ဆီအုန်းတောများရဲ့ ရာဇဝင်

0
864

” တနင်္သာရီတိုင်းသည် မြန်မာ နိုင်ငံ၏ ဆီအိုးကြီးဖြစ်ရမည် ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေကို မြန်မာနိုင်ငံတောင် ဘက် အစွန်းပိုင်း ဒေသတွေမှာ ဟိုနား တစ်ခါ၊ ဒီနားတစ်ချက် တွေ့ရှိရတယ်။

ဆိုင်းဘုတ် အများစုကတော့ ဆေးရောင်တွေပြယ်၊ ဆေးသားတွေ ကွာနေပါပြီ။ ဆိုင်းဘုတ် တချို့ကတော့ ဗွီနိုင်းစာသား အသစ်တွေ ဖြစ်တာ လည်း တွေ့ရသလို နောက်ဆုံးပေါ်လာတဲ့ မိုးကျရွှေကိုယ်ကြီးတွေ ပိုင်ဆိုင်တယ်လို့ သိရတယ်။
” ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါး တောင်လိုပုံ ” လို့ ဆိုရိုးရှိတဲ့ မြန်မာ နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော် လောက်က စပြီး ဆီကို နိုင်ငံခြားက ဝယ်ခဲ့ရတယ်။ တစ်နှစ်ကို ဒေါ်လာ သန်းချီ ဝယ်ခဲ့ရတယ်။ နိုင်ငံခြားက တင်သွင်းတဲ့ဆီကို စားအုန်းဆီလို့ ခေါ်တယ်။ ငယ်ငယ်တုန်းက ပြည်သူ့ ဆိုင်မှာ စားအုန်းဆီ တစ်ပိဿာရဖို့ တန်း စီခဲ့ရတာတွေ၊ ဝန်ထမ်း ဖြစ်တော့ အစိုးရပေးတဲ့ စားအုန်းဆီကို ပြန်ရောင်း ခဲ့ရတာတွေ ရှိတယ်။si-ow
လွန်ခဲ့တဲ့ ၁၈ နှစ်လောက်ကစပြီး စစ်တပ် အစိုးရက စားနပ် ရိက္ခာဖူလုံရေး၊ နိုင်ငံခြားငွေ ခြိုးခြံချွေတာရေး၊ နိုင်ငံ ဖွံ့ဖြိုးရေးစတဲ့ ခေါင်းစဉ်တွေနဲ့   မြန်မာ နိုင်ငံ တောင်ဘက်ပိုင်း တနင်္သာရီတိုင်း (ယခု တနင်္သာရီတိုင်းဒေသကြီး)အ တွင်း ဆီအုန်း စီမံကိန်းကြီးကို စတင် အကောင်အထည် ဖော်ခဲ့တယ်။ ခေါင်းစဉ် ကတော့ အထက်မှာ ပြောခဲ့သလိုပဲ ” တနင်္သာရီတိုင်းသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဖြစ်ရမည်” ဆိုတာပါ။
ဒီလို အကောင်အထည်ဖော်တဲ့ အချိန်မှာ စစ်အစိုးရ အုပ်ချုပ်နေတာရယ်၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတာရယ်၊ သတင်း မီဒီယာတွေ မရှိသေးတာ တွေရယ်ကြောင့် ဆီအုန်း စီမံကိန်းကြီး အကြောင်းကို လူတော်တော် များများက စိတ်မဝင်စားခဲ့ပါဘူး။ မြေယာသိမ်း ဆည်းမှုတွေ၊ လူ့အခွင့်အရေးချိုး ဖောက်မှု တွေ ကြားသိကြပေမယ့် ဖော်ထုတ်ခွင့် မရခဲ့ကြဘူး။ အစိုးရ သတင်းဌာနများမှာ ဖော်ပြတဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေပဲ ကြားခဲ့၊ မြင်ခဲ့ရတယ်။
