သုံးလကျော်အတွင်း မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်သူ ၆၀၀ ကျော်

0
698

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းမှစပြီး သွေးလွန် တုပ်ကွေး စတင်ဖြစ်ပွားခဲ့ရာမေလ ၁၆ ရက်နေ့နောက်ဆုံး စာရင်းအရ ရောဂါ ဖြစ်ပွားသူ ၆၄၈ ဦးရှိပြီး တစ်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ် ငှက်ဖျား ဆရာဝန်ကြီးထံမှ သိရသည်။

မွန်ပြည်နယ်သည် တစ်ပြည်လုံး အတိုင်းအတာဖြင့်ရောဂါဖြစ်ပွားမှုအမြဲစောလေ့ရှိပြီး ယခုနှစ်တွင်ခါတိုင်း နှစ်ထက်ပိုစောကာ ဇန်နဝါရီလဆန်းပိုင်း ကတည်းက စဖြစ်ခဲ့သည်ဟု မွန်ပြည်နယ် ငှက်ဖျားဆရာဝန်ကြီး ဒေါက်တာဥာဏ်ဆင့် ကပြောသည်။
သွေးလွန်တုပ်ကွေး ကူးစက် ဖြစ်ပွားနှုန်းသည် ၂ နှစ်တစ်ကြိမ်၊ ၃ နှစ် တစ်ကြိမ်အဖြစ်များတတ်သည့်သဘော ရှိပြီး မွန်ပြည်နယ်တွင် ၂၀၁၃ ခုနှစ်ကအဖြစ်များခဲ့သည်ကို ထောက်ချင့် ပါက ယခုနှစ်တွင်လည်း ရောဂါကူးစက် မှုများနိုင်သည်ဟု ၎င်းကပြောသည်။
” ဇွန်၊ ဇူလိုင်အဲဒီအခါမှာ ပိုပြီးတော့ ဖြစ်ဖို့အလားလာရှိတယ်၊ ဩဂုတ်လဲ ရှိမယ်၊ စက်တင်ဘာလောက်မှပြန် ကျမယ် ” ဟု ဒေါက်တာဥာဏ်ဆင့် က ပြောသည်။
လက်ရှိတွင် ပေါင်မြို့နယ်အတွင်း ရှိအလှပ်၊ ထန်းပင်ချောင်းကျေးရွာတို့ တွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးမှုအရ ထိုဒေသ သည် ရေရှားပါးသဖြင့်ရေလှောင်ကန်များ တည်ဆောက်ထားပြီး ကာကွယ် တားဆီးထားခြင်း မရှိသည့် အတွက် ရေလှောင်ကန်တွင် ခြင်များပေါက်ဖွားပြီး ထိုခြင်မှ တဆင့်ရောဂါကူးစက်ဖြစ်ပွား ခဲ့သည်ဟု ၎င်းကပြောသည်။
မွန်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၆၃၃ ဦးရှိပြီး သေဆုံးသူ ၂ ဦး၊ ၂၀၁၃ ခုနှစ်ကသွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃၀၄၂ ရှိပြီး ၂ ဦးသေဆုံးကာ ၂၀၁၄ ခုနှစ် တွင်ရောဂါဖြစ်ပွားမှု ပြန်လျော့ကျခဲ့ ကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ စာရင်းအရသိရသည်။