ဆင့်ခေါ်ခံထားရသည့် ထားဝယ် ကျောင်းသားများ ရဲစခန်းတွင် သွားရောက် အစစ်ခံ

0
554

ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ကာ စစ် ဆေးရန် ဆင့်ခေါ်ခံထားရသည့် ထားဝယ် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား ၅ ဦးသည် မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့မ ရဲစခန်းတွင် သွားရောက် စစ်ဆေးခံခဲ့ကြောင်း ကျောင်းသားများ ထံမှ သိရသည်။


ဆင့်ခေါ်ထားပြီး မလာရောက် ပါက အိမ်တွင် လိုက်လံဖမ်းဆီးမည်ဟု ထားဝယ်မြို့မ ရဲစခန်းက ပြီးခဲ့သည့် အပတ်က ပြောဆိုထားပြီး ကျောင်းသား ကျောင်းသူများကလည်း သွားရောက် တွေ့ဆုံမည်မဟုတ်ကြောင်း ကနဦး ထုတ်ဖော်ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းသို့သွားရောက်စစ် ဆေးခံခဲ့ခြင်း ဖြစ်သည်။
” အားလုံးတွေ့ပြီး တိုင်ပင်လိုက်တာ အဖြေတစ်ခု ထွက်လာတယ်။ ထိပ်တိုက် ရင်ဆိုင်လိုက်တာက ပိုကောင်းမယ်လို့ ”  ဟု ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရကာ ရဲစခန်းသို့ လာရောက်ရန် ဆင့်ခေါ် ခံထားရသည့် ကျောင်းသား တစ်ဦး ဖြစ်သူ ကိုသူရနိုင်က ပြောသည်။
ကျောင်းသားများအနေဖြင့် ရှောင် နေ၍ရနိုင်သော်လည်း တစ်ဖက်တွင် ကျောင်းတက်ရန် ရှိသေးသောကြောင့် သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထားဝယ်မြို့မ ရဲစခန်းတွင် သွား ရောက်စစ်ဆေးခံခဲ့သည့် ကျောင်းသား များသည် နောက်ထပ်ဆင့်ခေါ်သည့် အချိန်တွင် ပြန်လာရမည်ဟူသည့် ခံဝန်ကတိ လက်မှတ် ရေးထိုးခဲ့ရကြောင်း ကျောင်းသားများနှင့် ရဲစခန်းထံမှ သိရ သည်။
“ကျောင်းသားတွေ လာတွေ့ပြီး ပါပြီ။ အမှုကိုတော့ တရားရုံး ဘယ်အချိန်တင်ရမယ် ဆိုတာတော့ မပြောနိုင်သေးဘူး ” ထားဝယ် မြို့မ ရဲစခန်းမှ စခန်းမှူးက ဆိုသည်။
အဆိုပါ ကျောင်းသား၊ ကျောင်း သား ၅ ဦးသည် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က ထားဝယ်မြို့စည်ပင်သာယာ ဈေးအနီးတွင် လက်ပံတန်းကျောင်းသား သပိတ် အဖမ်းဆီးခံ ကျောင်းသား ကျောင်းသူများ ပြန်လည် လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခဲ့ရာက ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ကာ ထားဝယ်မြို့မ ရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံခဲ့ ရခြင်း ဖြစ်သည်။