၂၀၁၁ ခုနှစ် အစိုးရသစ် တက်လာ တဲ့ နောက်ပိုင်း အရပ်ဘက် လူ့အဖွဲ့ အစည်းတွေရဲ့ လှုပ်ရှားမှုတွေအား ကောင်းလာတယ်။ တွေ့ဆုံဆွေး နွေးမှုတွေ၊ သတင်း အချက်အလက် ဖြန့်ဝေမှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ကွန်ရက်တွေ ဖွဲ့ပြီး ပြည်သူအတွက် ဆောင်ရွက်လာကြတယ်။ ဒီလို တွေ့ဆုံ ကြတဲ့အခါ မြန်မာနိုင်ငံမှာ အကြီးဆုံး ပြဿနာက မြေသိမ်းဆည်းမှု ဖြစ်တယ် ဆိုတာ သိလာရတယ်။
အစည်းအဝေးတွေ လုပ်တိုင်း တိုင်းနဲ့ ပြည်နယ် အသီးသီးက လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့တယ်။ သူတို့ ဒေသတွေမှာ အစိုးရနဲ့ ကုမ္ပဏီတွေက သိမ်းထားတဲ့ မြေဧက ဘယ်နှစ်ထောင်၊ ဘယ်နှသောင်း၊ ဘယ်နှစ်သိန်းရှိတယ် ဆွေး နွေးကြတယ်။ ဒီအခါ ကျွန်တော် ကလည်း အားကျမခံ ဂုဏ်ယူစွာနဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ ၁၉၉၉ ခုနှစ်လောက်ကစပြီး ဆီအုန်းစိုက်ဖို့ မြေတွေသိမ်းခဲ့တာ ဧက ၁၈သိန်း ကျော် တယ်။ ရာဘာအတွက် မပါသေးဘူး။ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ မြို့ပြတိုးချဲ့ မှုတွေ မပါသေးဘူးလို့ ပြန် ဆွေးနွေးတတ် တယ်။
ဆီအုန်း စီမံကိန်းကြီးကို စိတ်ဝင် စားလို့ လေ့လာကြည့် ဖြစ်တယ်။ ဆီအုန်းပင်ဆိုတာ ဒေသမျိုးရင်း မဟုတ် ပါဘူး။ အင်္ဂလိပ် အုပ်ချုပ်တဲ့အချိန် ၁၉၂၁ ခုနစ်မှာ လယ်ယာ စိုက်ပျိုးရေး ဌာနကနေ မုဒုံ၊ မှော်ဘီ၊ မြောင်းမြ၊ စစ်တွေ၊ ဗဟို စိုက်ပျိုးရေး ဥယျာဉ်တွေမှာ စတင် စမ်းသပ် စိုက်ပျိုးခဲ့တယ်။ ၁၉၂၆ ခုနှစ်မှာ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဧကနိ ကျေးရွာမှာ မစ္စတာရမ်ရမ် ဆေးဆိုတဲ့ ပုဂ္ဂိုလ်က ဧက ၃၀၀ စီးပွား ဖြစ်စိုက် ခဲ့ပြီး စင်္ကာပူကို တင်ပို့တယ်လို့ သိရတယ်။
ထားဝယ်သားတွေ ဂုဏ်ယူစရာပေါ့။

