တာပို နှင့် ဒါပေမဲ့ ခရီး

ဓါတ်ပုံ -အောင်လွင် ( ကံပေါက်သား )
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဝယ်လင်တန်ကျောင်းသား အပိုင်း (၄)

နယူးဇီလန်ကို  အလှတရားတို့ စိုးမိုးရာ တိုင်းပြည်တဲ့လေ။

လှတော့ လှလေ၏။ ဒါပေမယ့် ရောက်ပြီး ၂ လ ကြာလောက်တဲ့ အထိ အဲဒီ စကားလုံးနဲ့ ထိုက်တန်တဲ့ အံ့မခန်း အလှမျိုး မတွေ့သေးတော နည်းနည်း တော့ မချိတင်ကဲ ဖြစ်မိသည်။

မကြာပါ။ အချိန်ကားရောက် လာ သည်။

ယင်းကား တာပိုရေကန်ခရီးတွင် ဖြစ်လေသည်။

(က)
ကံကောင်းချင်တော့ ခရီးထွက်သည့် ရက်တွင် နေသာနေသည်။ ဝယ်လင်တန် ကနေ ထွက်လာစတွင်ကား မြင်နေကြ ရှုခင်းများ မပြောင်းသေး။

မကြာပါ ခရီးတစ်ဝက်မှ စကာ မြင်ကွင်း သိသိသာသာ ပြောင်းသွား သည်။ အစိမ်းရင့်ရောင် ထင်းရှုးတော တစ်ဝက်၊ ရွှေဝါရောင် မြက်တော တစ် ဝက်ဖြင့် တောင်တွေက ဖမ်းစားနိုင် လွန်းတော့သည်။ မြက်တောထဲမှာတော့ အစာစားနေသော သိုးအုပ်တွေ။ မြင် ကွင်းများကား တစ်နေရာတစ်မျိုး မရိုးနိုင်အောင်။

ဝယ်လင်တန်နားက တောင်တွေက တော့ စိတ်ထဲမှာ သိပ်မလှသလို ခံစားရ သဖြင့် မချင့်မရဲ ဖြစ်နေမိသည်မှာ ကြာ ပြီလေ။ စိမ်းတဲ့မြေမှာ ကြီးလာတဲ့သူ ဆိုတော့ တောင်ဆိုတာ တောရှိမှု ပနံ သင့်လှတယ် မဟုတ်လား။ သို့သော် ဝယ်လင်တန်နား အနီးတဝိုက်ကတော့ ကုန်းခေါင်ခေါင် မြက်တောတွေများ တာကိုး။

tarpo_2
ဘမ်းဂျီး ခုန်ခြင်း။ ဓါတ်ပုံ -အောင်လွင် ( ကံပေါက်သား )

တခါကတော့ ဝယ်လင်တန်မြို့ တော် ကောင်စီက အရာရှိတစ်ဦးက သဘာဝ ချုံပုတ်တွေလို့ သုံးတော့ ရယ် သွမ်းသွေး ရသေးသည်။

အင်း . . .  ဟုတ်ပေသားပဲ။ ဒီမှာက ချုံပုတ်ကိုတောင် တန်ဖိုးထား တတ်သူ တွေ။
အခုတော့ လမ်းတစ်လျှောက် ဘာ အမျိုးအစားမှန်း မသိသော သစ်တောများ၊ တောင်တွေကို အုပ်ခင်းထားသော ထင်းရှုးတောကြီးများကို လမ်းတစ် လျှောက် မြင်ရမှ ဝယ်လင် တန်မှာတုန်းက မချင့်မရဲစိတ်တွေ အာသာ ပြေသွားတော့ သည်။

