ဖမ်းမိ ရှပ်ခိုးဆွဲလှေ ၇စီး ပြည်သူ ပိုင် သိမ်းဆည်း

0
608

ကော့သောင်းမြို့နယ် ဇာဒက်ကြီး ကျွန်း (ဒေသအခေါ်အဝေါ် ဂျပန်ကျွန်း) အနီးတွင် ဖမ်းမိခဲ့သည့် ရှပ်ခိုးဆွဲလှေ ၅ စီးနှင့် ကဲ့လှေ ၂ စီးကို ပြည်သူပိုင် သိမ်းမည်ဖြစ်ကြောင်း ကော့သောင်း မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ လှေများနှင့် အတူ မြန်မာ ရေလုပ်သား ၂၀ ဦးကို မေလ ၁၃ ရက် နေ့က လှေပေါ်ပါ ပစ္စည်းများ နှင့်အတူ ရှပ်ဆွဲ နေစဉ်အတွင်း မြန်မာ့ ရေတပ်က တွေ့ရှိကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်ဟု အထက်ပါဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
” ငါးမျိုးစိတ်တွေနဲ့ ရေအောက် သံယံဇာတ အရင်းမြစ်တွေကို ဖျက်ဆီး ပစ်တတ်တဲ့ အခုလို ရှပ်ဆွဲတာ၊ ပင် လယ်မှာ ဗုံးခွဲပြီး ငါးဖမ်းတာတွေ မ လုပ်ဖို့ အသိပညာ ပေးတာတွေကို အဖွဲ့ အစည်း အတော် များများက ပြုလုပ်ပေး နေတာတောင် လောဘစိတ်ကြောင့် ဥပဒေနဲ့ စည်းကမ်းတွေ မလိုက်နာ ကြ ဘူး ” ဟု ကော့သောင်းမြို့နယ် ငါး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးနိုင်အေး က ဆိုသည်။
လှေနှင့်အတူ ပစ္စည်းများကို ငါး လုပ်ငန်းဦးစီးဌာနမှ ပြည်သူပိုင်သိမ်း မည်ဖြစ်ပြီး၊ ရေလုပ်သား ၂၀ ဦးကို မြန်မာ့ပင်လယ် ငါးလုပ်ငန်း ဥပဒေ ပုဒ်မ ၄၄ အရ ဥပဒေအရ အရေးယူ ဆောင်ရွက် ပေးရန် မေလ ၁၆ ရက်နေ့တွင် မြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထား ကြောင်း သိရသည်။
ရှပ်ဆွဲလှေများသည် သံခြင်းများ ဖြင့် ရေအောက်ကြမ်းပြင်တွင် ဒရွတ် တိုက်ဆွဲသဖြင့် အခြား လိပ်ကဲ့သို့သော ရေသတ္တဝါများနှင့် သန္တာကျောက်တန်း များကို ထိခိုက်နိုင်သောကြောင့် ယင်း သို့ မဖမ်းဆီးရန် တားမြစ်ထားခြင်း ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ငါး လုပ်ငန်း ဦးစီးဌာနမှူး ဦးမြင့်နိုင်ထံမှ သိရသည်။