၁၉၆၀ခုနှစ်မှာ မလေးရှား၊ နိုင်ဂျီးရီယားကနေ ဆီအုန်းမျိုးစေ့ ၂၅၀၀ ရလို့ မြေယာနှင့် ကျေးလက် စိုက်ပျိုး ရေး ကော်ပိုရေးရှင်းက မြိတ်မြို့နယ် ဘုတ်ခြံမှာ စိုက်ပျိုးခဲ့တယ်။ လယ်ယာ စိုက်ပျိုးရေး ကော်ပိုရေးရှင်း လက်ထက် မှာ ရေဖြူမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ကော့သောင်း မြို့နယ်တွေမှာ တိုးချဲ့ စိုက်တယ်။ ၁၉၇၂ ခုနှစ်မှာ ထားဝယ် ခရိုင် ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာမှာ စီးပွားဖြစ် စိုက်ပျိုးခဲ့တယ်။အခုတော့ ဆီအုန်းတောက ရေနက် ဆိပ်ကမ်း စီမံကိန်း နယ်မြေ ထဲပါနေလို့ ဆီအုန်းပင်တွေ ခုတ်လှဲ၊ မီးရှို့နေတယ်။ အစိုးရပိုင်ဆိုတာ ပြည်သူပိုင်ပါ။ လျော်ကြေး ဘယ်လောက်ရတယ်လို့ မသိရပါဘူး။
၁၉၇၉ ခုနှစ်မှာ စက်မှု (၁) ဝန် ကြီး ဌာနက ထားဝယ်ခရိုင် လောင်းလုံး မြို့နယ်မှာ ဧက ၁၆၀၀ စိုက်၊ ဆီကြမ်း ကြိတ်ပြီး ရန်ကုန် ပို့တယ်။ ၂၀၁၄မှာ ဒီဆီအုန်း ခြံလည်း တရုတ်၊ ဦးပိုင်နဲ့ ထူးပေါင်းထားတဲ့ ရေနံချက် စက်ရုံ စီမံကိန်း နယ်မြေထဲပါလို့ လျော်ကြေး ယူပြီး လက်လွှဲ ထားတယ်လို့ သိရ တယ်။ ၁၉၈၇ ခုနှစ် အရောက်မှာ တစ်နိုင်ငံလုံး ဆီအုန်းစိုက်ဧက (၁၈၄၀၀) ရှိခဲ့ပြီး တနင်္သာရီတိုင်း တစ်ခုတည်းမှာ ဧက (၁၇၀၀၀) ရှိခဲ့တယ်။
မြန်မာနိုင်ငံအတွက် ဆန်က ပထမ ဦးစားပေး ဖြစ်ပြီး ဆီက ဒုတိယ ဖြစ် တယ်။ ဆီထွက် သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ကြက်ဆူ၊ ဆီ၊ သရက်တွေ စိုက်ပျိုးခဲ့တယ်။ ကြက်ဆူ ဇာတ်လမ်း ကိုတော့ နောက်ပိုင်း ပြောပါမယ်။ စစ်အစိုးရ လက်ထက်မှာ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနက စပါးပိုလျှံ ရမယ်၊ စားသုံးဆီ ဖူလုံရမည်၊ ပြည်ပ ပို့ကုန် ပဲမျိုးစုံနဲ့ စက်မှုကုန်ကြမ်း သီးနှံများတိုးတက် စိုက်ပျိုး ထုတ်လုပ်နိုင်ရမယ်လို့ လုပ်ပါ တယ်။
ဆီအုန်းပင်က မုတ်သုံရာသီ ဥတု ကို ကြိုက်တယ်။ တနင်္သာရီနဲ့ မွန်မှာ ဖြစ်ထွန်း နိုင်တယ်။ ဒါကြောင့် စားသုံး ဆီ ဖူလုံရေးအတွက် တနင်္သာရီတိုင်းက ဆီအုန်းစိုက်ပျိုးရန် အကောင်းဆုံးလို့ သတ်မှတ်တော်မူ ခဲ့တယ်။ စစ်အစိုးရ ခေါင်းဆောင်တွေဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး တင်ဦး၊ တိုင်းမှူး ဗိုလ်ချုပ် စစ်မောင်တို့ ဦးဆောင်တာကို အဲဒီ ခေတ် သတင်းစာ တွေက ပြောနေတယ်။

