ဒါတွေကို ဗီဒီယိုထဲ မပါလို့ မရဘူးလား

0
508

ပွင့်ပွင့်လင်းလင်း ပြောရရင် ဗြတ်စာ  မြန်မာ ဗီဒီယိုဇာတ်ကားတွေ မကြည့် ဖြစ်တာ ကြာပြီဗျ။
မကြည့်ဖြစ်ဘူး ဆိုတာက အချိန် မပေးနိုင်လို့ရယ်။ အခွေငှားရမှာ တကူး တက ဖြစ်တာရယ်တို့ကြောင့် မကြည့် ဖြစ်တာပါ။ မြန်မာဇာတ်ကားတွေကို အထင်သေးလို့ မကြည့်ဖြစ်တာ မဟုတ် ဘူးဆိုတာကိုတော့ ဗြတ်စာ ကြိုပြောထား ချင်ပါတယ်။ နိုင်ငံခြားကားတွေတောင် အချိန်ယူ မကြည့်ဖြစ်တာမျိုးပါ။
အဲ..မကြည့်ဖြစ်ဘူးဆိုပေမယ့် မကြာသေးခင် လပိုင်း၊ ရက်ပိုင်းတွေထဲမှာ တော့ ဗြတ်စာ မြန်မာ ဗီဒီယိုဇာတ်ကား တွေ တော်တော် ကြည့်ဖြစ်လိုက်တယ်လို့ ဆိုရမယ်ခင်ဗျ။ အကြောင်းကတော့ ဗြတ်စာတစ်ယောက် ခရီးတွေ ဆက် တိုက်ထွက်ဖြစ်ရင်း အဝေးပြေးကားတွေ စီးဖြစ်လိုက်တာကိုးဗျ။
အဝေးပြေးကားတွေရဲ့ ထုံးစံအတိုင်း  ဗီဒီယိုဇာတ်ကားတွေ ပြတာကိုး။ ကားစီး ရင်း မြန်မာဇာတ်ကားတွေ ကြည့် ဖြစ် တော့ ပထမအခေါက်မှာ တုန်းက သိပ်ပြီး မသိသာလှပေမယ့် အခေါက်ရေ များလာ တော့ လတ်တလော မြန်မာ ဇာတ်ကား တွေရဲ့ ဇာတ်ကွက်၊ ဇာတ်လမ်း တင်ပြပုံတွေကို သတိထား မိလာပြီး ဗြတ်စာ တော်တော်လေးကို စိုးရိမ်စိတ်တွေ ဖြစ်လာပါသဗျ။
ဘာကြောင့်လဲဆိုတော့ ကားပေါ်မှာ ပြတဲ့ မြန်မာ ဗီဒီယိုဇာတ်ကား အများစုမှာ အရက်သောက်ခန်း၊ ဘီယာ သောက်ခန်း၊ KTV မှာ သီချင်းဆိုတဲ့ အခန်း၊ နိုက်ကလပ် မှာ ကခုန်နေကြတဲ့ အခန်းတွေ အတော် တော်များများကို ဇာတ်ဝင်ခန်းတွေအဖြစ် ထည့်သွင်း ရိုက်ကူးလာကြတာကိုး။ ဇာတ်လမ်း သဘောအရ ထည့်သွင်း ရိုက်ကူးတာလည်း ဖြစ်နိုင်ပါတယ်။  ဘာကြောင့် လည်းဆိုတော့ ဇာတ်လမ်း တွေက ဒီကနေ့ ရန်ကုန် မြို့ပြမှာ ဖြစ်ပျက်နေတဲ့ လူမှုဝန်းကျင်တွေကို သရုပ်ဖော်တင်ပြ ထားတာကိုး။ ခေတ် သရုပ်ကို ပီပြင်အောင် သရုပ်ဖော်တယ် ဆိုပေမယ့် ဒီလို ပြကွက်တွေက လိုတာ ထက်များ ပို နေလေသလားလို့ ဗြတ်စာ တွေးနေမိ ပါသဗျ။
ကြည့်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားမှာ ဆိုရင် သရုပ်ဆောင် ပြေတီဦးက လူငယ် စီးပွားရေးလုပ်ငန်းရှင်။ အလုပ်အားချိန် မှာ သူ့တိုက်က ဧည့်ခန်းထဲမှာ နိုင်ငံခြား အရက်ကောင်းကောင်းရယ်..။ အ မြည်း ရယ် အစုံအလင်နဲ့..အနားယူ အပန်းဖြေ နေတာ ပြတယ်ဗျ။ ခရီးသွားရင်း ဗြတ်စာ လည်း ဒါမျိုးမြင်တော့ အားကျတာ ပေါ့ဗျာ။ ကားပေါ်က ပြေးဆင်းပြီး တောင် သောက်လိုက်ချင်သေးသဗျ။
အဲ..ဒီလို သောက်ချင်စိတ်လေး ယင်းထလာတော့မှ စဉ်းစားမိ၊ သတိထား မိတာက ဒီပြကွက်ဟာ ဇာတ်လမ်းကို အထောက်အကူပြုတဲ့ ပြကွက်မှ ဟုတ်ရဲ့ လား ဆိုတာကိုပါပဲ။
