ယခုနှစ် သွေးလွန် တုပ်ကွေး ဖြစ်ချိန် စော

0
607

တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် ယခင်နှစ်များထက် သွေး လွန်တုပ်ကွေး နှစ်လစော ဖြစ်ပွားခဲ့ ကြောင်း ကျန်းမာရေး ဝန်ထမ်းများထံမှ သိရသည်။


ပုံမှန်အားဖြင့် မိုးရာသီအဝင် မေလ အတွင်းသာ ဖြစ်လေ့ရှိသော်လည်း ယခုနှစ်တွင် မတ်လက စဖြစ်ပြီး ထားဝယ် မြို့နှင့် မြိတ်မြို့တွင် ဖြစ်ပွားမှုနှုန်း များကြောင်း အထက်ပါ ဝန်ထမ်းများက ပြောသည်။
ပြီးခဲ့သည့်နှစ်က ယခုအချိန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၆၂ ဦးရှိပြီး ယခုနှစ်တွင် မေလ ပထမပတ် အထိ ၂၅၂ ဦး ရှိသည်ဟု တနင်္သာရီတိုင်း ဒေသကြီး  ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
“မတ်လမှာ စဖြစ်ပြီး ဧပြီလနဲ့ မေလမှာ သွေးလွန်တုပ်ကွေးနဲ့ ဆေးဝါး လာကုသတဲ့သူတွေ များလာတယ်” ဟု ထားဝယ်အထွေ ထွေရောဂါကု ဆေးရုံ အုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ဆို သည်။
သွေးလွန် တုပ်ကွေးရောဂါသည် ၂ နှစ် ၁ ကြိမ်၊ ၃ နှစ် ၁ ကြိမ် ဖြစ် ပွားမှုနှုန်း များလေ့ရှိပြီး ယခုနှစ်တွင် ပုံမှန်ထက် ဖြစ်ပွားမှုနှုန်းများနိုင်သည်ဟု အထက်ပါ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ထားဝယ်မြို့တွင် မတ်လဆန်းပိုင်း က သွေးလွန်တုပ်ကွေးကြောင့် ကလေး တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
သွေးလွန်တုပ်ကွေး ဖြစ်နှုန်းများနိုင် သည့်အတွက် မတ်လမှ စတင်ကာ ကြိုတင်ကာကွယ် နှိမ်နင်းရေး လုပ်ငန်း များ လုပ်နေပြီး ပြည်သူများ ပါဝင်လာ ရန် နှိုးဆော်သည့်အပြင် ဆေးဝါး ကုသရေးအတွက် ပြင်ဆင်နိုင်ရန်လည်း ညှိနှိုင်းလျက်ရှိသည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ထားဝယ် နာရေးကူညီမှုနှင့် အာ ယုဒါန အရေးပေါ်အောက်ဆီဂျင် လှူ ဒါန်းရေးတို့ကို လုပ်ဆောင်လျက် ရှိ သော ဦးတေဇဝံသ ဖောင်ဒေးရှင်းမှ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း ကာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား သူနေထိုင်သည့် ရပ်ကွက်ဝန်းကျင်ရှိ  ရေတွင်းရေကန်များကို ခြင်ပေါက်ဖွားမှု မရှိစေရန် ဆေးခတ်ပေးခြင်း၊ ဆေးမှုတ် ပေးခြင်း၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များကို  ဖြန့်ဝေ ခြင်းတို့ကို လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွား၍ ခြင်ကျား ကိုက်ခြင်းကြောင့် ကူးစက်ပြီး အသက် ၁၅ နှစ်အောက် ကလေးများတွင် အများ ဆုံးဖြစ်ကာ လူကြီးများတွင်လည်း ဖြစ် နိုင်ကြောင်း၊ တစ်နှစ်ပတ်လုံး ကူးစက် နိုင်ပြီး မိုးရာသီတွင် အများဆုံး ဖြစ်ပွား ကာ တောရော မြို့ပါ ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အသိပညာ ပေး လက်ကမ်း စာစောင်တွင် ဖော်ပြ ထားသည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်လျှင် ၂ ရက်မှ ၇ ရက်ခန့် အပြင်းဖျားခြင်း၊ ပျို့အန်ခြင်း၊ ကိုယ် ခန္ဓာတွင် အနီစက် များ ထွက်ခြင်း၊ ဖျားနေစဉ် ၃ ရက်မှ ၅ ရက်အတွင်း သွေးလန့်လက္ခဏာ များပေါ် ၍ အသက်အန္တရာယ်ရှိနိုင်ခြင်း၊ ဖျားရာမှ ရုတ်တရက် အဖျားကျကာ ခြေဖျား လက်ဖျား များ အေးစက်ခြင်း၊ အစားစာခြင်းမရှိဘဲ မှိန်းနေခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း စသည်တို့ ကြုံတွေ့ရ မည် ဖြစ်ကြောင်း အထက်ပါ လက်ကမ်းစာစောင်တွင် ဖော်ပြ သည်။ သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်သော ခြင်သည် နေ့အချိန် တွင် ပိုကိုက်သည်။