တန်အောင်နေပြီး ပြောင်းပါ

0
489

အငြင်းပွားဖွယ် ကောင်းသည့် အမြင်တစ်ခုရှိသည်။
စစ်အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်းရှည်ကြာ နေထိုင်ခဲ့ရသည်နှင့် ပတ်သက်ပြီး တချို့သူများက မြန်မာ နိုင်ငံသားများသည် စစ်အစိုးရနှင့်သာ ထိုက်တန်သည်ဟု မြင်ကြသည်။

ကိစ္စတစ်ခုခုအတွက် ဆွေးနွေးညှိ နှိုင်း၍ မရသည့်အခါမျိုးတွင် ဖြစ်စေ၊ တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် အဖြေရှာရန် ပြောဆို စည်းရုံး၍ မရသည့် အခါမျိုးတွင်ဖြစ်စေ ယင်း အမြင်မျိုးကို စိတ်ပျက်လက်ပျက် ထုတ် ပြောတတ် သည်။
သို့သော် ယင်းသို့ရှုမြင်မှုကို လက်မခံသူများကမူ ထိုသို့ အာဏာရှင် စနစ်နှင့်သာ ထိုက်တန်သည်ဟု ပြောရ အောင်အထိ ဖြစ်သွားခြင်းသည် အာဏာ ရှင်စနစ်ကြောင့်ဟု ပြောသည်။
ထိုသူတို့၏ အမြင်အရဆိုလျှင် အာဏာရှင်စနစ်ကြောင့် လူတစ်ဦးချင်း စီ၏ ပြုမူနေထိုင်မှု၊ ပြောဆိုကျင့်ကြံမှု၊ ခံယူချက်များ ပြောင်းလဲသွားသည်။ ထို့ ကြောင့် အာဏာရှင်စနစ်နှင့်သာ တန် သည်ဟု မပြောသင့်၊ အာဏာရှင်စနစ် ကြောင့်ဟု တုန့်ပြန်သည်။
ယင်းသို့ အငြင်းပွားဖွယ်အမြင်များ ကို ဆင်ခြင်ကြည့်ရင်းဖြင့် တန်အောင် နေခြင်းဟူသည့် အယူအဆ တစ်ရပ် ခေါင်းထဲ ရောက်လာသည်။
မိမိလက်ခံရရှိသည့် တစ်စုံတစ်ရာ အတွက် ထိုက်တန်အောင်နေခြင်းသည် ပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ အောင်နေခြင်း ဖြစ်သည်။ နောက် တစ်ခုမှာ မိမိရလိုသည့် တစ်စုံတစ်ခု အတွက် ထိုက်တန်အောင်နေခြင်း။ ယင်းမှာမူ ပြောင်းလဲမှုအတွက် ကြိုတင် လက်တွေ့ ကျင့်ကြံနေထိုင်ခြင်း ဖြစ် သည်။
ဥပမာ ဒီမိုကရေစီ စနစ်ကျင့်သုံး နေသည့်အတွက် ယင်းနှင့် လိုက်လျော ညီထွေ နေထိုင်ခြင်းနှင့် ဒီမိုကရေစီ စနစ်အတွက် တိုက်ပွဲဝင်နေစဉ်တွင်ပင် ဒီမိုကရေစီနည်းကျ နေထိုင်ခြင်းဖြစ် သည်။
စာရေးသူ၏ ဆရာတစ်ဦးကမူ ” တန်အောင်နေ” ဟု ပြောသည်။ နားဝင် မချိုဘဲ၊ အနည်းငယ်ထန်သည်ဟု ထင်ရ သော်လည်း စေတနာအနှစ်အသား အပြည့် နှင့် သတိပေးသည့် စကား ဖြစ်သည်။
ပြုပြင် ပြောင်းလဲလိုသူများရော၊ ပြုပြင်ပြောင်းလဲမှုကြောင့် အကျိုးခံစား ခွင့် ရမည့်သူများပါ သတိထား ကျင့်သုံးသင့်သည့် အကောက်အယူ ဖြစ်သည်။
