မေးတာကို ဖြေပဲ ဖြေပါလား

0
572

လွှတ်တော်များတွင် ပြုလုပ်သည့်အမေးအဖြေများကို ဖတ်ရနားထောင် ရသည့်အခါ အဖြေများကို ဝေ့လည်ကြောင်ပတ် ဖြေသည်ကိုတွေ့သည်။
ထို့အပြင်မေးခွန်းနှင့် တိုက်ရိုက်မပတ်သက်သည့် မလိုအပ်သည့် အပိုအချက်အလက်များ ထူလဗြစ်ကိုလည်း အမြဲလိုလိုထည့်သွင်း ဖြေကြား လေ့ရှိသည်။
ယင်းအမေးအဖြေပုံစံသည် လွှတ်တော်ကိုအီထိုင်းစေသကဲ့သို့လွှတ် တော်ကျင်းပသည့် အချိန်ကိုလည်း အတော်စားပေသည်။

ထို့အပြင် ဝေ့လည်ကြောင်ပတ် မေးခွန်းများကလည်း အဆိုများနှင့်ဆက်စပ်သိချင်သည့်လူထုကို စိတ်ပျက်လက်ပျက်ဖြစ်စေသည်။ ဖြေကြားသည့်သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ မရိုးသားမှုကိုလည်း အထင်းသား တွေ့ရသည်။

ပြီးခဲ့သည့်မေလ ၂၀ ရက်နေ့ကကျွန်းစုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ၏ ကျောက်မီးသွေး စီမံကိန်းများနှင့်ပတ်သက်သည့်မေးခွန်းကိုသက်ဆိုင်ရာ ဝန်ကြီးဌာနဖြေကြားသည်မှာ လိုရင်းမရောက်ပေ။ ထို့အပြင် ထပ်ဆင့်မေးသည့်မေးခွန်းဖြစ်သည့် မြိတ် မြို့နယ်တွင်တည်ဆောက်မည့် ၅၀ မဂ္ဂါဝပ် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတည်ဆောက်ရာတွင် တစ်ပတ်ရစ်စက်ပစ္စည်းများကိုသုံးပြီး တည်ဆောက်နေ သည်ကိုသိမသိမေးခွန်းကိုလည်း လိုရင်းမဖြေဘဲ ဝေ့ဖြေသွားသည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် မေးတာကိုမဖြေတတ်လောက် အောင်ညံ့နေပြီလားဟု မေးခွန်းထုတ်စရာရှိနေပါသည်။ မေးခွန်းများကို နားမလည်လောက်အောင်စွမ်းရည်နိမ့်နေပြီလားဟု တွေးစရာဖြစ်လာသည်။

” ထမင်းစားပြီးပြီလား ” ဟု မေးသည်ကိုတစ်နှစ်စပါးထွက်နှုန်း၊ ပြည်ပပို့ သည့်ပမာဏ၊ ထွက်သည့်ဆန်အမျိုးအစားလိုက်တန်ချိန်စာရင်းနှင့်ဌာနမှလုပ်ထားသည့် လှုပ်ရှားမှုမှတ်တမ်းများကိုတန်းစီဖတ်ပြနေသည်မှာအချိန် ကုန်လူပန်း အကျိုးမရှိသကဲ့သို့စိတ်ပျက်ဖို့လည်း အလွန်ကောင်းပေသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်များအနေဖြင့်လက်ရှိသက်တမ်းမကုန်မီအဖြေရှာနိုင်ပါကအတော်ကောင်းမည်ဟု တွေးမိသည်။ သမိုင်းဝင်မည့် အဖြေတစ်ခုလည်း ဖြစ်ပေမည်။

လူထုအတွက်ကောလွှတ်တော်အတွက်ပါအကျိုးရှိမည့်အဖြေလည်း ဖြစ်သည်။ သက်ဆိုင်ရာဌာနများအနေဖြင့်ေ မးတာကို သာဖြေပါမှ ပြည်သူကိုယ်စားလှယ် ဟုခေါ်သည့် အမတ်များ၏ အားထုတ်မှုသည်လည်း အရာရောက်မည်ဖြစ်သည်။
သို့မဟုတ်ပါက လုပ်ကားလုပ်၏ မရဖြစ်ကာမေးခွန်းများသာများနေပြီး အဖြေမရှိဖြစ်နေပေမည်။ တိုင်းဒေသကြီး လွှတ်တော်တွင်လည်း လိုရင်းမရောက်သည့်အဖြေများဖြင့်သာစခန်းသွားနေရသည်။
တိုင်းဒေသကြီး လွှတ်တော်အနေဖြင့် ” လိုရင်းရောက်သည့်အဖြေများ ရရှိရေး” ကို စိတ်ဝင်စားမည်ဟု ထင်ပါသည်။