ကြားထဲမှာ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို တင်ကြိုလေ့လာ ပြီးမှ ပြဋ္ဌာန်း အကောင် အထည်ဖော် သင့်ပါသဗျ။ ပညာရှင် အကြံပေးတွေရဲ့ သီအိုရီတွေကိုပဲ အား မကိုးဘဲ ကွင်းထဲမှာ   တကယ့်ကို လေ့လာ သုတေသနပြုပြီးမှ အကောင် အထည်ဖော်သင့်တယ်လို့ ဗြတ်စာ သာမန် မဲဆန္ဒရှင်တစ်ဦးအနေနဲ့ တိုက်တွန်း ပါရစေ ခင်ဗျ။
နို့မဟုတ်ရင်တော့ ဗလောင်း ဗလဲ နိုင်တဲ့ အစိုးရ၊ ဗရမ်းဗတာ အစိုးရလို့ အမည် သညာ အမှည့်အခေါ်ခံရပြီး ၂၀၁၅ မတိုင်မီတင်ရမယ့် သမိုင်းထဲ ရောက်သွားနိုင်တယ်ဆိုတဲ့ အကြောင်း ဗြတ်စာ တွေးနေမိပါသဗျာ။