နာရီပိုင်းမျှ ကားမောင်း သွား သောအခါ ကုန်းခေါင်ခေါင်ကြီးကို ရောက်သွားပြန်သည်။ ကုန်းခေါင်ခေါင် ဆိုပေမယ့် ကြက်သွေးရောင် ပိုကဲ နေသော ချုံပုတ်လေးတွေတော့ ရှိသေး။ ကားလမ်း၏ ညာဘက် မြင်ကွင်း အဆုံးဘက်ကြည့် လိုက်တော့ မီးတောင် ကြီးတစ်ခု။ နှစ်ပေါင်း သုံးသိန်း သက်တမ်း ရှိပြီ ဆိုလေသည်။

ကိုယ်တွေလို ပထဝီမြေပြင် အ ကြောင်း၊ မီးတောင်တွေ အကြောင်း သိပ္ပံနည်းကျ လောက်လောက်လားလား မသိသူတွေအတွက်တော့ ကြည့်လို့လှ၊ ရုပ်ရှင်ကားတွေထဲမှာ မီးတောင်ပေါက် ထွက်တာကို ပြန်တွေးရင်း ရင်ခုန်မိ တာကလွဲလို့ နှစ်ပေါင်း ဘယ်နှစ်သိန်း ဆိုတာ ခေါင်းထဲ သိပ်မရှိ။
တလောကပဲ ချီလီမှာ မီးတောင်ကြီး အကြီးအကျယ်ပေါက်တာ မကြာသေး လေတော့ ခုများ ဒီမီးတောင်များ ထ ပေါက်ကွဲလိုက်ရင် ဆိုပြီး မြီးကောင် ပေါက် စိတ်ကူးလေး ဖြစ်လိုက်သေးသည်။

တစ်ခု အံ့ဩချက်မ ဖြစ်မိသည်က အဲဒီ ကုန်းခေါင်ခေါင် ချုံပုတ်လေး တွေကြားမှာ စမ်းချောင်းလေး ရှိနေခြင်း ပင်။ ရွာမှာလို စမ်းချောင်းထဲက ရေစ ကလေးတွေကို လက်ခုပ်လေးနဲ့ ခပ် မြည်းစမ်းချင်သေးတော့သည်။
ချိုမြမြ ရှိနေလေမလား၊ မီးတောင် ချော်အနံ့တွေနဲ့ ငန်ကျိကျိလေး ရှိနေ မလား . . . ။

သို့သော် လူဆယ်ဦးတိတိတင် လာသော ဗင်ကားလေးက ခပ်မြန်မြန်ပဲ စမ်းချောင်းလေးကို ကျော်သွားလေပြီ။

(ခ)

ဝယ်လင်တန်မှ နေ့လယ် ၁၂ နာရီ ခွဲကတည်းက ထွက်လာသော ခရီးသည် ညနေ ၅ နာရီခွဲကျော်ကျော် ညီအစ်ကို မသိတသိချိန် တွင် တာပိုရေကန်ဘေးက အပန်းဖြေအိမ်လေးသို့ ဆိုက်ရောက်သွား လေသည်။

ဘယ်အရာမဆို အလွတ်ပေးလေ့ မရှိသော ဝါသနာရှင် ပျိုပျိုမေ၊ ကိုကိုဖေ တို့ ဓာတ်ပုံရိုက်ဖို့ အလင်းဓာတ်က တော်တော် အားနည်းနေလေပြီ။

နောက်တစ်နေ့ မနက်စာ စားပြီး များ မကြာမီပင် တာပိုရေကန်ကြီး၏ တောင်ဘက်အစွန်းမှ အိုမိုရီဆိုသော တည်းခိုရာ ရွာကလေးမှ ရေကန်ကြီး နောက် တဖက်ခြမ်း တာပိုမြို့ကလေးသို့ ခရီးဆက်ခဲ့သည်။