ဒီပြကွက်ကို ပြမှ ဖြစ်မလား။ မပြရင် ဇာတ်လမ်းကို ဘာ ထိခိုက်နိုင် မလဲလို့  ဗြတ်စာ တွေးလိုက် မိပါတယ်။ ဇာတ်လမ်းတစ်ခုလုံး ဆုံးတဲ့အထိ စောင့် ကြည့်ပြီး သုံးသပ်လိုက်တော့ ဒီအခန်းက အပိုသက်သက်ဖြစ်နေပြီး ဇာတ်လမ်းကို လည်း ဘာမှ အထောက်အကူ မပြုတာ တွေ့ရတော့ ..ဪ.. ဒါရိုက်တာ ခမျာ..ဗြတ်စာလို ချင်ခြင်းတပ်တဲ့ အာသီသကို ဇာတ်ကားထဲ ထည့်ရိုက်မိလေသလားလို့ ကိုယ်ချင်းစာ တွေးလိုက်မိပါသဗျ။
တကယ်ဆို လူငယ်စီးပွားရေး သမား တစ်ယောက် အပန်းဖြေအနားယူတဲ့ ပြကွက်မျိုးကို အရက်သောက်တာ ပြမယ့် အစား ဂေါ့ဖ်ရိုက်တာ၊ လမ်းလျှောက်တာ၊ အားကစားတစ်ခုခု လုပ်တာနဲ့ မပြသင့်ပေ ဘူးလားလို့ ဗြတ်စာ တွေးမိပါတယ်။
ခုက ..အပြင်မှာ ဖြစ်ပျက်နေတဲ့ အတိုင်း ပြတာပဲလေလို့ ဆင်ခြေပေး နိုင်သော်ငြား လူငယ် ပရိသတ်တွေကို အတုယူ မှားစေနိုင်တာမျိုး ဖြစ်သွားမှာ စိုးတယ်ခင်ဗျ။ တကယ်တော့ ဒီလို ပြကွက်မျိုးတွေ များလာတာဟာ ကိုရီးယား ဇာတ်ကားတွေကနေ ကူးစက်လာတာ ပဲလို့ ဗြတ်စာ ကောက်ချက်ချမိတယ်ဗျ။
ကိုရီးယားဇာတ်ကားတွေရဲ့ ဩဇာ ကလည်း ဗြတ်စာတို့ လူနေမှုစနစ်ထဲ တော်တော်လေးကို ဝင်ရောက်နေခဲ့ တာကိုး။ အနောက် နိုင်ငံဇာတ်ကားတွေ ထက်တောင်မှ ဗြတ်စာတို့ မြန်မာဗီဒီယို ဇာတ်ကားတွေမှာ အရက်သောက်တာ၊ ဘီယာသောက်တာ၊ KTV သွားတာ၊ နိုက်ကလပ်သွားတာတွေ များသလားလို့ ဗြတ်စာတော့ အထင်ရောက်နေပါသဗျ။
ကဲ..ဒီတော့ ဗြတ်စာဆိုချင်တာက အနုပညာ ဖန်တီးတဲ့နေရာမှာ ပရိသတ် ကို ပေးချင်တဲ့ message  (သတင်းစကား)က စေတနာပါပါနဲ့ သန့်ရှင်းဖို့ လိုတယ် လို့ ပြောချင်တာပါ။ တကယ့် လူနေမှု ဘ၀မှာ အမှန်တကယ် ဖြစ်ပျက်နေတာ ကို ပြတာပါလို့ ပြောကောင်း ပြောလာ နိုင်ပေမယ့် ပရိသတ် လက်ခံရလိုက်တဲ့ message က ဒါတွေ ကို အားကျစရာ၊ အတုယူစရာလို့ တလွဲယူဆ သွားရင် ခက်ရချည်ရဲ့လို့ တွေးပူမိလို့ပါဗျ။
နောက်တက်လာမယ့် ကလေးတွေ၊ ဒါတွေကို ငယ်ငယ်ကတည်းက ထပ်ခါ တလဲလဲ ကြည့်နေကြတဲ့ ကလေး တွေ၊ သူတို့ ကြီးလာရင် အရက် သောက်ပြီးမှ အပန်းပြေတယ်လို့  ထင်ရင် ခက်ရ ချည်ရဲ့။
ဒါကြောင့် ဇာတ်လမ်း၊ ဇာတ်ကွက် ကိုလည်း အထောက်အကူမပြု  ၊ ဇာတ် လမ်းခေတ်မီစေရေး သက်သက် အတွက် ဆိုရင်တော့ လူငယ်တွေ အတုယူမှား စေမယ့် ပြကွက်တွေမျိုး မထည့်သင့် ကြောင်း ဆိုပါရစေဗျာ။
အနည်းဆုံးလုပ်နိုင်တာတစ်ခုက ဗီဒီယိုကားတွေကို ရွေးချယ်ကြည့်ဖို့ပါ။ ကလေးတွေ၊ လူငယ်တွေ အတုယူမှာ နိုင်တဲ့ ဇာတ်ကားတွေကို အိမ်မှာ ကြည့် တာမျိုး နည်းနိုင်သမျှ နည်းအောင် လုပ်ကြဖို့ သင့်ပြီလို့ ဗြတ်စာ တိုက်တွန်း ချင်ပါတယ်။