မျိုးဆက်သစ်များအတွက် နေရာ

0
473

မည်သည့် အဖွဲ့အစည်းမဆို ကြာရှည်နိုင်သမျှ ကြာရှည်အောင် တည်တံ့လိုကြသည်။ မပျက်သည့် အဟုန်ဖြင့် ခရီးဆက်လိုကြသည်။
သို့သော် အဖွဲ့အစည်းတိုင်းတွင် ၎င်းတို့၏ အဖွဲ့များ အဓွန့်ရှည်ရေး အတွက် စနစ်တကျ စီစဉ်ထားသည့် အစီအမံနှင့် ထည့်သွင်း စဉ်းစားထား သည့် နည်းနာများမရှိပေ။ တချို့ အဖွဲ့အစည်းများသည် ကာလတစ်ခုတွင် အရှိန်အဟုန်ဖြင့် အောင်မြင်လေ့ရှိပြီး ယင်းကာလ အလွန်တွင် လက်ဆင့် ကမ်း ဆက်ခံမည့် မျိုးဆက်သစ် မရှိသည့် ပြဿ       နာနှင့် ရင်ဆိုင်ကြရလေ့ ရှိသည်။


ယင်းသို့သော အဖွဲ့များကို လေ့လာသည့်အခါ တူညီသည့် အချက် တစ်ခုကို တွေ့သည်။ မျိုးဆက်သစ်များ အတွက် နေရာကို စနစ်တကျ မဖန်တီးခြင်း ဖြစ်သည်။
လူမှုရေး အဖွဲ့အစည်းများတွင် ဖြစ်စေ၊ ဘာသာရေး အဖွဲ့အစည်းများ တွင်ဖြစ်စေ နှစ်ပေါင်းများစွာ လုပ်ကိုင်လာသည့် လုပ်ငန်းနှင့် အသားကျ ပြီးဖြစ်သည့် လူကြီးများသာ ဦးဆောင် လုပ်ကိုင်ကြသည်။
တာဝန်လက်ဆင့်ကမ်းသည့် မျိုးဆက်သစ်များကို စနစ်တကျ တွဲခေါ်သည့် မူမရှိ။ စဉ်းစားမိပုံလည်း မရပေ။ အထူးသဖြင့် သာရေးနာရေး အဖွဲ့များ၊ ဘာသာရေး အဖွဲ့အစည်းများတွင် ယင်းပြဿ       နာကို ပိုတွေ့ရသည်။
လုပ်နိုင်စဉ်တွင် ပြဿနာ မရှိသော်လည်း ကာလတစ်ခုအရောက် မီးစာကုန်ဆီခန်းချိန်တွင် မိမိအဖွဲ့အစည်းအတွက် ပုခုံးပြောင်း တာဝန်ထမ်းဆောင် နိုင်မည့် သူမရှိ ဖြစ်ကာ အဖွဲ့အစည်းများ ယိုင်နဲ့တတ်ကြသည်။
ကျေးရွာ အပျိုလူပျို အသင်းတွင် ဖြစ်စေ၊ ဂေါပက အဖွဲ့တွင်ဖြစ်စေ၊ နာရေးအဖွဲ့တွင်ဖြစ်စေ စသဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖွဲ့စည်းထား သည့် အဖွဲ့များတွင် လူငယ်များအတွက် နေရာကို ဖန်တီးရန် မမေ့ဖို့လိုသည်။
ကိုယ်တိုင်လုပ်သည်ထက် အနည်းငယ် အတိမ်းအစောင်းရှိမည်၊ အနည်းငယ် စိတ်ရှည်ရမည်ဖြစ်သော်လည်း အတွေ့အကြုံကနေ သင်ယူနိုင်အောင် ပြုလုပ်ပေးခြင်းဖြင့် ကာလတစ်ခုအရောက်တွင် ပုခုံးပြောင်း တာဝန်အတွက် စိတ်ချရမည်ဖြစ်သည်။
အဖွဲ့အစည်းကို ဦးဆောင်သူများ၏ စိတ်မချမှု၊ မျိုးဆက်များအတွက် နေရာဖန်တီးရန် မေ့လျော့မှုသည် မိမိအဖွဲ့အစည်းကို မိမိကိုယ်တိုင် သတ်သကဲ့သို့ ဖြစ်နေသည်ကို သတိပြုမိရန် ပြောလိုရင်းဖြစ်သည်။