မြို့ကို ရောက်ရောက်ခြင်း ပထမ ဆုံး အလုပ်မှာ နယူးဇီလန်တွင် နာမည် ကြီးသော စွန့်စားရသည့် အားကစား တစ်ခုခုလုပ်ဖို့ ဈေးနှုန်း၊ အချိန်၊ နေရာ စသည်တို့ လိုက်စုံစမ်းရခြင်းပင်။ ဒေသ အကြောင်း နားလည်သူတစ်ဦးပါလာ သဖြင့် ပိုအဆင်ချောသည်။
ဟိုဟိုဒီဒီ မေးရင်း ဘမ်းဂျီးဂျမ့် ဟုခေါ်သော အမြင့်ကနေ ကြိုးဖြင့် ခုန် သည့် နေရာသို့ ရောက်သွားသည်။

အောက်တွင် ချောင်း သို့မဟုတ် မြစ်ပြင် သို့မဟုတ် ရေပြင် တစ်ခုခု ရှိနေမည်။ ယင်းရေပြင်၏ အပေါ် အမြင့်ပေ ရာဂဏန်းတွင် ခုန်သည့် စင် သို့မဟုတ် တံတားတစ်ခု ရှိသည်။ ယင်းစင်ပေါ်မှာ ချုံ့ဆန့်နိုင်ပြီး ကြိုး အတင်းဆုံး အနေအထားမှ ပြန်ကန် တက်နိုင်သည့် သားရေကြိုးကို လူခန္ဓာ ကိုယ် တစ်နေရာ (အများအားဖြင့် ခြေ ထောက်နှစ်ဖက်)တွင် စုချည်ပြီး ခုန်ချ သည်။ ရေပြင်ပေါ် မရောက်မီ ကြိုး အဆုံးထိကျပြီး သားရေကြိုး၏ အားဖြင့် အပေါ်ကို တော်တော်မြင့်မြင့် ပြန်ခုန် တက်၊ ပြန်ဆင်း လေ့ရှိသည်။ ထို နောက် အရှိန်ကုန်သွားပါက ငြိမ်သွား သည်။ ထိုအခါအပေါ်မှ ကြိုးကို လျောချပေးပြီး အောက်တွင် အသင့်စောင့် နေသော လှေအတွင်းသို့ လူကို ချပေးသည်။

ယင်းသည် ဘမ်းဂျီးခုန်ခြင်း ဖြစ် သည်။

ရင်တလှပ်လှပ်ဖြင့် အောက်ကို ထိုးဆင်းသွားပြီးမှ မျှော့သားရေကြိုး တန်ခိုးဖြင့် အပေါ်ပြန်တက်၊ ပြန်ဆင်း။ ဘယ်လောက်များ အသည်းယား၊ ရင် ခုန်ဖို့ ကောင်းလိုက်တဲ့ ကစားနည်း ဘာလိမ့်နော်။

ခုန်ခက မနည်းမနော။ တစ်ဦးကို နယူးဇီလန် ဒေါ်လာ ၁၇၀ နီးနီး ကျသည်။ မြန်မာကျပ်ငွေ တစ်သိန်းခွဲ ဝန်းကျင်။
နောက်ဆုံးတော့ အားလုံးနီးနီးက ခေါင်းခါကြသည့် အဖြေထွက်သည်။ ကိုယ်လည်း ထိုနည်းနှင်နှင်။ ရင်ခုန်ဖွယ် ရာ ဖြစ်သော်လည်း တစ်မိနစ်ပင် မကြာ သော ခံစားမှုအတွက် အဲလောက် ငွေ ကြေး မတတ်နိုင်။ ကြောက်လို့လို့ ပြော ရင်လည်း ခံရမှာပေါ့လေ။

” ကျွန်မ ခုန်မယ် ”

