ရွှေထည်နှင့် ငွေသားသိန်းဆယ်ချီပါ လက်ကိုင်အိတ် ခိုးယူသူများကို ဖမ်းမိ

0
506

ကော့သောင်းမြို့နယ်၊ အဏ္ဏဝါ ရပ်ကွက် ဈေးကြီးအတွင်းရှိ အထည် ဆိုင် တစ်ဆိုင်မှ ကျပ်သိန်း ၆၀ ကျော်နှင့် ရွှေထည်ပစ္စည်းပါ လက်ကိုင် အိတ်ခိုး ယူထွက်ပြေးသွားသည့် အမျိုး သမီးနှစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှ နေ့ ချင်း ဖမ်းမိခဲ့သည်ဟု ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၇ ရက်နေ့ နံနက် ၉ နာရီ ခန့်အချိန်တွင် အထည် ဆိုင်အတွင်း အဝတ်အစား လာဝယ်သည့် ဈေးဝယ်သူ အမျိုးသမီး နှစ်ဦးသည် ကောင်တာ စားပွဲပေါ် တင်ထားသည့် ဆိုင်ရှင် အမျိုးသမီး လက်ကိုင်အိတ်အား ခိုးယူ ထွက်ပြေး သွားခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းမှ သိရသည်။
” ဝယ်သူ လာတယ်ဆိုတော့ အ ထည်တွေ ပြပေးတယ်။ ဈေး ပြောပြ တယ်၊ နောက် ဘာမှ မဝယ်ဘဲ နှစ် ယောက်စလုံး ပြန်ထွက် သွားတယ်။ သူတို့ ထွက်သွားပြီး ကောင်တာ စားပွဲပေါ် ကြည့်လိုက်တော့ လက်ကိုင် အိတ်မရှိတော့ဘူး ” ဟု အထည်ဆိုင် ပိုင်ရှင် နော်အေးအေးသန်းက ဆိုသည်။
အထည်ဆိုင်ပိုင်ရှင် တိုင်တန်းချက်အရ ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ဆေးကာ ခိုးမှုကျော်ဇော သတင်းရှိသူများအား စစ်ဆေးပြီး နောက် ၎င်းတို့ မျက်နှာပုံသဏ္ဍာန်တို့ကို ပြကာ သိရှိက အကြောင်းကြားပေးရန် ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်ဟု ကော့သောင်း မြို့မရဲစခန်း စခန်းမှူးမှ ပြောသည်။
ထို့နောက် ညဘက်တွင် မြို့အဝင် ကားများ အား တားဆီးစစ်ဆေးခဲ့ရာ ငွေကြေးနှင့် ရွှေထည် ပစ္စည်းများ ခိုးယူထွက်ပြေးသွားသူ အမျိုးသမီး နှစ်ဦးကို ရွှေသာရီအဝေးပြေးယာဉ်ပေါ်တွင် ဖမ်းမိ ခဲ့သည်ဟု စခန်းမှူး ရဲအုပ်အေးကြိုင်က ရှင်းပြသည်။
အဆိုပါ အမျိုးသမီး နှစ်ဦးထံမှ ပျောက်ဆုံး ပစ္စည်း တချို့နှင့် ငွေသားတချို့ သိမ်းဆည်းရမိခဲ့ပြီး ကျန်ရှိနေသေးသည့် ငွေကြေးများ အား စစ်ဆေးကာ ဥပဒေအရ ဆောင်ရွက်နေကြောင်း သိရသည်။