လုပ်ငန်းခွင်တွင် ဖြစ်စေ၊ ကြုံတွေ့ ဖြတ်သန်းနေရသည့် နိုင်ငံသားတစ်ဦး၏ နေ့စဉ်ဘ၀တွင်ဖြစ်စေ တန်အောင် မနေ သူများနှင့် ကြုံတွေ့ရသည့်အခါ ယင်း အကောက်အယူနှင့် ပတ်သက်ပြီး အလေး အနက် ပြန်သုံးသပ်မိသည်။
ယင်းသို့ ပြန်သုံးသပ်မိတိုင်း လွန် ခဲ့သည့် ဆယ်နှစ်ခန့်က နားထောင် ခဲ့ရသည့် ရေဒီယို ဆွေးနွေးခန်းတစ်ခုတွင် ပြောသွားသည့် စကားတစ်ခွန်းကို ပြန် ပြန် အမှတ်ရသည်။ ဆွေးနွေးခန်းမှာ ရန်ကုန်မြို့တွင် စည်းကမ်းမဲ့ အမှိုက် ပစ်ခြင်း၊ အပေါ့သွားခြင်းနှင့် ကွမ်းသွေး ထွေးခြင်းနှင့် ပတ်သက်သည်။
ဆွေးနွေးသူတစ်ဦးက အစိုးရအနေ ဖြင့် လမ်းများ၊ ပလက်ဖောင်းများ၊ မြောင်းများ စသည်တို့ကို စည်းကမ်းမဲ့ အမှိုက်ပစ်သူများ အမှိုက် မပစ်ရက် အောင်၊ အပေါ့ မသွားရက်အောင်၊ ကွမ်း သွေး မထွေးရက်အောင် လုပ်ရန်လိုသည် ဟု ပြောသည်။
သူ့သုံးသပ်ချက်က စိမ်းလဲ့ပြန့် ပြူးနေသည့် မြက်ခင်းများပေါ်၊ သန့်ရှင်း သေသပ်သည့် ပလက်ဖောင်းပေါ်၊ လမ်း မပေါ် ကွမ်းသွေးကို လွယ်လင့်တကူ ထွေးမည် မဟုတ်။ ယင်းသို့ လုပ်ခြင်းဖြင့် အထက်ပါ ပြဿ နာများကို လျော့ချနိုင် မည်ဟု ပြောသည်။
အစိုးရများ၏ ပြည်သူ့ရေးရာ ဝန် ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး ထည့်သွင်း စဉ်းစားရမည့် အချက်တစ် ခုကို သူက ထောက်ပြခြင်း ဖြစ်သည်။
ထိုပုဂ္ဂိုလ်၏ သုံးသပ်ချက်အပေါ် မူတည်ပြီး အဖြေရှာမည်ဆိုပါက အခမဲ့ ^ အခပေး အိမ်သာများ နေရာအနှံ အလုံအလောက် ရှိနေခြင်းဖြင့် စည်းကမ်း မဲ့ အပေါ့သွားသည့် ပြဿ နာကို ဖြေရှင်း နိုင်သည်။
ပန်းခြံများတွင် ဖြစ်စေ၊ ခြံဝင်းများ တွင်ဖြစ်စေ မြက်ခင်းများ စိမ်းစို ပြန့်ပြူး နေအောင် လုပ်ထားခြင်းဖြင့် စည်းကမ်းမဲ့ ကွမ်းသွေးထွေးခြင်းကို လျော့နည်း စေနိုင်သည်။ အခြားနေရာများတွင်လည်း ထိုနည်းလည်းကောင်း စဉ်းစားရမည် ဖြစ်သည်။
သို့သော် စိတ်ရှည် သည်းခံရမည်မှာ အိမ်သာများ စည်စည်ဝေဝေ လုပ်ထား ပေးပါလျက် နံဘေး မြေကွက်လပ်တွင် အပေါ့သွားတတ်သူများ ရှိနေဦးမည့် ပြဿနာ ဖြစ်သည်။ အခြား အရေးအရာ ကိစ္စများနှင့် ပတ်သက်ပြီး ပြုပြင် ပြောင်းလဲမှု လုပ်စဉ်၊ လုပ်ဆဲနှင့် လုပ်ပြီး ချိန်များတွင်လည်း ထိုနည်းနှင်နှင် ပြဿ နာများကို ကြုံရမည် ဖြစ်သည်။
ယင်းသို့ ကြုံရမည်မှာ ပုံမှန်အနေ အထားသာဖြစ်ပြီး အသိပညာပေးခြင်း၊ စည်းကမ်းကြပ်မတ်ခြင်း စသဖြင့် သက် ဆိုင်ရာ ကဏ္ဍအလိုက် အခြေအနေအလိုက် ကြိုးစားကြရင်းဖြင့်သာ မိမိဖြစ်စေချင် သည့် အခြေအနေသို့ ရောက်အောင် ဆောင်ကျဉ်းနိုင်မည် ဖြစ်သည်။