အာဂ အမျိုးသမီး တစ်ဦး၏ အသံ ထွက်လာသည်။

ဆွမ်း (SWAN) ဟု အတိုကောက် ခေါ်သော ရှမ်းအမျိုးသမီးရေးရာ ဆက် သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်းမှ သတ္တိခဲလေးပင်။
ပေါင်ချိန်၊ ပိုက်ဆံရှင်း၊ လိုအပ် သော ပစ္စည်းတွေ တပ်ဆင်ပြီး များ မကြာပါ။ အမှန်ပင် ခုန်လေသည်။ ယနေ့ခေတ်၏ ပြယုဂ်ဖြစ်သော ဖုန်း၊ ကင်မရာ ကိရိယာ မျိုးစုံဖြင့် မှတ်တမ်း တင်ဖို့ ပြင်နေသော အပေါင်းအဖော်များကို ခြေဖျားထောက် တစ်ချက်မျှ ပြုံးပြပြီး နောက် . . . ။ ခပ်ပေါ့ပေါ့ သီချင်း ပါးပါးလေး ဖွင့်ထားသော စင်သည် တစ်မိနစ်မျှ ငြိမ်သက် နေသေး၏။ ထိုနောက် ..။

“အား . . .”

ငယ်သံပါအောင် ဟစ်ကြွေးသံနှင့် အတူ ကြိုးတန်းလန်းဖြင့် လူတစ်ဦး စင်ပေါ်မှ ပြုတ်ကျသွားလေသည်။ မျှော့ ကြိုးနှစ်ခါမျှ ခုန်နေသည့် အချိန်ထိ အော်သံကား မရပ်သေး။

ငှက်ကလေးတွေ သူမ နဘေးက ဖြတ်ပျံသွားသည်။ ခေတ္တ တိတ်ဆိတ်သွား သည်။ မိနစ်ဝက်ခန့် ကြာပြီးနောက် တွဲ လောင်းကျနေသော ကြိုးမှာ ငြိမ်သွား၏။ ထိုနောက် ကြိုးစမှာ စင်ပေါ်မှ တဖြည်း ဖြည်းလျောကျလာရင်း ကြိုးအဆုံးမှ ပျိုမေလေးကို အောက်တွင် အသင့်စောင့် နေသော လှေပေါ် ချပေးရင်း ဘမ်းဂျီး ခုန်ခြင်း အဆုံးသတ် သွားလေသည်။

စုစုပေါင်း တစ်မိနစ်မျှပင် မကြာမီ တွင် အမြင့်ကြိုးခုန်ခြင်း အဆုံးသတ် သွားလေသည်။

ယင်းသို့ စွန့်စားခုန်ခြင်း အမှုကို ဗီဒီယိုဖြင့်လည်း မှတ်တမ်းတင်ထား လေသည်။ အဲ . . . တစ်ခုတော့ ရှိသည်။ ဗီဒီယို လိုချင်ပါက ၄၅ ဒေါ်လာ ထပ်ပေး ရမည်တဲ့လေ။

လုပ်စား လိုက်လေခြင်းနော်။

ကျောင်းသား အားလုံးကတော့ ရှမ်းမလေးလို ဘမ်းဂျီးခုန်ခြင်း အစား ပါရာ ဂရိုင်းဒင်း လုပ်ဖို့ ကန့်ကွက်မဲမရှိ အတည်ပြုကြလေသည်။
ပါရာဂရိုင်းဒင်းမှာ ရေပေါ်တွင် ရှပ် ပြေးနေသော မော်တော်ဘုတ်တွင် လေ ထီးကို ကြိုးဖြင့်ဆွဲကာ လေဟုန်းစီးခြင်း ဖြစ်လေသည်။
ပထမဆုံး လေဟုန်စီးရန် နှစ် ယောက်တွဲစေ၏။ ယင်းနောက် ထိုနှစ်ဦး သားကို လေထီးဖြင့် အခိုင်အမာ ချိတ် လျက် မော်တော်ဘုတ်နောက်မှ တဖြည်း ဖြည်းကြိုးလျှော့ပေးပြီး လေဟုန်စီးစေ သည့် ကစားနည်း ဖြစ်လေသည်။