၁၉၉၉ ခုနှစ်မှာ ဆီအုန်းဧက ၅၀၀၀၀၀ (ငါးသိန်း) တိုးချဲ့ စိုက်ပျိုးဖို့ စီမံကိန်း စတင်တယ်။ တိုင်းရင်းသား ပုဂ္ဂလိက လုပ်ငန်းရှင်လို့ ဆိုတဲ့ ကုမ္ပဏီ ကြီးတွေကို မြေတွေ ပေးခဲ့တယ်။ ဒီမြေတွေကို မြေလွတ်မြေရိုင်းတွေလို့ ဆိုတယ်။ ကျွန်တော်မှာရှိတဲ့ စာရင်းအရ ထားဝယ်ခရိုင်မှာ ဦးပိုင်၊ စက်မှု(၁)နဲ့ ကုမ္ပဏီ(၅)ခုက ဧက ၃၂၈၅၄ လုပ်ကိုင် ခွင့် ရပြီး ဧက ၂ သောင်းနီးပါး (၁၉၇၉၀ ဧက) စိုက်ထားတယ်။ မြိတ်ခရိုင်မှာ ကုမ္ပဏီ (၂၃) ခုက ဧက ၄ သိန်းကျော် (၄၀၈၂၂၁ ဧက) လုပ် ကိုင် ခွင့်ရပြီး ဧက ၄ သောင်းနီးပါး (၃၈၄၃၀ ဧက) စိုက်တယ်။ ကော့သောင်း ခရိုင်မှာ ကုမ္ပဏီ ၂၃ခုက ဧက ၁၄ သိန်းကျော် (၁၄၅၅၈၉၅ ဧက) လုပ် ကိုင်ခွင့်ရပြီး ဧက ၂ သိန်းခွဲကျော် ( ၂၆၉၂၀၀ ဧက) စိုက်ထားတယ်။ ဒီစာရင်းက ၂၀၁၃ ခုနှစ်မှာ တွေ့ရတာပါ။
၂၀၁၄ ခုနှစ် ဇွန်လမှာ ဦးဇော်ဝင်း၊ ညွှန်ကြားရေးမှူး၊ စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနရဲ့ စသတနမစသငညအ ကို လေ့လာရတယ်။ ဒီစာရင်းအရ ထားဝယ် ခရိုင်မှာ ကုမ္ပဏီ ၅ခုရှိပြီး ခွင့်ပြုဧက ၁ သောင်းခွဲကျော် (၁၇၇၇၇ ဧက) ရှိပြီး စိုက်ပျိုးထား တဲ့ဧက ၁၇၀၀၁ ဖြစ်တယ်။ မြိတ်ခရိုင်မှာ ကုမ္ပဏီ ၁၉ခုရှိပြီး ခွင့်ပြု ဧက ၂သိန်းကျော် (၂၃၃၆၉၅ ဧက) ရှိပြီး စိုက်ပြီးဧက ၄ သောင်းကျော် (၄၀၈၁၀ ဧက) ရှိတယ်။ ကော့သောင်းခရိုင်မှာ ကုမ္ပဏီ ၂၀ရှိပြီး ခွင့်ပြုဧက ၇ သိန်းကျော် (၇၄၁၄၃၀ ဧက) ရှိပြီး စိုက်ထားတဲ့ဧက ၂ သိန်းကျော် ( ၂၇၄၆၁၃ ဧက) ရှိတယ်။ စုစုပေါင်း ၁၀ သိန်းဝန်းကျင် (၉၉၂၉၂၀ ဧက) ရှိပြီး ၃ သိန်းကျော် (၃၃၂၄၅၄ ဧက) သာ စိုက်ပျိုးထားတယ်။ ၃၀ ရာခိုင်နှုန်းလောက်သာ စိုက်ပျိုး ထားတယ်။ ကျန် ဧက ၆ သိန်းကျော် အတွက် ဘယ်လို လုပ်မလဲ။

