မြိတ်တွင် အလုပ်သမား ကြိုပို့ ယာဉ်တိမ်းမှောက် ၂ ဦး သေဆုံး

0
890

မြိတ်မြို့နယ် နန်းတော်ရာ ကျေး ရွာအုပ်စု၊ ဓားသွေးကျောက်ရွာ အရှေ့ ဘက် နှစ်မိုင်ခန့်အကွာတွင် မေလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရော်ဘာခြံ အလုပ်သမားတင်ယာဉ် တစ်စီး တိမ်းမှောက်ရာ  ၂ ဦး သေဆုံး ပြီး ၁၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အလုပ်သမား များထံမှ သိရသည်။


ရွှေပင်လယ် ကုမ္ပဏီ ရော်ဘာခြံမှ အလုပ်သမား ၃၀ ဦးတင်ဆောင်လာသည့် ကြိုပို့ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ခဲ့ကြောင်း အလုပ် သမားများက ပြောသည်။
အလုပ်သမား အများစုမှာ ကရင် တိုင်းရင်းသားများဖြစ်ပြီး တနင်္ဂနွေနေ့ ဘုရားကျောင်းမှ အပြန် တိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြော သည်။ myeik-accdent-workers
” ကားမှောက်တော့ ၂ ဦးကတော့ အခင်း ဖြစ်ပွားတဲ့နေရာမှာ ဆုံးသွား တယ်၊ ၁၇ ဦးကတော့ ဒဏ်ရာ အနည်း ငယ်ရထားလို့ မြိတ်ပြည်သူဆေးရုံမှာ ဆေးကုသခံနေရတယ် ” ဟု ယင်း ကုမ္ပဏီ အလုပ်သမား၊ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပြ သည်။
ရွှေပင်လယ် ကုမ္ပဏီဘက်မှ သေဆုံးသူ အလုပ်သမား ၂ ဦးနှင့် ကျန်အလုပ်သမား ၁၇ ဦးတို့ကို နာရေး ကိစ္စနှင့် ဆေးကုသစရိတ်များကို ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ခြံတာဝန်ခံ ဦးထွန်းကိုကိုက ပြောသည်။
လက်ရှိတွင် ယာဉ်မောင်းအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း မြိတ်မြို့နယ်ရဲစခန်းမှ သိရသည်။