နှစ်ဦးတွဲ တစ်ကြိမ်စီကို ဆယ်မိနစ် ခန့်စီ စီးရသည်။ လေထီးကို ဟိုး . . .  အပေါ်သို့ ကြိုးလျှော့ လွှင့်တင်ပေးလိုက် . . .  ရေမျက်နှာပြင် နား နိမ့်ချပေးလိုက် ဖြင့်။

ဈေးကလည်း မနည်း တစ်ယောက် ကို နယူးဇီလန် ဒေါ်လာ ၉၀ နီးနီး ကျ၏။ ရှစ်ယောက် စီးတော့ လေးတွဲ။ လှေအဝင် အထွက် အပြင်အဆင် အားလုံးပေါင်း တစ်နာရီကျော်ကျော်သာ ကြာမည်။ မော်တော်ဘုတ်နှင့် လေထီးရှင် စုံတွဲ ကတော့ ဒေါ်လာ ခုနှစ်ရာကျော် (မြန်မာကျပ်ငွေ ခုနစ်သိန်း ဝန်းကျင်) ကိုက်သွား လေပြီ။

တာပိုတွင် နေခဲ့စဉ်အတွင်း ယိုးဒယား ထမင်းဆိုင်တွင် စားဖြစ်ခဲ့သည်။ (မြန်မာဆိုင်မှ မရှိပဲလေ။ ခင်ရာ ဆွေမျိုးပဲ အားပေးရတာပေါ့) ရေပူစမ်းတွင် ရေစိမ်ကြ၏။

(ဂ)

တာပိုတွင် စုစုပေါင်း သုံးညနှင့် နှစ်ရက်နေပြီးနောက် ဌာနေ ဝယ်လင်တန် သို့ ပြန်ခဲ့လေသည်။
အတွေးစည်ကို မေးခွန်းပေါင်း များစွာ လာထုနေသည်။ ကိန်းဂဏန်းတွေ ပြေးနေသည်။ အင်းလေးကန်၏ နှစ်ဆ မျှရှိသော တာပိုကန်ကို လာတဲ့ ခရီးသွား ဧည့်သည် တစ်နှစ် ၂ သန်းတဲ့။

ဘုရား . . . ဘုရား မြန်မာ တစ်နိုင်ငံလုံးကို ၂၀၁၃ ခုနှစ်မှာ လာလည်ခဲ့တဲ့ ကမ္ဘာလှည့် ခရီးသွားဦး ရေပါလား။
အတွေးတွေက ချာချာလည် နေ သည်။ ဇာတိပုညကြိုးက လွှတ်မရ။ ခပ်တင်းတင်း ဆွဲတတ်လေ့ရှိသည်မို့ အမြဲ လိုလိုပင် တွယ်ရပါသော ထားဝယ် မြေကို ရောက်ရောက် သွားတတ်သည်။

ငါတို့မှာ ရေပူစမ်းလည်းရှိ၊ လေ ထီးဖြင့် မော်တော်ဘုတ် စီးလိုက စီးလို့ရတဲ့ ရေပြင်တွေလည်း ရှိ။ မြစ်ပြင် ယူမလား၊ ပင်လယ်ပြင်ယူမလား။ စင် ဒါမှမဟုတ် တံတားလေးထိုးပြီး ဘမ်းဂျီး ခုန်မယ်ဆိုလည်း အဲလို အမြင့်ကနေ ခုန်လို့ရမယ့် ရေပြင်လည်း မရှားလောက် ဘူး ထင်ပါရဲ့။

ဒါပေမဲ့ . . ။ အင်း . . .  ဒါပေမဲ့ ပေါ့လေ။

အဲသည် ဒါပေမဲ့တွေကပင် အား လုံးကိုဆုံးဖြတ်၊ အားလုံးကို ကွဲပြားအောင် လုပ်သွားတယ် ထင်ပါရဲ့လေ။