ရဲစခန်းမှ ဆင့်ခေါ်ထားသည့် ထားဝယ်ကျောင်းသားများမလာက အိမ်တွင် လိုက်ဖမ်းမည်ဟုဆို

0
712
ဖမ်းဆီးခံကျောင်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရေး ဆန္ဒပြမြင်ကွင်း/ ဓာတ်ပုံ - အောင်သူ

ထားဝယ်မြို့မ ရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသည့် ထား ဝယ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကျောင်းသား ၅ ဦးကို ရဲစခန်း တွင် လာရောက် စစ်ဆေးခံရန် ဆင့် ခေါ်ထားသည်ကို မလာရောက်ပါက အိမ်တွင် လိုက်လံ ဖမ်းဆီးမည်ဖြစ် ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။


မတ်လ ၂၇ ရက်နေ့က ထားဝယ် စည်ပင်သာယာဈေး တောင်ဘက်တွင် အဖမ်းဆီးခံ ကျောင်းသားကျောင်းသူများ ပြန်လည် လွတ်မြောက်ရေး ဆန္ဒထုတ် ဖော်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးကို မေလ ၆ ရက်နေ့က ထား ဝယ်မြို့မ ရဲစခန်းတွင် လာရောက် စစ်ဆေးခံရန် ဆင့်ခေါ်စာများဖြင့် ဆင့်ခေါ်ထားပြီး တစ်ပတ်အတွင်း မလာပါက အိမ်တိုင်ရာရောက် လိုက်လံ ဖမ်းဆီးမည်ဖြစ်ကြောင်း စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။

” လာမယ့် သုံးလေးရက်အတွင်း ဒါမှမဟုတ် တစ်ပတ်အတွင်း မလာရင် အိမ်မှာ လိုက်လံ ဖမ်းဆီးမယ် ” ဟု ၎င်း က ပြောသည်။
ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းသူ ကျောင်းသားများကို စစ်ဆေးရန် အတွက်သာ ဆင့်ခေါ်ခြင်း ဖြစ်ပြီး စစ်ဆေးပြီးပါက ခံဝန်ဖြင့် သို့မဟုတ် အာမခံဖြင့် ပြန်လည် လွှတ်ပေးမည်ဖြစ်ကြောင်း စခန်းမှူးက ပြောသည်။
” ကျွန်တော်တို့အနေနဲ့ ဘာအပြစ်မှ မလုပ်ထားတဲ့အတွက် ရဲစခန်းကို မသွားနိုင်ဘူး”ဟု ပုဒ်မ ၁၈ ဖြင့် အမှု ဖွင့်ခံထားရသည့် ကျောင်းသားတစ်ဦး ဖြစ်သူ ကိုသူရနိုင်က ပြောသည်။
ကျောင်းသား၊ ကျောင်းသူများအား ပေးပို့ထားသည့် ဆင့်ခေါ်စာ ၅ စောင်တွင် ၃ စောင်မှာ ရဲစခန်းသို့ သွားရောက်ရမည့် ရက်စွဲမပါရှိဟု ကျောင်းသား ကျောင်းသူများက ပြော သော်လည်း ရက်စွဲမပါရှိသည့် ဆင့်ခေါ် စာများမှာ ဧပြီလကုန်ပိုင်းက ပို့ထား သည့် စာများဖြစ်ကာ မေ ၆ ရက်နေ့က ပေးပို့ထားသည့် ဆင့်ခေါ်စာများတွင် လာရောက် တွေ့ဆုံရမည့် ရက်စွဲများ ပါရှိသည်ဟု စခန်းမှူးက တုံ့ပြန် ပြောဆိုသည်။
” ဘယ်သူမှ မသွားဘူးလို့တော့ ပြောထားတယ်။ လာဖမ်းရင်လည်း အခြေအနေအရ လှုပ်ရှားရမှာပဲ” ဟု အမှုဖွင့်ခံထားရသည့် ကျောင်းသား တစ်ဦးဖြစ်သူ ကိုသော်လွင်အောင်က ပြောသည်။
ရဲစခန်းကို မလာသည့် ကျောင်း သားများကို အိမ်တိုင် ရာရောက် ဖမ်းဆီးမည်ဖြစ်ပြီး ထွက်ပြေး တိမ်း ရှောင်ပါက တရားခံပြေး အဖြစ် အမှုဖွင့်ကာ ဖမ်းဝရမ်း ထုတ် မည်ဖြစ် ကြောင်း ဒုရဲမှူး မျိုးမြင့်ဦးက ပြော သည်။
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ထားဝယ် သပိတ်မှောက် ကျောင်းသားများသည် သပိတ် ဖြတ် သန်းရာ မြို့နယ် ၇ ခုတွင်လည်း အမှုဖွင့်ခံထားရသည်။
ထို့အပြင့် ထားဝယ်မြို့ ဆန်းချီ လယ်ယာမြေ ပြဿနာနှင့် ဆက်စပ်ပြီး လည်း အမှုဖွင့်ခံထားရသည်။