၂၀၁၅ခု လွတ်လပ်ရေးနေ့ ပြခန်း တွေကို ရွှေဝယ်သီရိကွင်းမှာ တွေ့ရ တယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြခန်းမှာ ဆီအုန်း စီမံကိန်းအကြောင်းပြတယ်။ ဒီစာရင်းအရ ထားဝယ်ခရိုင်မှာ ကုမ္ပဏီ ၅ခု၊ မြိတ်ခရိုင်မှာ ကုမ္ပဏီ ၁၈ခု၊ ကော့သောင်းခရိုင်မှာ ကုမ္ပဏီ ၁၇ခုဆိုပြီး တွေ့ရ ပြန်တယ်။

မြန်မာနိုင်ငံရဲ့ စာရင်း ဇယားတွေ ဟာ ဒီလိုရှိတတ်တယ်။
ဦးဇော်ဝင်းရဲ့ Powerpoint မှာပဲ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုထားတဲ့ နိုင်ငံခြားကုမ္ပဏီ ၄ခုကို တွေ့ရတယ်။Auto industrial Group Company က ၁၀၀ ရာခိုင်နှုန်း တိုက်ရိုက် မြှုပ်နှံ ထားတယ်။ မလေး ရှားက Prestige Platform Sdn Bhd က Myanmar Royal Prestige Plantation Co.,Ltd အဖြစ် မြန်မာ နိုင်ငံသားပိုင် Royal Golden Pearl Industry နဲ့ ပေါင်းတယ်။ မလေးရှားကပဲ Prestige Platform Sdn Bhd u Myanmar Stark Prestige Plantation Co., Ltd အဖြစ် မြန်မာနိုင်ငံသားပိုင် Stark Industies Co.,Ltd နဲ့ ပေါင်းတယ်။ ထိုင်းက Srisuban International Limit u Srisuban Myanmar Co.,Ltd အဖြစ် မြန်မာနိုင်ငံသားပိုင် MCGRO Inter -national Co.,Ltd နဲ့ပေါင်းတယ်။ ဒီနိုင်ငံခြား ကုမ္ပဏီတွေက မြေဝင်သိမ်း လို့ ဒေသခံတွေ ကန့်ကွက်စာ တွေ ပို့ပါတယ်။ ဒီအတွက် အစိုးရ အုပ်ချုပ် ရေးပိုင်းနဲ့ KNU တို့ အပြန်အလှန် ပြောဆိုနေတာလည်း ကြားရတယ်။

ဆီအုန်းစီမံကိန်းကြီးကြောင့် ကုမ္ပဏီ တွေ မြေပိုင်သွားတယ်။ သစ်တွေ ထုတ်ရောင်းကြတယ်။ ကားပါမစ်တွေ ရတယ်။ ချေးငွေတွေ ရတယ်။
ဒေသခံ ပြည်သူတွေကတော့ မြေတွေ ဆုံးရှုံးသွားတယ်။ လက်ရှိကနေ လက်မဲ့ ဖြစ်သွားတယ်။ အတင်း အဓမ္မ ပြောင်းရွှေ့ခံရတယ်။ တရားမဝင် အလုပ်သမားတွေအဖြစ် ထိုင်းနဲ့ မလေး ရောက်သွားတယ်။ နိုင်ငံ အတွင်း ပြောင်းရွှေ့ လုပ်သားတွေ အဖြစ်လည်း ဘ၀ပျက်သွားတယ်။ ပညာရေး၊ ကျန်းမာရေး ဆုံးရှုံးသွားတယ်။ လူ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ များစွာရှိတယ်။ သစ်တောကြီးတွေ ပျောက်ကွယ် သွားတယ်။ ရေချောင်းလေးတွေ ခမ်းခြောက်သွားတယ်။
ဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ် အောက် က ကြေမွပျက်စီးသွားတဲ့ ဘ၀တွေ များစွာ ရှိတယ်။

နောက်ထပ် ထပ်ရေးပါဦးမယ်။