အထက်ပါ အတွေးသည် မိမိက စတင် ပြောင်းလဲရမည်ဟူသည့် အယူကို လက်ခံပြီး စပြောင်းခြင်း ဖြစ်သည်။ သို့သော် တိုင်းရေးပြည်ရာကိစ္စတွင် ဖြစ် စေ၊ လူမှုစီးပွား နေ့စဉ်ဘ၀များတွင် ဖြစ်စေ ယင်းနှင့် ပြောင်းပြန်တွေးနေသူများ ရှိနေသည်။
” ကွမ်းသွေးတွေ စည်းကမ်းမဲ့ ထွေး နေကြတာပဲကွာ။ ပလက်ဖောင်း သန့် သန့်ပြန့်ပြန့်နဲ့ မတန်ဘူး”
” အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ် နေတာပဲ။ မြောင်းတူးလည်း မထူးဘူး”
” စာကြည့်တိုက်ထဲ စာအုပ်တွေ အလစ်သုတ်တယ်။ စာကြည့်တိုက်နဲ့ မတန်ဘူး”
ယင်းကဲ့သို့ အတွေးမျိုး အပြောမျိုး ကို တိုင်းရေးပြည်ရာကိစ္စ လုပ်သူများက ဆင်ခြေပေးချင်သည့် အခါမျိုးတွင် တွေး ကြ ပြောကြမည်။
လူမှုစီးပွား ဘ၀များနှင့် ပတ်သက် ပြီး ပြုပြင် ပြောင်းလဲလိုသူများကမူ ခြေကုန် လက်ပန်းကျချိန်၊ နောက်ပြန် လှည့်ပြေးချင် စိတ်ပေါက်လာချိန်တွင် ယင်းသို့သော အပြောမျိုး ပြောလာမည် ဖြစ်သည်။
တန်အောင်နေခြင်းနှင့် ပတ်သက်ပြီး အနှစ်ချူပ် အဖြေရှာသည့်အခါ အပြောင်း အလဲတစ်ခု ဖြစ်ရန်နှင့် ရေရှည် ရှင်သန် နိုင်ရန်အတွက် ပြောင်းလဲလိုသည့် ကိစ္စ အတွက် တန်အောင်နေခြင်းရော၊ ပြောင်းလဲမှုနှင့်အညီ လိုက်လျော ညီထွေ နေခြင်းပါ အရေးကြီးသည်ကို တွေ့ရ သည်။
ပိုမိုအရေးကြီးသည်မှာ ပြောင်းလဲမှု အတွက် ထိုက်တန်အောင်နေထိုင်ခြင်း ဖြစ်သည်။
ဒီမိုကရေစီအရေး လှုပ်ရှားသူများ သည် ဒီမိုကရေစီဆန်သည့် ဘ၀နေထိုင် မှုကို ဒီမိုကရေစီရရ မရရ လက်တွေ့ ကျင့်သုံးသူများ ဖြစ်ရမည်။ ဒီမိုကရေစီ ကို လိုလားသူများသည်လည်း ဒီမိုက ရေစီဆန်သည့် ဘ၀နေထိုင်မှု ရှိရမည်။ သို့မှသာ မိမိတို့၏ တောင်းဆိုမှုများ ပိုမို ဆေးဖက်ဝင်မည် ဖြစ်သည်။
အာဏာရှင်စနစ်ကို တော်လှန် သူများ အာဏာရှင် ဆန်နေ၍ မဖြစ်။
ကိုယ်ကျင့်တရားအကြောင်း ဟောပြောနေပြီး ကိုယ်တိုင် အကျင့်ပျက် နေ၍ မဖြစ်။
သတင်း မီဒီယာဌာနများ ပွင့်လင်း မြင်သာမှု မရှိ၍ မဖြစ်။
ပြောင်းလဲမှုအတွက် ပြောင်းချင်သူ ရော အကျိုးခံစားလိုသူပါ မိမိတို့ လိုချင် သည့် ပန်းတိုင်နှင့်အညီ တန်အောင် နေပြီး ပြောင်းလဲရမည် ဖြစ်သည်။
သို့မှသာ အပြောင်းအလဲကို လက် ဆုပ်လက်ကိုင် အလျင်အမြန် ပိုင်ဆိုင်နိုင် မည်။
အရှည်သဖြင့်လည်း တည်တံ့မည် ဖြစ်သည်။